Monthly Archives: Apr 2021

အာဏာသိမ်းအကြမ်းဖက်အဖွဲ့ဗန်မော်၊မိုးမောက်အခြေစိုက် ခ.လ.ရ ၃၈၇ တပ်ဖွဲ့တပ်ရင်းမှူး အပါအဝင် ထိုးစစ်ဆင်လာရာတွင်တိုက်ခိုက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွား

၁၂.ဧပြီလ.၂၀၂၁ ခုနှစ် မနက် ၁၀:၄၅ မိနစ်အချိန်ခန့်မှစ၍ကချင်လွတ်မြောက်ရေးတပ်မတော် KIA,တပ်မဟာ ၅၊ အမှတ် ၂၄ တပ်ရင်းနှင့်အမှတ် ၁၉ တပ်ရင်းတပ်ဖွဲ့ထိန်းချုပ်‌နယ်မြေဒေသဖြစ်သော အလောတောင်၌ စစ်အာဏာသိမ်းအကြမ်းဖက်အဖွဲ့ဗန်မော်၊မိုးမောက်အခြေစိုက် ခ.လ.ရ ၃၈၇ တပ်ဖွဲ့တပ်ရင်းမှူး အပါအဝင် ထိုးစစ်ဆင်လာရာတွင်တိုက်ခိုက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့‌ကြောင်းသတင်းရရှိပါသည်။

စစ်အာဏာသိမ်းအကြမ်းဖက်အဖွဲ့မှမြေပြင်ထိုးစစ်အတွင်း ခ.လ.ရ ၃၈၇ တပ်ရင်းမျူးအပါကျဆုံးခဲ့ပြီးတပ်ဖွဲ့တပ်သားအများအပြားကျဆုံး၍ထိခိုက်ဒဏ်ရာလည်အများအပြားရရှိသောကြောင့်ပြန်လည်ဆုတ်ခွာသွားကြောင်းသတင်းရရှိပါသည်။ထို့ကျဆုံးသွားသော တပ်ရင်းမှူး အလောင်းအား နွမ်းလန့်ရွာမှ ‌ရဟတ်လေယာဉ်ဖြင့် လာတင်သွားကြောင်းလည်း ဆက်လက် သတင်းရရှိပါသည်။

တပ်မတော်သားများ အာဏာဖီဆန်ခြင်းမပြုနိုင်ရန် မိသားစုဝင်များကို အကျပ်ကိုင်ထား

ပြည်သူအများအပြား၏ ဆန့်ကျင်ကန့်ကွက်မှုနှင့် ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်ကောင်စီသည် တပ်မိသားစုဝင်များ ပြည်သူလူထုဘက် လိုက်ပါမသွားစေရန် အပြင်းအထန် ကြိုးပမ်းလျက်ရှိသည်

အရပ်သားပြည်သူများကို မတရားသဖြင့် ရက်ရက်စက်စက် သတ်ဖြတ်နေခြင်းများကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လိုသော တပ်မတော်သားများရှိနေသော်လည်း မိသားစုဝင်များနှင့် ခြိမ်းခြောက်ကာ အကျပ်ကိုင်ထိန်းချုပ်ထားကြောင်း စစ်တပ်အသိုင်းအဝိုင်းက ထုတ်ဖော်ပြောကြားလာသည်။

အာဏာသိမ်းပြီးချိန်မှစကာ စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုသဖြင့် ရာနှင့်ချီသော ရဲတပ်ဖွဲ့ဝင်များ CDM ပြုလုပ်ခဲ့ကြပြီး ယခုအချိန်တွင် တပ်မတော်အရာရှိများပါ တစ်ယောက်ပြီးတစ်ယောက် CDM ပြုလုပ်လာကြသည်ကို တွေ့ရသည်။

ရန်ကုန်မြို့တွင် ဆန္ဒပြမှုများကို ဖြိုခွင်းရန် တာဝန်ချထားခြင်းခံရသည့် တပ်မ ၇၇ မှ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးအပါအဝင် တပ်မတော်သား ၄ ဦး ပြီးခဲ့သည့်လအတွင်း CDM ပြုလုပ်ခဲ့ပြီးနောက် စစ်တပ်ကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေသော တပ်မတော်သားများ ထပ်မံထွက်ပေါ်လျက် ရှိသည်။

စစ်အာဏာသိမ်းမှုကို မလိုလားသောကြောင့် အာဏာဖီဆန်လိုသူ တပ်မတော်သားများစွာရှိနေသော်လည်း တပ်မိသားစုဝင်များမှာ ရာဇဝတ်ဂိုဏ်းဆန်ဆန် ပြန်ပေးဆွဲခံထားရသကဲ့သို့ဖြစ်နေကြောင်း CDM ပြုလုပ်ခဲ့သူ တပ်မတော်အရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။

