Monthly Archives: Mar 2021

ဖွံ့ဖြိုးရေးအကူအညီပေးရန် အာဏာသိမ်းစစ်ကောင်စီ၏ တောင်းဆိုမှု ဂျပန်အစိုးရ ငြင်းဆန်

မြန်မာပြည်ရဲ့ အခြေခံအဆောက်အဉီ ဖွံ့ဖြိုးတိုးတက်ရေးကို အကူအညီအထောက်အပံ့ပေးဖို့ အာဏာသိမ်းစစ်ကောင်စီရဲ့ တောင်းဆိုမှုကို ဂျပန်အစိုးရက ငြင်းဆန်ခဲ့တယ်လို့ မတ်လ ၃၀ ရက်က ပြုလုပ်ခဲ့တဲ့ ဂျပန်အောက်လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေးနဲ့ ကာကွယ်ရေးကော်မတီအစည်းအဝေးမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

DVB TV News

နေပြည်တော် NLD အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်

မတ်လ ၁၅ ရက်နေ့က နေအိမ်ကနေ ဖမ်းဆီးသွားတဲ့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ကျော် (ခေါ်) အဂ္ဂမိုးညိုကို အာဏာသိမ်း စစ်ကောင်စီက စစ်ကြောရေးစခန်းမှာ ဖမ်ဆီးနှိပ်စက်ခဲ့တဲ့အတွက် မတ်လ ၃၀ ရက်နေ့မှာ သေဆုံးသွားကြောင်း မိသားစုနဲ့ နီးစပ်သူတွေက အွန်လိုင်းဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားဖော်ပြကြပါတယ်။

Mal Chaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ “နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ဂုဏ်မင်းအင်းရွာမှာ နေထိုင်တဲ့ ဦးကျော်ကျော် (ခေါ်) အဂ္ဂမိုးညို ဟာ မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခံရပြီး၊ မတ်လ ၃၀ ရက်နေ့မှာတော့ စစ်ကောင်စီက သူတို့ သင်္ဂြိုလ်မယ်ဆိုပြီး မိသားစုကို အလောင်းလာကြည့်ခိုင်းတယ်၊ ဒီကနေ့ မတ်လ ၃၁ ရက် မနက်မှာ မိသားစုက ရုပ်အလောင်းကို သွားရောက်ကြည့်ရှုပြီးနောက် နေအိမ်မှာ သက်ပျောက်ဆွမ်း ကပ်ခဲတယ်” လို့ ဖော်ပြထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ကနေ အနိုင်ရခဲ့တဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဟောင်း ကိုဖြိုးဇေယျာသော် ကလည်း “မတ်လ ၁၅ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီရဲ့ မတရား ဖမ်းဆီးခံခဲ့ရတဲ့၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အလုပ်အမှုဆောင် ဦးကျော်ကျော်ဟာ နေပြည်တော် စစ်ကြောရေးစခန်းမှာ အကြမ်းဖက်အုပ်စုရဲ့ လက်ချက်နဲ့ ကျဆုံးသွားကြောင်း” သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဦးကျော်ကျော်ဟာ စစ်ကောင်စီက အသက်ရှင်လျက် ဖမ်းဆီးသွားပြီး၊ ရုပ်အလောင်းသာ ပြန်ပေးခဲ့တဲ့ တတိယမြောက် သတ်ဖြတ်ခံရသူ NLD အဖွဲ့ဝင် ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေးအဖွဲ့ဝင် ဦးခင်မောင်လတ်နဲ့ ရွေပြည်သာက NLD အဖွဲ့ဝင် “စုအသက်မွေးဝမ်းကျောင်းသိပ္ပံ” တာဝန်ခံ ဦးဇော်မြတ်လင်း တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ပြီး နောက်တစ်ရက်မှာ မိသားစုထံ ရုပ်အလောင်းကိုသာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

RFA Burmese 

ရေဦးမြို့က ညသပိတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ မတ် ၃၁ ရက်နေ့၊ ဒီည ပြုလုပ်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ် မြင်ကွင်း ဖြစ်ပါတယ်။

RFA Burmese

အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ နှိမ်နင်းတိုက်ခိုက်မှုကြောင့် ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးအတွင်း ပြည်သူ အယောက် (၅၅၀) အသက်ဆုံးရှုံးခဲ့ရ

