ကလေးမြို့ပင်မသပိတ်စခန်းကို ကျူး ကျော်ဝင်ရောက်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို သပိတ်စခန်းမှ ဖမ်းဆီးထိန်းသိမ်းထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပင်မသပိတ်စခန်းကို မတ်လ ၃၁ ရက်နေ့၊ နေ့လည် ၁ နာရီခွဲဝန်းကျင်လောက်က ကျူးကျော်ဝင်ရောက်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကလေးမြို့ပင်မသပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။
အရပ်ဝတ်နဲ့ ကလေးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဒုရဲအုပ် ကိုမင်း၊ ရဲတပ်ကြပ်ကြီး သိန်းနိုင်ဦး၊ ဒုတပ်ကြပ် နန္ဒမင်း၊ ရဲတပ်သား ဖြိုးသီဟတို့ ၄ ဦးဟာ ကားတစ်စီးနဲ့ ဝင်ရောက်လာတာဖြစ်ပြီး ရဲတွေမှန်း မျက်မှန်းတန်းမိတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တယ်လို့ ပြောပါတယ်။ သူတို့နဲ့အတူ သံတုတ်တစ်ချောင်းသာ ပါရှိတယ်လို့လည်း သိရပါတယ်။
ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး ဘာဆက်လုပ်မလဲဆိုတာကိုတော့ သပိတ်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းတိုင်ပင်နေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ရက်တွေကတည်းက စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်အကြမ်းဖက်မှုတွေကို ကလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ပြည်သူတွေက ခုခံစစ်ဆင်နွှဲနေခဲ့တာဖြစ်ပြီး နှစ်ဖက်စလုံးက ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ ခံစစ်စည်းဆောက်ထားတယ်ဗျ။ အခုလည်း ခံတပ်ကို စစ်ကြောင်းလာနေတယ်လို့ ကြားထားတယ်။ အဲ့ဒါကို စောင့်ကြည့်နေတယ်” ဟု ကလေးမြို့ပင်မသပိတ်စစ်ကြောင်းတွင် ပါဝင်သူတစ်ဦးက ပြောပါတယ်။mizzima