ဖားကန့်မှ စစ်တပ်စခန်း KIA ဝင်တိုက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာတဝိုက်ရှိ တပ်မတော်၏ တပ်စခန်းတခုကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ယနေ့မနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ယနေ့မနက်ပိုင်း ၃ နာရီကျော်တွင်း KIA တပ်ရင်း ၂၆ က တပ်မတော်၏ တပ်စခန်းတခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်းမှာ မှန်ကန်ပါသည်ဟု အတည်ပြုပြောဆိုသည်။
ဗိုလ်မှူးကြီးနော်ဘူက“ရှမ်းမြောက်ဘက် ကျနော်တို့ တပ်မဟာ ၄ ဘက်မှာ တပ်မတော်က စစ်ဆင်ရေးလုပ်တာ ၂လ နီးပါး ရှိပြီ။ တပ်ရင်း ၉ နယ်မြေ၊ တပ်ရင်း ၃၆ နယ်မြေမှာ နေ့တိုင်းလို တိုက်ပွဲ ဖြစ်နေတယ်။ ရှေ့တန်းက စစ်မှူးတွေကအချင်းချင်း ကူညီတဲ့ သဘောနဲ့ တိုက်ပွဲငယ်လေးတွေ စီစဉ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ကျနော်တို့ ဗဟိုက ညွှန်ကြားပြီး ဖြစ်တဲ့ တိုက်ပွဲတော့ မဟုတ်ပါဘူး”ဟု ပြောသည်။
KIA က တပ်မတော်၏ တပ်စခန်းတခုကို ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းယူပြီးနောက် စီးနင်းစခန်းထိုင်ခြင်း မရှိဘဲ ပြန် ဆုတ်ခွာလာခဲ့သည်ဟုလည်း သိရသည်။
KIA က ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တပ်မတော်ကလည်း KIA ၏ တပ်ရင်း ၂၆၊ ဌာနချုပ် တည်ရှိရာ နေရာသို့ ရဟတ်ယာဉ်ဖြင့် လာရောက်တိုက်ခိုက်မှုများ ပြုလုပ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တပ်မတော်နှင့် KIA သည် အပစ်အခတ်ရပ်စဲရေး တစုံတရာ ချုပ်ဆိုထားခြင်း မရှိဘဲ ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုရန် ညှိနှိုင်းနေဆဲ ဖြစ်သည်။
သို့သော် တပ်မတော်က စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA၏ တပ်စခန်း ၄ နေရာခန့်ကို ဝင်ရောက် တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် စစ်ရေးတင်းမာမှုများ ရှိနေဆဲဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် ဆွေးနွေး မည်ဟု ကြေငြာထားသော်လည်း KIA က လူထုဘက်မှ ရပ်တည်မည်ဖြစ်သဖြင့် အာဏာသိမ်းစစ်တပ်ကို အစိုးရတရပ် အနေဖြင့် အသိအမှတ်ပြုထားခြင်းမရှိကြောင်း ပြောဆိုထားသည်။
ထို့ပြင် ကချင်ပြည်နယ်တွင်း ဆန္ဒပြနေသည့် လူထုကို သွေးထွက်သံယိုမဖြစ်စေရန် ကျည်အစစ်ဖြင့် မပစ်ခတ်ရန် KIA က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြောဆိုညှိနှိုင်းမှုများ ရှိသော်လည်း မတ် ၈ ရက်က ပစ်ခတ်ဖြိုခွင်းမှုကြောင့် အရပ်သား ၂ဦး သေဆုံးခဲ့သည်။
ထိုသေဆုံးမှုနှင့် ပတ်သတ်၍လည်း တပ်မတော်ဘက်မှ ထပ်မံ အကြမ်းဖက်ခြင်း ပြုလုပ်ပါက နှစ်ဖက်တပ်များကြား စစ်ရေး အခြေအနေ ပိုတင်းမာလာနိုင်ကာ တိုက်ပွဲနယ်မြေ ပိုကျယ်လာနိုင်ဟု KIA က ပြောဆိုထားသည်။
ဧရာဝတီ