မြန်မာနိုင်ငံသည် အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ လက်အောက်သို့ ကျရောက်ခဲ့ရသည်မှာ (၅၈) ရက်ကြာမြင့်ခဲ့ပြီဖြစ်သည်။အာဏာစတင်သိမ်းယူသော ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ မတ်လ (၂၉) ရက်နေ့ ည ၉ နာရီ အထိ စုစည်းရရှိသော အချက်အလက်များအရ အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ နှိမ်နင်းတိုက်ခိုက်မှုကြောင့်ပြည်သူအယောက် (၅၅၀) အသက်ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

အသက်ဆုံးရှုံးခဲ့ရသော ပြည်သူများအနက် အသက်အငယ်ဆုံးမှာ (၇) နှစ်ဖြစ်ပြီး အသက်အကြီးဆုံးမှာ (၇၈) နှစ်ဖြစ်သည်။ အသက်ဆုံးရှုံးမှုအများဆုံးဖြစ်သော အသက်အပိုင်းအခြားမှာ အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်းဖြစ်သည်။ အသက်ဆုံးရှုံးမှုအများဆုံးတိုင်းဒေသကြီး/ပြည်နယ်မှာ ရန်ကုန်ဖြစ်သည်။

အတည်ပြု၍ရသော အသက် ၆ နှစ် မှ ၁၅ နှစ်အရွယ်ကလေးငယ် စုစုပေါင်း (၁၅) ယောက် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

ယခုကဲ့သို့ လက်နက်အားကိုးဖြင့် ပြည်သူလူထုကို အသက်အန္တရာယ်ဖြစ်စေသော အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များသည် ရွံရှာစက်ဆုပ်ဖွယ်အတိဖြစ်သည်။

ယခုအချက်အလက်များကို DVB TV News နှင့် Assistance Association for Political Prisoners (Burma) တို့မှစုစည်းတင်ပြထားခြင်းဖြစ်သည်။

ကလေးမြို့ပင်မသပိတ်စခန်းကို ကျူး ကျော်ဝင်ရောက်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို သပိတ်စခန်းမှ ဖမ်းဆီးထိန်းသိမ်းထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပင်မသပိတ်စခန်းကို မတ်လ ၃၁ ရက်နေ့၊ နေ့လည် ၁ နာရီခွဲဝန်းကျင်လောက်က ကျူးကျော်ဝင်ရောက်လာတဲ့ ရဲတပ်ဖွဲ့ဝင်  ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကလေးမြို့ပင်မသပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

အရပ်ဝတ်နဲ့ ကလေးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဒုရဲအုပ် ကိုမင်း၊ ရဲတပ်ကြပ်ကြီး သိန်းနိုင်ဦး၊ ဒုတပ်ကြပ် နန္ဒမင်း၊ ရဲတပ်သား ဖြိုးသီဟတို့ ၄ ဦးဟာ ကားတစ်စီးနဲ့ ဝင်ရောက်လာတာဖြစ်ပြီး ရဲတွေမှန်း မျက်မှန်းတန်းမိတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တယ်လို့ ပြောပါတယ်။ သူတို့နဲ့အတူ သံတုတ်တစ်ချောင်းသာ ပါရှိတယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး ဘာဆက်လုပ်မလဲဆိုတာကိုတော့ သပိတ်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းတိုင်ပင်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်တွေကတည်းက စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်အကြမ်းဖက်မှုတွေကို  ကလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ပြည်သူတွေက ခုခံစစ်ဆင်နွှဲနေခဲ့တာဖြစ်ပြီး နှစ်ဖက်စလုံးက ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ခံစစ်စည်းဆောက်ထားတယ်ဗျ။ အခုလည်း ခံတပ်ကို စစ်ကြောင်းလာနေတယ်လို့ ကြားထားတယ်။ အဲ့ဒါကို စောင့်ကြည့်နေတယ်” ဟု ကလေးမြို့ပင်မသပိတ်စစ်ကြောင်းတွင် ပါဝင်သူတစ်ဦးက ပြောပါတယ်။mizzima

ခလရ ၅၉ ပေါက်ကွဲမှုအပြီး ပဲခူးမှ ရွာသား ၈ ဦး ဖမ်းဆီးနှိပ်စက်ခံရ

ရန်ကုန် – မန္တလေး အမြန်လမ်းအနီး စစ်တပ်အတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး အဖမ်းခံရသော ရွာသားများ ပြန်လွှတ်လာသည်၊ အမျိုးသားတစ်ဦးတွင် မျက်နှာဖူးယောင် ဒဏ်ရာများ ရရှိထားသည်

