Monthly Archives: Mar 2021

လှိုင်သာယာမြို့နယ်မှာ ဒီကနေ့ မတ်လ ၁၆ ရက် နေ့မှာ စစ်တပ်က အကြမ်းဖက် သတ်ဖြတ်မှု့ကြောင့် ည ၇ နာရီခွဲ အချိန်ထိ အတည်ပြု ကျဆုံး အရေအတွက် ၃၄ ဦး ရှိနေ

လှိုင်သာယာမြို့နယ်မှာ ဒီကနေ့ မတ်လ ၁၆ ရက် နေ့မှာ စစ်တပ်က အကြမ်းဖက် သတ်ဖြတ်မှု့ကြောင့် ည ၇ နာရီခွဲ အချိန်ထိ အတည်ပြု ကျဆုံး အရေအတွက် ၃၄ ဦး ရှိနေပါတယ်။

တခြား ကျဆုံးထားသူတွေရဲ့ ရုပ်အလောင်းတွေကို စစ်တပ်က သိမ်းယူသွားပြီး ၄င်းတို့ တပ်စွဲထားတဲ့အနီးအနားမှာ ပုံထားတယ်လို့ မျက်မြင်တွေ့ရှိသူ တချို့ထံမှ သိရပါတယ်။

ဒါကြောင့် ကျဆုံးသူ အရေအတွက် အတိအကျ အတည်နိုင်ခြင်း မရှိသေးဘဲ အရေအတွက် ထပ်တိုးလာနိုင်ပါတယ်။စစ်တပ်က ဒီကနေ့ လှိုင်သာယာအဝင် လမ်းတွေ ပိတ်ဆို့ထားတဲ့အတွက် သေနတ်ဒဏ်ရာ ရရှိထားသူတွေ ကယ်ဆယ်ခွင့် မရခဲ့ဘဲ ည ၆ နာရီ ဝန်းကျင်မှသာ ကယ်ဆယ်ရေး ယာဥ် ၂ စီးကို ဝင်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ Democracy Vision

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းမှ မြန်မာဝန်ထမ်းများ CDM ပြုလုပ်

CDM ပြုလုပ်ရန် ဒေါက်တာဇော်ဝေစိုးဆိုပြီးနောက် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့ ရောင်းချနေသော ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ မြန်မာကျွမ်းကျင်ဝန်ထမ်းများ အလုပ်မဆင်းတော့ ကြောင်း သိရသည် 

တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချနေသော ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း တွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံသားကျွမ်းကျင်လုပ်သားအားလုံးသည် မတ် ၁၅ ရက်မှ စတင်ပြီး အလုပ်မဆင်းတော့ကြောင်း သိရသည်။ 

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း ကမ်းလွန်ရေနံစဉ်တွင် မြန်မာလုပ်သား ၆၀ ကျော်ရှိပြီး ဝန်ထမ်းအားလုံး မလုပ်မဆင်းတော့ခြင်းဖြစ်ကြောင်း ဝန်ထမ်းများ ကပြောသည်။

“Posco ကမ်းလွန်ရေနံစင်ပေါ်က မြန်မာအလုပ်သမားတွေ ယနေ့ လုပ်ငန်းခွင်ကို ကျောခိုင်းကာ အိမ်ကို ပြန်လာကြပါပြီ”ဟု ဝန်ထမ်းတစ်ဦးက မတ် ၁၅ ရက်တွင် ၎င်း၏ လူမူကွန်ယက်တွင် ရေးသားခဲ့သည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ကိုရီးယားကုမ္ပဏီ POSCO ကရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ကိုရီးယားဂက်စ် ကော်ပိုရေးရှင်း၊ အိန္ဒိယအစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်း၊ အိန္ဒိယနိုင်ငံမှ Gail ကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) တို့ အချိုးကျ ပါဝင် ရင်းနှီးမြှုပ်နှံထားသည်။ 

