Monthly Archives: Mar 2021

ရပ်ကွက်နေ အမျိုးသမီးနှစ်ဦး ဖမ်း ဆီးခံရသဖြင့် ဒလရဲစခန်းကို ပြည်သူ ငါးထောင်ကျော်ခန့် ဝိုင်းထား

ရန်ကုန်မြို့ တစ်ဘက်ကမ်းရှိ ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက်၊ ပိတောက်လမ်းနေ အသက် ၁၉ နှစ် အရွယ် မသဇင်ဦးနှင့် အသက် ၃၀ ခန့် မသက်သက်မာဆိုသူ အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံထားရသဖြင့် ဒေသခံ ပြည်သူ ၅၀၀၀ လောက် ဒလမြို့နယ်ရဲစခန်းတွင် ယနေ့ (မတ် ၂၆) နေ့လယ်ပိုင်းစတင်ကာ ယနေ့ညနေပိုင်း အထိ ပတ်ပတ်လည်ဝိုင်းရံထားကြောင်း သိရသည်။

“မိန်းကလေးနှစ်ယောက်ကို ရပ်ကွက်ထဲကို ဝင်ဖမ်းတယ်ဗျာ။ သူတို့ကို ပြန်လွတ်ပေးဖို့ ရပ်ကွက်ကလူတွေက ဝိုင်းထားပြီး တောင်ဆိုနေတာ။ အဲ့ဒီလိုဖြစ်နေတဲ့ အချိန်မှာ သူတို့စခန်းထဲက စပြီးတော့ ပစ်ခတ်မှုတွေလုပ်လာတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ညနေပိုင်း အခြေအနေမှာ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်များက သေနတ် လေးချက်ဖောက်ကာ လူစုခွဲပြီး ရဲစခန်းအနီးတဝိုက် ဘယ်ရီဂိတ်နှင့် သဲအိတ်များ တားဆီးကာ စခန်းကို ကာကွယ်ထားသည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက သတင်းပေးပို့သည်။myanmar now

မုံရွာမှာ ပျောက်ဆုံးသွားတဲ့ ရဲ ၂ ယောက် သုဿန်အဝမှာ သေဆုံးလျက်ပြန်တွေ့

စစ်ကိုင်းတိုင်း မုံရွာမြို့ ဆာကျင်းမြို့မ သုဿန်အဝမှာ ဒီနေ့ မတ် ၂၆ ရက် မနက်အစောပိုင်းက ဒဏ်ရာများစွာနဲ့ သေဆုံးနေတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ ဆားကျင်းရွာခံ ပြည်သူတွေဆီက သိရပါတယ်။

အဲ့ဒီ တွေ့ရှိရတဲ့ သေဆုံးရဲ ၂ ယောက်ဟာ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ၊ လည်ပင်းပြတ်ရှ ဒဏ်ရာနဲ့ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ်လို့ မုံရွာပြည်သူ့ဆေးရုံကြီး ရင်ခွဲစစ်ဆေးချက် မှတ်တမ်းများအရ သိရပါတယ်။ဒါ့အပြင် အဲ့ဒီ သေဆုံး ရဲ ၂ ယောက်ဟာ ယင်းမာပင်ခရိုင် ပုလဲမြို့ ၊ ပုလဲမြို့မ ရဲစခန်းမှာ တာဝန်ဆောင်နေတဲ့ ရဲတပ်သား သိန်းထွန်း ဆိုသူနဲ့ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ၊ ခင်ဦးမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား သန်းစိုးအောင် တို့ဖြစ်တယ်လို့ သေဆုံးစာရင်းမှာ ဖော်ပြထားပါတယ်။

အဲ့ဒီ သေဆုံး ရဲ ၂ ​ယောက်ဟာ မုံရွာမြို့ပေါ်ကို လုံခြုံရေးတာဝန် တွဲဖက်တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိနေတဲ့ သူတွေဖြစ်တယ်လို့ VOM ကြားသိရပြီး မုံရွာ ရဲစခန်းကတော့ အတည်ပြုချက် တစုံတရာ ပြောဆိုခြင်း မရှိပါဘူး။အဲ့ဒီ ရဲ ၂ ​ယောက် သေဆုံးမှုနဲ့ ပတ်သက်ပြီး မုံရွာမြို့ရဲ့ လုံခြုံရေး တပ်ဖွဲ့တွေက ဒီမနက်မှာ သံသယရှိသူ လူ ၃၀ ကျော်ကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။Voice of Myanmar

« Older Entries