Myanmar Nowရန်ကုန် – မန္တလေး အမြန်လမ်း ၃၉ မိုင်အနီး ခလရ ၅၉ တပ်တွင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး သရက်ကုန်းကျေးရွာ ဒေသခံ ၈ ဦး ဖမ်းဆီးစစ်ဆေးခံရသည်။ ပဲခူးမြို့နယ်၊ ဝင်္ဂဘော်နှင့်ဘောနတ်ကြီးကျေးရွာကြား ခြေလျင်တပ်ရင်း ခလရ ၅၉ အတွင်း ယမန်နေ့ မတ် ၃၀ ၊ ညနေ လေးနာရီဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး တပ်အနီးရှိ ကရင်တိုင်းရင်းသားများ နေထိုင်သော သရက်ကုန်း ကျေးရွာမှ အသက် ၅၀ ကျော်အရွယ်အမျိုးသား ၃ ဦးနှင့် လူငယ် ၅ ဦးကို ယင်းနေ့ ညနေ ၆ နာရီဝန်းကျင်တွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။“

ပထမ လမ်းပြဆိုပြီးတော့ ခေါ်တယ်။ ပြီးတော့ ဖမ်းသွားတယ်။ နောက်တစ်ခုက သရက်ကုန်းရွာက ဆန္ဒပြတဲ့ အထဲမှာ ပါတယ်။ စစ်အာဏာရှင်အလိုမရှိဆိုတဲ့ ဆိုင်းဘုတ်တွေ ကပ်ထားတာက ဘယ်သူတွေ ကပ်ထားတာလဲ မေးတယ်။ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘာတွေ သိလဲဆိုပြီးမေးတယ်။ ရွာက တောင်သူတွေပဲဆိုတော့ ဘာမှမသိဘူး ဆိုတော့ ထပ်ပြီးနှိပ်စက်ခံရတာ” ဟု သရက်ကုန်း ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ ၎င်းတို့ကို မတ် ၃၁ နံနက် ၁ နာရီ ဝန်းကျင်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဖမ်းဆီးခံရစဥ် ရိုက်နှက်မေးမြန်းမှုကြောင့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးတွင် မျက်နှာဖူးယောင် ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ပေါက်ကွဲမှုမှာ လက်ပစ်ဗုံး (သို့မဟုတ်) ရှော့တိုက်ဗုံး ပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း သတင်းထွက်ပေါ်နေသည်။ သရက်ကုန်းကျေးရွာ ဒေသခံအများအပြားသည် ပဲခူးမြို့၊ ဘုရားကြီးမြို့တို့တွင် ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပူးပေါင်းပါဝင်တတ်ကြသည်။ ပဲခူးမြို့၊ ဘုရားကြီးတိုက်နယ်၊ ဘောနက်ကြီးကျေးရွာအနီး အခြေစိုက် နယ်မြေခံတပ်သည် မတ် ၁၈ ရက်နေ့ မနက် အစောပိုင်းတွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ myanmar now

CNN သတင်းထောက် ရန်ကုန်တွင် သတင်းယူ၊ ဒေသခံတို့ ဆန္ဒဆက်ပြ

CNN သတင်းထောက်အမျိုးသမီးနှင့်အဖွဲ့ ရန်ကုန်မြို့တွင် ယနေ့ မတ် ၃၁ တွင် သတင်းယူနေစဉ် စစ်ကားများ လိုက်ပါလျက်ရှိပြီး ထိုယာဉ်တန်း ရောက်ရှိသည့် နေရာများအပါအဝင် မြို့နယ်အသီးသီးတွင် နေထိုင်သူတို့က သံပုံးတီးကြခြင်းဖြင့် အာဏာသိမ်းထားမှုကို ဆန့်ကျင်ကြောင်း ပြသလိုက်ကြသည်။

ယမန်နေ့ ညက ရန်ကုန်မြို့သို့ ရောက်ရှိလာသော CNN သတင်းဌာန၏ နိုင်ငံတကာသတင်းထောက်ချုပ် Clarissa Ward သည် စစ်ကောင်စီ စီစဉ်ပေးသည့်နေရာများတွင် လိုက်လံသတင်းရယူနေရသည်ဟု အများက ယူဆနေကြသည်။ 

အရာရှိဟောင်း အများအပြားနေထိုင်သည့် ရန်ကင်းမြို့နယ်သို့ သွားရောက်စဉ် ဆူညံစွာ သံပုံးတီးကြသည့် ရုပ်သံမှတ်တမ်းများမှာ အင်တာနက်စာမျက်နှာသို့ ချက်ချင်းရောက်သွားသည်။  

