CNN သတင်းထောက် ရန်ကုန်တွင် သတင်းယူ၊ ဒေသခံတို့ ဆန္ဒဆက်ပြ

CNN သတင်းထောက်အမျိုးသမီးနှင့်အဖွဲ့ ရန်ကုန်မြို့တွင် ယနေ့ မတ် ၃၁ တွင် သတင်းယူနေစဉ် စစ်ကားများ လိုက်ပါလျက်ရှိပြီး ထိုယာဉ်တန်း ရောက်ရှိသည့် နေရာများအပါအဝင် မြို့နယ်အသီးသီးတွင် နေထိုင်သူတို့က သံပုံးတီးကြခြင်းဖြင့် အာဏာသိမ်းထားမှုကို ဆန့်ကျင်ကြောင်း ပြသလိုက်ကြသည်။

ယမန်နေ့ ညက ရန်ကုန်မြို့သို့ ရောက်ရှိလာသော CNN သတင်းဌာန၏ နိုင်ငံတကာသတင်းထောက်ချုပ် Clarissa Ward သည် စစ်ကောင်စီ စီစဉ်ပေးသည့်နေရာများတွင် လိုက်လံသတင်းရယူနေရသည်ဟု အများက ယူဆနေကြသည်။ 

အရာရှိဟောင်း အများအပြားနေထိုင်သည့် ရန်ကင်းမြို့နယ်သို့ သွားရောက်စဉ် ဆူညံစွာ သံပုံးတီးကြသည့် ရုပ်သံမှတ်တမ်းများမှာ အင်တာနက်စာမျက်နှာသို့ ချက်ချင်းရောက်သွားသည်။  

သတင်းသမားကို လမ်းမတော်၊ လသာနှင့် ပန်းဘဲတန်းမြို့နယ်များသို့ လိုက်ပို့၍ လေ့လာစေသည်ဟူသော သတင်းများ ထွက်ပေါ်နေသည်။  

ပြည်သူများက ရပ်ကွက်တချို့တွင် လမ်းပေါ်ထွက် ဆန္ဒပြကြပြီး နေရာအများအပြားတွင် သံပုံးများတီးခြင်း၊ ကားဟွန်းတီးခြင်းတို့ဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြလျက်ရှိသည်။ 

နေ့ခင်းနေ့လယ် သံပုံးတီးနေကြသော ရန်ကုန်မြို့တွင်း အင်တာနက်အသုံးပြုမှု၊ လျှပ်စစ်ဓာတ်အားအသုံးပြုမှုများ ထိခိုက်ချို့ယွင်းသဖြင့် သတင်းစီးဆင်းမှု အဟန့်အတားဖြစ်သွားသည်။ 

အာဏာသိမ်းစစ်တပ်သည် CNN သတင်းထောက်ကို သတင်းယူခွင့်ပေးပြီး စစ်ကားများဖြင့် နောက်မှ လိုက်နေသော်လည်း လမ်းပေါ်တွင် သတင်းယူနေသော မြို့အသီးသီးမှ ဒေသခံသတင်းသမားများကိုမူ လိုက်လံဖမ်းဆီးနေသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက် ၅၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး ၁၅ ဦးမှာမူ တရားစွဲဆိုခံထားရသည်ဟု ဖမ်းဆီးခံသတင်းထောက်များနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ မျှဝေရန် ဖွင့်လှစ်ထားသည့် Detained Journalists Information Myanmar ၏Facebook စာမျက်နှာရှိ မတ် ၂၉ စာရင်းအရ သိရသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီသည် မတ် ၈ နှင့် ၉ ရက်တို့တွင် DVB သတင်းဌာန၊ Mizzima သတင်းဌာန၊ ကမာရွတ်သတင်းဌာနနှင့် Myanmar Now သတင်းဌာနတို့၏ ရုံးခန်းများကို အကြမ်းဖက်စီးနင်းပြီး ပြည်တွင်းအခြေစိုက် သတင်းမီဒီယာ ၅ ခုကိုလည်း ထုတ်ဝေခွင့်ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။

ထုတ်ဝေခွင့် ရပ်ဆိုင်းခံရသော ပြည်တွင်းအခြေစိုက် မီဒီယာ ၅ ခုမှာ Mizzima, 7Day, DVB, ခေတ်သစ် နှင့် Myanmar Now တို့ဖြစ်ပြီး နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသား၊ ထုတ်လွှင့်၊ ဖော်ပြခြင်းမပြုရဟု စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက မတ် ၉ တွင် ကြေညာခဲ့သည်။ MYANMAR NOW

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s