မန္တလေး-မုံရွာ လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် စစ်ကောင်စီကား ၄ စီး တိုက်ခိုက်ခံရ
မန္တလေး-မုံရွာ လမ်းမကြီးအတိုင်း မုံရွာမြို့သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီပွိုင့်ကား သုံးစီးနှင့် အိမ်စီးကားတစ်စီးကို မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် (T.G.R) တပ်ဖွဲ့မှ ဗိုလ်တိုက်ဂါးက ပြောသည်။
ဇွန်လ ၂၇ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ဘိုးမင်းကြီးကင်းရွာနှင့် ဂွေးပင်တောရွာကြားတွင် တစ်ကြိမ်၊ ငါးယှဥ်ရွာနှင့် ချောင်းဦးကြားတွင် တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
” ခွေးကား (စစ်ကောင်စီတပ်၏ ကား) သုံးစီးနဲ့ အကောင်ကြီးကြီးပါတဲ့ ကားတစ်စီးပါတယ်။ သတင်းရလို့ အညာထန်းသီး ( လက်လုပ် ပဒေ သာမိုင်း) သုံးလုံးဆွဲလိုက်တယ်။ နှစ်ပွိုင့်(နှစ်နေရာ) ဆွဲလိုက်တာပေါ့။ အကောင်ကြီးကြီး နှစ်ကောင်သေတယ်။ ကျန်တာ ငါးယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ် ” ဟု ဗိုလ်တိုက်ဂါးက ဆက်လက်ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ဗိုလ်အဆင့်ရှိသူ နှစ်ဦးသေဆုံးခဲ့ပြီး အခြားအဆင့်ရှိသူ ငါးယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း T.G.R အဖွဲ့၏ စာရင်းတွင်ဖော်ပြသည်။
ယင်းလုပ်ဆောင်မှုကို မြောင်မြို့နယ် (T.G.R) ပြည်သူ့ကာကွယ်ရေးတပ်၊ Chaung U Local Defence Force (CHU LDF)၊ ဗိုလ်နေတိုး အထူးပြောက်ကျားအဖွဲ့ (B.N.T)၊ Saw Bwar Gyi (MPDF) MYAUNG၊ ဗိုလ်တောက်ထွန်း (MBTT)၊ 11Brothers အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။ mizzima