သတင်းသမားကို လမ်းမတော်၊ လသာနှင့် ပန်းဘဲတန်းမြို့နယ်များသို့ လိုက်ပို့၍ လေ့လာစေသည်ဟူသော သတင်းများ ထွက်ပေါ်နေသည်။  

ပြည်သူများက ရပ်ကွက်တချို့တွင် လမ်းပေါ်ထွက် ဆန္ဒပြကြပြီး နေရာအများအပြားတွင် သံပုံးများတီးခြင်း၊ ကားဟွန်းတီးခြင်းတို့ဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြလျက်ရှိသည်။ 

နေ့ခင်းနေ့လယ် သံပုံးတီးနေကြသော ရန်ကုန်မြို့တွင်း အင်တာနက်အသုံးပြုမှု၊ လျှပ်စစ်ဓာတ်အားအသုံးပြုမှုများ ထိခိုက်ချို့ယွင်းသဖြင့် သတင်းစီးဆင်းမှု အဟန့်အတားဖြစ်သွားသည်။ 

အာဏာသိမ်းစစ်တပ်သည် CNN သတင်းထောက်ကို သတင်းယူခွင့်ပေးပြီး စစ်ကားများဖြင့် နောက်မှ လိုက်နေသော်လည်း လမ်းပေါ်တွင် သတင်းယူနေသော မြို့အသီးသီးမှ ဒေသခံသတင်းသမားများကိုမူ လိုက်လံဖမ်းဆီးနေသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက် ၅၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး ၁၅ ဦးမှာမူ တရားစွဲဆိုခံထားရသည်ဟု ဖမ်းဆီးခံသတင်းထောက်များနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ မျှဝေရန် ဖွင့်လှစ်ထားသည့် Detained Journalists Information Myanmar ၏Facebook စာမျက်နှာရှိ မတ် ၂၉ စာရင်းအရ သိရသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီသည် မတ် ၈ နှင့် ၉ ရက်တို့တွင် DVB သတင်းဌာန၊ Mizzima သတင်းဌာန၊ ကမာရွတ်သတင်းဌာနနှင့် Myanmar Now သတင်းဌာနတို့၏ ရုံးခန်းများကို အကြမ်းဖက်စီးနင်းပြီး ပြည်တွင်းအခြေစိုက် သတင်းမီဒီယာ ၅ ခုကိုလည်း ထုတ်ဝေခွင့်ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။

ထုတ်ဝေခွင့် ရပ်ဆိုင်းခံရသော ပြည်တွင်းအခြေစိုက် မီဒီယာ ၅ ခုမှာ Mizzima, 7Day, DVB, ခေတ်သစ် နှင့် Myanmar Now တို့ဖြစ်ပြီး နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသား၊ ထုတ်လွှင့်၊ ဖော်ပြခြင်းမပြုရဟု စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက မတ် ၉ တွင် ကြေညာခဲ့သည်။ MYANMAR NOW

ဂန့်ဂေါ-ကလေး လမ်းတလျောက် ပြည်သူတို့၏ စစ်ပွဲ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့ တစ်ဝိုက် ရွာများတွင်၊ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်များ နှင့် ဒေသခံပြည်သူများအကြား၊ မတ်လ ၃၁ ရက် နံနက် အစောပိုင်းမှ စပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားနေကြောင်းသိရသည်။

စစ်အာဏာရှင်ဆန့်ကျင်သည့် ဒေသခံ ပြည်သူများက၊ ရရာလက်နက်စွဲကိုင်ပြီး၊ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့များအား ခုခံစစ်ဆင်နွှဲ နေခြင်းဖြစ်သည်။ ခုခံစစ်ဆင်နွှဲနေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့အား၊ အင်အားဖြည့် တိုက်ခိုက်ရန် သွားသည့်၊ အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကားများအား၊ ကလေး-ဂန့်ဂေါ လမ်းတစ်လျောက်ရွာများမှ ပြည်သူများက တားဆီးတိုက်ခိုက်နေခြင်း ဖြစ်သည်။

ကလေး-ဂန့်ဂေါ လမ်းသည်၊ တောင်ပေါ်လမ်းအများစု ဖြစ်ပြီး (၉၅) မိုင် ရှည်လျားသည်။ ပြည်သူ့စစ်ဆင်နွှဲနေသည့် အဓိကရွာများထဲတွင် ဟံသာဝတီ၊ နှမ်းခါး၊ တောင်ခင်ရန်းရွာ၊ ပျားရွာ တို့ပါဝင်သည်။ mizzima

« Older Entries