နိုင်ငံအတွင်း အရေးပေါ်အခြေနေကြေငြာထားခြင်းကြောင့် ဝန်ထမ်းများ ဆက်လက်အလုပ်မဆင်းလို၍ လစာမဲ့ခွင့်ယူခြင်းဖြစ်သည်ဟု ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့က နိုင်ငံမှာ အခုလို နိုင်ငံရေးပြသနာတွေဖြစ်နေတဲ့ အချိန်မှာ အလုပ်ကို မဆင်းချင်ဘူး ပြောတာကို ကုမ္ပဏီက ခွင့်ပြုပေးလိုက်တာပါ”ဟု အဆိုပါ ဝန်ထမ်းက ပြောသည်။

POSCO ကုမ္ပဏီတွင် ကမ်းလွန်ရေနံစင်ကျွမ်းကျင်လုပ်သား၊ ကုန်းတွင်းရေနံမြေ ကျွမ်းကျင်လုပ်ငန်း၊ သယ်ယူထောက်ပံ့ဝန်ထမ်းနှင့် ရုံးဝန်ထမ်းဟူ၍ ရှိပြီး လက်ရှိ အလုပ်မလုပ်ရန် ခွင့်ယူသူများသည် ကမ်းလွန်ရေနံစင် ကျွမ်းကျင်လုပ်သားများဖြစ်သည်။
စီမံကိန်းတစ်ခုလုံး ရပ်တန့်သွားရန် အခြားဝန်ထမ်းများအနေဖြင့်လည်း အလုပ်မဆင်းရန် CDM တွင် ပါဝင်လာသူ မြန်မာကျွမ်းကျင်ဝန်ထမ်းများက တောင်းဆိုထားသည်။

ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မြန်မာ့ကမ်းလွန်ရှိ ရတနာ၊ ဇောတိက၊ ရွှေနှင့် ရဲတံခွန်ဟူသည့် သဘာဝဓာတ်ငွေ့ စီမံကိန်းလေးခုမှ ဝန်ထမ်းများ အလုပ်မဆင်းဘဲ CDMတွင် ပါဝင်ရ န်တောင်းဆိုထားသည်။
Justice for Myanmar၏ စစ်တမ်းများအရ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ အစိုးရကောက်ခံရငွေသည် ဒေါ်လာ သန်း ၂၀၀ ရှိပြီး ကျန်ကမ်းလွန်လုပ်ကွက် သုံးခုမှ ဒေါ်လာ သန်း ၅၀၀ ရှိသည်ဟု သိရသည်။
ရခိုင်မြောက်ပိုင်းရှိ A-1 နှင့် A-3 ကမ်းလွန်လုပ်ကွက်များကို ကိုရီးယား Daewoo ကုမ္ပဏီက အဓိက လုပ်ခွင့်ရထားသည်။ ရွှေနှင့်မြ သဘာဝဓာတ်ငွေ့တူးဖော်ရေး တွင်းမှ ၂၀၁၃ တွင် သဘာဝ ဓာတ်ငွေ့ စတင်ထုတ်လုပ်ပြီး တရုတ်နိုင်ငံသို့ ရောင်းချသည်။ ကမ်းလွန်လုပ်ကွက် A-1 ရှိ ရွှေ သဘာဝဓာတ်ငွေ့ တူးဖော် ရေးလုပ်ကွက်သည် တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၇၀၀ ထွက်ရှိပြီး တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရောင်းချနေသည်။

Myanmar Now

ကန်-ဂျပန် နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံက ပိုပြီးတော့ပြောင်ကျကျ လုပ်လာနေတာနဲ့ မြောက်ကိုရီးယားရဲ့ ရန်လိုမှုကို ရင်ဆိုင်နေရချိန်မှာ ပစိဖိတ်သမုဒ္ဒရာ တဘက်တချက်စီက နိုင်ငံတွေကြား မိတ်ဘက်ပူးပေါင်းဆောင်ရွက်မှုကို ထပ်လောင်းအာမခံရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ဟာ ဂျပန်အစိုးရထဲက အလားတူဝန်ကြီးတွေနဲ့ ဒီကနေ့ တိုကျိုမြို့တော်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

