ခလရ ၅၉ ပေါက်ကွဲမှုအပြီး ပဲခူးမှ ရွာသား ၈ ဦး ဖမ်းဆီးနှိပ်စက်ခံရ

ရန်ကုန် – မန္တလေး အမြန်လမ်းအနီး စစ်တပ်အတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး အဖမ်းခံရသော ရွာသားများ ပြန်လွှတ်လာသည်၊ အမျိုးသားတစ်ဦးတွင် မျက်နှာဖူးယောင် ဒဏ်ရာများ ရရှိထားသည်
Myanmar Nowရန်ကုန် – မန္တလေး အမြန်လမ်း ၃၉ မိုင်အနီး ခလရ ၅၉ တပ်တွင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး သရက်ကုန်းကျေးရွာ ဒေသခံ ၈ ဦး ဖမ်းဆီးစစ်ဆေးခံရသည်။ ပဲခူးမြို့နယ်၊ ဝင်္ဂဘော်နှင့်ဘောနတ်ကြီးကျေးရွာကြား ခြေလျင်တပ်ရင်း ခလရ ၅၉ အတွင်း ယမန်နေ့ မတ် ၃၀ ၊ ညနေ လေးနာရီဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး တပ်အနီးရှိ ကရင်တိုင်းရင်းသားများ နေထိုင်သော သရက်ကုန်း ကျေးရွာမှ အသက် ၅၀ ကျော်အရွယ်အမျိုးသား ၃ ဦးနှင့် လူငယ် ၅ ဦးကို ယင်းနေ့ ညနေ ၆ နာရီဝန်းကျင်တွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။“
ပထမ လမ်းပြဆိုပြီးတော့ ခေါ်တယ်။ ပြီးတော့ ဖမ်းသွားတယ်။ နောက်တစ်ခုက သရက်ကုန်းရွာက ဆန္ဒပြတဲ့ အထဲမှာ ပါတယ်။ စစ်အာဏာရှင်အလိုမရှိဆိုတဲ့ ဆိုင်းဘုတ်တွေ ကပ်ထားတာက ဘယ်သူတွေ ကပ်ထားတာလဲ မေးတယ်။ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘာတွေ သိလဲဆိုပြီးမေးတယ်။ ရွာက တောင်သူတွေပဲဆိုတော့ ဘာမှမသိဘူး ဆိုတော့ ထပ်ပြီးနှိပ်စက်ခံရတာ” ဟု သရက်ကုန်း ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ ၎င်းတို့ကို မတ် ၃၁ နံနက် ၁ နာရီ ဝန်းကျင်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဖမ်းဆီးခံရစဥ် ရိုက်နှက်မေးမြန်းမှုကြောင့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးတွင် မျက်နှာဖူးယောင် ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။
ပေါက်ကွဲမှုမှာ လက်ပစ်ဗုံး (သို့မဟုတ်) ရှော့တိုက်ဗုံး ပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း သတင်းထွက်ပေါ်နေသည်။ သရက်ကုန်းကျေးရွာ ဒေသခံအများအပြားသည် ပဲခူးမြို့၊ ဘုရားကြီးမြို့တို့တွင် ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပူးပေါင်းပါဝင်တတ်ကြသည်။ ပဲခူးမြို့၊ ဘုရားကြီးတိုက်နယ်၊ ဘောနက်ကြီးကျေးရွာအနီး အခြေစိုက် နယ်မြေခံတပ်သည် မတ် ၁၈ ရက်နေ့ မနက် အစောပိုင်းတွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ myanmar now