KNU တပ်မဟာ ၁ နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်၊ မြန်မာစစ်သား ၅ ဦးကျဆုံးပြီး KNUတပ်ခွဲစခန်းစွန့်လွှတ် လိုက်ရ
မွန်ပြည်နယ်၊ သထုံခရိုင် အတွင်းတွင် KNU တပ်မဟာ ၁ နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပြီး မြန်မာစစ်သား ၅ ဦးကျဆုံးကာ KNUတပ်ခွဲစခန်းစွန့်လွှတ်လိုက်ရကြောင်း KNU ဘက်က သတင်းထုတ်ပြန်သည်။
ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော်(KNLA) တပ်မဟာ(၁)က သထုံခရိုင်အတွင်းတပ်စွဲထားသော မြန်မာတပ်မတော် (ခလရ-၂၀၄တပ်ရင်းနှင့် ခလရ-၂၀၅တပ်ရင်း) ၊(ခမရ-၁၁၈တပ်ရင်းလေ့ကျင့်ရေး(၉)အလံတစ်ရာ)၊ (မြန်မာ့အာဏာသိမ်း တပ်မတော် တပ်မ၄၄ဌာနချုပ်အနီးမှ အမြှောက်တပ်ရင်း) လက်နက်ကြီး၊လက်နက်ငယ်များဖြင့်စတင်ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက်နံနက် ၁၁ နာရီ ၁၅မိနစ်အချိန်တွင်မြန်မာတပ်မတော်က ကေအဲန်ယူ-ဘားအံမြို့နယ်၊ ညောင်ကုန်းရွာသစ်ရှိ KNLA-တပ်ရင်း(၁)၊တပ်ခွဲ(၁)အား ဝင်ရောက်တိုက်ခိုက်သောကြောင့်အပြန်အလှန်ပစ်ခတ်ကြရာ မြန်မာစစ်တပ်မှ (၃)ဦးကျဆုံးခဲ့ပြီး KNLAမှ ထိခိုက်မှုမရှိသော်လည်း တပ်ခွဲစခန်းအားစွန့်လွှတ်ခဲ့ရပြီး မြန်မာတပ်မတော် အမြှောက်တပ်ရင်းမှလည်း(၂)ဦးကျဆုံးခဲ့၍ ယနေ့တွင် အာဏာသိမ်းတပ်မတော်မှ စုစုပေါင်း(၅)ကျဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
KNU က လက်ရှိတွင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်၍ CDMတွင်ပါဝင်လာသော ပြည်တွင်းမှ ပြည်သူများကို လုံခြုံရေးအတွက် မိမိတို့နယ်မြေတွင်ခိုလှုံခွင့်ပေးထားပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသော ပြည်သူများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများဆက်လက်ပြုလုပ်လာပါက KNU တပ်မဟာ ၁ အနေဖြင့် မြန်မာ့တပ်မတော်၏ အာဏာသိမ်းယူမှုကို ဆန့်ကျင်၍ ပြည်သူလူထုအတွက် နည်းလမ်းရှာကာ ရပ်တည်ရင်း ကာကွယ်စောင့်ရှောက်သွားမည်ဟု KNU က သတင်းထုတ်ပြန်ထားသည်။