၂+၂ လို့ သိထားကြတဲ့ ဒီစည်းဝေးပွဲမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ၊ ကာကွယ်ရေးဝန်ကြီး Nobuo Kishi တို့နဲ့ အမေရိကန်ဝန်ကြီးနှစ်ဦး တွေ့ဆုံဆွေးနွေးကြတာပါ။ ဒါဟာဖြင့် သမ္မတ Joe Biden အစိုးရထဲက ဝန်ကြီးတွေရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဂျပန် နှစ်နိုင်ငံစလုံးဟာ “ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို ယုံကြည်ပေမယ့် ဒေသတွင်းမှာ ဒီစံတန်ဖိုးတွေ ခြိမ်းခြောက်ခံနေရတယ်။” လို့ ဝန်ကြီး Motegi နဲ့ သီးခြားဆွေးနွေးပွဲမတိုင်ခင် ဝန်ကြီး Blinken ကပြောခဲ့ပါတယ်။

အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွင်း အခြေမပျက် အနေအထားကို ပြောင်းပစ်ဖို့ တရုတ်က ကြိုးစားနေတဲ့အပေါ် သူတို့နှစ်ဦးစလုံး ကန့်ကွက်တယ်လို့ ဂျပန်ဝန်ကြီး Motegi က နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။

အဲဒီပင်လယ်တွေထဲမှာ တရုတ်က စစ်အင်အား တိုးချဲ့တည်ဆောက်နေပြီး နယ်မြေအများစုကို ပိုင်ဆိုင်ကြောင်း ကြေညာထားပါတယ်။

VOA Burmese News

အစိုးရပိုင်ကုမ္ပဏီဝန်ထမ်းတချို့ ပြန်ထွက်ဖို့ တရုတ်အစိုးရသတိပေး

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီတွေရဲ့ ဝန်ထမ်းတွေထဲက မရှိမဖြစ်လိုအပ်တာမဟုတ်တဲ့ ဝန်ထမ်းတွေ ပြန်ထွက်ခွာကြဖို့ တရုတ်အစိုးရက ပြောထားတယ်လို့ အဲဒီကုမ္ပဏီတွေအတွင်းက သတင်းရင်းမြစ်တွေကို ကိုးကားပြီး South China Morning Post သတင်းစာမှာ ရေးထားတဲ့အကြောင်း ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်ပိုင်စက်ရုံတွေ မီးရှို့ခံရပြီး တရုတ်ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီးတဲ့နောက် အခုသတင်းထွက်လာတာပါ။

ဂျပန်အခြေစိုက် Fast Retailing ကုမ္ပဏီကလည်း သူတို့ပစ္စည်းတွေ ထုတ်ပေးနေတဲ့ မြန်မာနိုင်ငံက စက်ရုံနှစ်ခု မီးလောင်ခဲ့တယ်လို့ ဒီကနေ့ပြောပါတယ်။

Uniqlo အမှတ်တံဆိပ် အဝတ်အထည်တွေ ရောင်းချတဲ့ Fast Retailing ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တစ်ဦးက သူတို့အဝတ်အထည်တွေ ချုပ်ပေးနေတဲ့ စက်ရုံနှစ်ခု တနင်္ဂနွေနေ့က မီးလောင်ခဲ့တယ်ဆိုတာ အတည်ပြုပါတယ်။ မီးလောင်တဲ့အချိန်က စက်ရုံတွေ လည်ပတ်နေချိန်မဟုတ်တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

“မြန်မာနိုင်ငံက အခြေအနေအပေါ် မိမိတို့ အထူးပဲစိုးရိမ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအေဂျင်စီတွေ၊ ပရဟိတအဖွဲ့တွေ၊ တခြား နိုင်ငံတကာကုမ္ပဏီတွေအပါအဝင် နိုင်ငံတကာက သက်ဆိုင်သူအားလုံးနဲ့ စပြီး ပြောဆိုဆွေးနွေးနေပါတယ်။” လို့ Fast Retailing ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီး ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းနေတဲ့အပေါ် ဖိအားပေးဖို့အတွက် မြန်မာနိုင်ငံမှာ ရှိနေတဲ့ နိုင်ငံတကာကုမ္ပဏီတွေ လုပ်ငန်းဆက်မလုပ်ဖို့ တိုက်တွန်းနေကြပါတယ်။

