Monthly Archives: Feb 2021

စစ်ကောင်စီက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်တိုး တရားစွဲဆို

စစ်ကောင်စီက ပထမဆုံး သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဒီနေ့မှာပဲ ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို video conferencingနဲ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ် ။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ၈ ၊ သဘာဝဘေးအန္တရာယ်စီမံမှုဥပဒေ ပုဒ်မ ၂၅ ၊သမ္မတဦးဝင်းမြင့်ကိုတော့ သဘာဝဘေးအန္တရာယ် စီမံမှု ပုဒ်မ ၂၅ တို့ နဲ့ ဒီနေ့ တရားစွဲတင်ခဲ့ပါတယ် ။

မူလက အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ သာ တရားစွဲဆိုထားရာကနေ သဘာဝဘေးအန္တရာယ်စီမံမှု ဥပဒေပုဒ်မ ၂၅ ကို ထပ်မံ တိုးပြီး တရားစွဲခဲ့တာပါ။

ဒုတိယအကြိမ်ရုံးထုတ်ကိုတော့ မတ်လ ၁ ရက်နေ့မှာ ဆောင်ရွက်သွားမှာပါ။ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၈) ဟာ အများဆုံး ထောင်ဒဏ် သုံးနှစ် ဒါမှမဟုတ် ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။သမ္မတ ဦးဝင်းမြင့်ကို စွဲထားတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဟာ အများဆုံး ထောင်ဒဏ် သုံးနှစ်နဲ့ ငွေဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။ RFA

မိုး​ကောင်းမြို့ စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြပွဲ ပိုမိုအင်အားကောင်းလာ

ကချင်ပြည်နယ် မိုး​ကောင်းမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြပွဲတွေကို အရှိန်အဟုန်နဲ့ ဆက်လက်ပြုလုပ်​နေရာမှာ ဒေသခံတိုင်းရင်းသား ပြည်သူတွေ၊ ဌာနဆိုင်ရာ၀န်ထမ်းတွေ ပါ၀င်ကြပြီး ဆန္ဒပြ လူဦး​ရေ အင်အား တနေ့တခြား ပိုများလာတာ​တွေ့ရပါတယ်။

စစ်အုပ်ချုပ်​ရေးတာ၀န်ရှိသူတွေက​တော့ ဆန္ဒမပြဖို့၊ လမ်း​ပေါ်မထွက်ဖို့၊ အမိန့်​ ကြေညာချက်တွေ ထုတ်ပြန်ထား​ပေမယ့် ပြည်သူလူထုက​တော့ ဆက်လက်ဆန္ဒပြ​နေပါတယ်။ CDM ပါ၀င်တဲ့ဌာနဆိုင်ရာ၀န်ထန်းတွေကိုလည်း ပရဟိတအဖွဲ့အစည်းတွေ၊ ​စေတနာရှင်တွေက ပူး​ပေါင်း​ထောက်ပံ့ကူညီနေပါတယ်။ DVB

“မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အကူအညီ” စီမံကိန်ကို ခေတ္တဆိုင်းငံ့လိုက်ကြောင်း ဥရောပသမဂ္ဂ(EU)ထုတ်ပြန်

ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အား ကူညီပံ့ပိုးမှုနှင့်စပ်လျဥ်း၍ သတင်းမီဒီယာများပေါ်တွင်ဖေါ်ပြသော လွဲမှားသည့်သတင်း အချက်အလက်နှင့်ပတ်သက်ပြီး အောက်ဖေါ် ပြပါ အချက်အလက်များကို ဥရောပသမဂ္ဂမှ ရှင်းလင်းပြောကြားလိုပါသည်။

ဥရောပသမဂ္ဂမှ ငွေကြေးထောက်ပံ့မှုပြု‌ပေးသည့် “ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အကူအညီ” စီမံကိန်းသည် အစိုးရနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ တိုက်ရိုက်‌တောင်းဆိုခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည့် စီမံကိန်းဖြစ်ပါသည်။အရပ်သားအစိုးရမှ အဆိုပါ စီမံကိန်းအား တောင်းဆိုသည့်ရည်ရွယ်ချက်မှာ နိုင်ငံတကာစံနှုန်းများနှင့်အညီဆောင်ရွက်ပြီး လူ့အခွင့်အရေးအား လေးစားအလေးထားသည့် ရဲတပ်ဖွဲ့သည် အထူးသဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရာတွင် အရေးကြီးသည့် အချက်တစ်ခုဖြစ်သည်ကို နားလည်ထားသည်။

ထို့ကြောင့် ဥရောပသမဂ္ဂမှ အထောက်ကူပေးသည့်အရာများမှာ နိုင်ငံတကာ စံနှုန်းများနှင့်အညီ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် သင်တန်းပေးခြင်းဖြစ်ပြီး မည်သည့် လက်နက်ပစ္စည်းကိရိယာများအား ကူညီပံ့ပိုးမှုမပြုခဲ့ပါ။ထို့အပြင် အဆိုပါစီမံကိန်းသည် ပြည်သူလူထုနှင့် ရဲတပ်ဖွဲ့အကြား ပိုမိုကောင်းမွန်သည့် ယုံကြည်မှုတည်ဆောက်ရန်အတွက် လွတ်တော်၊ အရပ်ဘက်အဖွဲ့အစည်း၊ သတင်းမီဒီယာ၊ ‌ဒေသခံလူထုများနှင့်လည်း တိုက်ရိုက် အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံရှိ ပြည်သူလူထု အကျိုးအလို့ငှာ ထိုသို့အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ခြင်းကြောင့် အရပ်ဘက်အစိုးရမှ အသိအမှတ်ပြု ချီးမွမ်းခြင်းခံခဲ့ရသည်။ MYPOL မှသင်တန်းရရှိခဲ့သော ရဲအရာရှိအများစုသည် စိတ်နေသဘောထား ပြောင်းလဲလာကာ အများပြည်သူအတွက် အာရုံစိုက်ကာ တာ၀န်ထမ်းဆောင်လာသည်ကို တွေ့ရှိရပါသည်။ တရားဥပဒေစိုးမိုးရေးအား အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် လူ့အခွင့်အရေးအား လေးစားအလေးထားလိုက်နာကာ နိုင်ငံတကာစံနှုန်းများနှင့် အညီဆောင်ရွက်မည့် ကောင်းမွန်စွာ လေ့ကျင့်ထားသည့် ရဲတပ်ဖွဲ့ သည် မရှိမဖြစ်လိုအပ်သည့် အရေးကြီးသည့် အချက်တစ်ချက်ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖေါ်၀ါရီလ ၁ ရက်နေ့တွင် စစ်တပ်မှ အစိုးရအားထိမ်းသိမ်းကာ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးအား နှောင့်ယှက်ဟန့်တားသည့် ဖြစ်စဥ်နှင့်စပ်လျင်းပြီး လက်ရှိဖြစ်ပေါ်နေသော အခြေအနေတစ်ရပ်အပေါ်တွင် အဆိုပါစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန်နှင့် ရည်မှန်းထားသည့် ရလဒ်များ ရရှိနိုင်သော အခြေအနေမရှိတော့သည့်အကြောင်းကို ဥရောပသမဂ္ဂမှ မှတ်ယူပါသည်။ ထို့ကြောင့် အဆိုပါ စီမံကိန်းအား ခေတ္တဆိုင်းငံ့ထားလိုက်ပါသည်။ People Media

« Older Entries