VOA Burmese News

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီဆန့်ကျင်‌ရေး အင်အားများစွာနဲ့ ဆန္ဒပြ

■ မတ်လ16ရနေ့မှာ မကွေးတိုင်း မြိုင်မြို့နယ်ထဲက အနောက်ပိုင်းဇုံ ကျေးရွာအုပ်စုတွရဲ့ စစ်ကောင်စီဆန့်ကျင်‌ရေး အင်အားများစွာနဲ့ ဆန္ဒပြခဲ့ပါတယ်။

RFA Burmese

နေပြည်တော် ပျဥ်းမနားမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

■ နေပြည်တော် ပျဥ်းမနားမြို့မှာ ဒီနေ့ မနက် ၁၀ နာရီက လူဦးရေ ၁၀၀ ကျော်လောက်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ဆိုင်ကယ်အစီး ၇၀ နဲ့ လူဦးရေ ၁၀၀ ကျော်က ပျဥ်းမနားမြို့နယ် ပန်းခင်းလမ်းကနေ ဇီဇဝါအဝိုင်း အများအခေါ် ပြန်ကပြေး အဝိုင်းအထိ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ဇီဇဝါအဝိုင်းမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဖြိုခွင်းဖို့ ကြိုးစားခဲ့တဲ့အတွက် လူစုခွဲခဲ့ပြီးနောက် ဆန္ဒပြသူတွေဟာ ပျဥ်းမနားမြို့ မြို့မစျေးမှာ ထပ်မံစုဝေးပြီး ကြွေးကြော်သံတွေ ကြွေးကြော်ကာ နေ့လယ် ၁၁ နာရီခွဲထိ ဆန္ဒပြခဲ့ကြပါတယ်။

RFA Burmese

မြစ်ဆုံအထက် ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် စစ်ရှောင်လာသူ (၂၀၀) ခန့်ရှိလာ ( ရုပ်သံ)

Myitkyina News Journal

လှိုင်သာယာ အဆင့်မြင့်မှတ်တိုင်အနီးက ဖိနပ်စက်ရုံ တစ်ရုံဟာ အခု နေ့ခင်း ၃ နာရီ ၄၀ ကျော်ထိ မီးလောင်နေပြီး ပျက်ဆီးဆုံးရှုံးမှုကိုတော့ မသိရသေး

Democracy Vision

စစ်တပ်နဲ့ ရဲ လှိုင်သာယာမှာ ဒီနေ့ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲနေ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မတ် ၁၆ ရက် ဒီနေ့ မနက် ၁၀ နာရီလောက်တည်းက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲနေပြီး ရပ်ကွက်တွေထဲအထိ စစ်သားအများအပြားက လိုက်လံပစ်ခတ်နေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လှိုင်သာယာမြို့နယ်မှာ နေထိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား မိသားစုတွေ သိန်းချီပြီး နေရပ်ကို ထွက်ပြေးဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ မနက် ၅ နာရီခွဲလောက်တည်းက လှိုင်သာယာပြည်သူတွေ ထွက်ပြေးနေကြတာ ဒီနေ့ နေ့လယ်အထိ အများအပြားဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၁၄ ရက်နေ့က ရဲနဲ့စစ်သားတွေရဲ့ ကျည်အစစ်တွေနဲ့ ပစ်ခတ်မှုကြောင့် လှိုင်သာယာမြို့နယ်က သပိတ်မှောက်ပြည်သူတွေ ရာနဲ့ချီပြီး သေဆုံးဒဏ်ရာရခဲ့ပါတယ်။စစ်ကောင်စီကတော့ လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်တိုင်းထဲက မြို့နယ်တချို့ကို စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။စစ်အာဏာသိမ်းတာ အခုဆိုရင် ရက်ပေါင်း ၄၄ ရက်ရှိနေပြီဖြစ်ပြီး ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲဖမ်းဆီးတာတွေကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သေဆုံးသူ ၂၀၀ လောက်ရှိနေပြီး ထိခိုက်ဒဏ်ရာသူ၊ ဖမ်းဆီးထိန်းသိမ်းခံရသူ အများအပြား ရှိနေပါတယ်။ RFA

« Older Entries