“အခုအခြေအနေက အဲ့လိုကို ဖြစ်နေတာ။ အခုလက်ရှိ တပ်တွင်းမှာ နေထိုင်တဲ့သူတွေဆိုရင်တော့ ပြန်ပေးဆွဲခံထားရသလိုပဲ။ တပ်မတော်သားတစ်ယောက် သူလုပ်ချင်တာ လုပ်ခွင့်မရအောင် သူ့ရဲ့မိသားစုကို ထိန်းချုပ်ထားတာပေါ့။ ပြေးရင်တော့ သူ့မိသားစုကိုပါ ခေါ်ပြီးပြေးမှရမယ်။ ဒါက မြေပြင်မှာ တကယ်ဖြစ်ပျက်နေတာ” ဟု ရှမ်းပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်ရှိ တြိဂံတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၅၂၈ (ခြေမြန် တပ်ရင်း) တွင် တပ်ခွဲမှူးတာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ကြီးလင်းထက်အောင်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ ယခုသီတင်းပတ်အတွင်း CDM ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက အပြစ်မဲ့အရပ်သားပြည်သူများကို မတရားသဖြင့် ဖမ်းဆီးနှိပ်စက်နေခြင်း၊ ပစ်ခတ်သတ်ဖြတ်နေခြင်းများကို သိသော်လည်း မိသားစုဝင်များကို ထောက်ရှုနေရသည့်အတွက် တပ်ကို စွန့်ခွာကာ CDM ပြုလုပ်ရေးတွန့်ဆုတ်နေကြသည်ဟု ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။

“သူတို့အနေနဲ့လည်း သိတယ်။ ဒါကြီးကို မတရားမှန်းသိတယ်။ ဒါပေမဲ့ မိသားစုဆိုတဲ့အရာတစ်ခုကို ထောက်နေရတယ်။ မတရားမှုကို သိကြပါတယ်။ စိတ်ခံစားချက်ကလည်း မခံချိမခံသာ ဖြစ်ကြပါတယ်။ မတရားမှုမှန်းလည်း သိကြပါတယ်။ သိသိကြီးနဲ့ကို မျက်လုံးစုံမှိတ်ပြီးတော့ နေနေကြရတဲ့ အတိုင်းအတာပါ” ဟု ၎င်းက ပြောသည်။

မိသားစုဝင်များကို အကာအကွယ်ရမည်ဆိုပါက ၇၅ ရာခိုင်နှုန်းနှင့်အထက် တပ်မတော်သားများသည် ပြည်သူနှင့်အတူ ရပ်တည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်လာနိုင်ကြောင်းလည်း လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုထံ ခိုလှုံနေသူ ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။

တပ်မတော် တပ်ရင်းတပ်ဖွဲ့များတွင် တပ်မိသားစုဝင်များ၏ နေထိုင်သွားလာမှုကို အာဏာမသိမ်းမီကတည်းကပင် စတင်တင်းကြပ်ခဲ့ပြီး လက်ရှိတွင်လည်း တပ်တွင်း၌ လုံခြုံရေးအထူးတင်းကြပ်ထားသည်ဟု မန္တလေးတိုင်းအတွင်းရှိ ဆက်သွယ်ရေးတပ်မှ အရာရှိတစ်ဦး၏ ဇနီးဖြစ်သူက Myanmar Now ကို ပြောသည်။

“နှစ်ပတ်လောက်တောင် ရှိနေပြီ၊ သူနဲ့ အဆက်အသွယ်မရတာ။ သူတို့အထဲက ထွက်လို့မရဘူး။ လုံခြုံရေးကလွဲလို့ လုံးဝထွက်မရဘူး။ မနက်တစ်ကြိမ် ညတစ်ကြိမ် တန်းစီစစ်တယ်။ လူစာရင်းကောက်တယ်ပေါ့။ ထွက်ပြေးတာတွေလည်း ရှိနေတော့” ဟု အမျိုးသားတာဝန်ကျရာ လိုက်ပါနေထိုင်ခြင်းမရှိသူ အဆိုပါ အရာရှိကတော်က ပြောသည်။

အမျိုးသားဖြစ်သူနှင့်အတူ တပ်အတွင်းလိုက်ပါနေထိုင်ခြင်း မရှိသောကြောင့် အာဏာသိမ်းပြီးချိန်မှစကာ Facebook အကောင့်ပေးထားရသည့်အပြင် သုံးစွဲနေသည့် ဖုန်းနံပါတ်နှစ်ခုလုံးကိုလည်း ပေးထားရသည်ဟု ဆိုသည်။

“ဘယ်တုန်းကမှ တပ်ထဲလိုက်မနေတော့ သူက အကုန်တော့ သေသေချာချာ ပြောမပြဘူး။ တစ်ခုခုဆို သူပဲ ဒုက္ခရောက်မှာတဲ့။ တခါတလေ ထောင်ကျတော့မှာတဲ့။ ရာထူးမတက်တာကို ရွေးမလား၊ ထောင် တစ်နှစ်၊ နှစ်နှစ်ကို ရွေးမလား အဲလိုခြိမ်းခြောက်တာတွေလည်း ရှိတယ်ပြောတယ်။ ကျွန်မကြောင့် သူ့တက်လမ်းပိတ်တယ်လို့ သူတို့အချင်းချင်း ပြောကြတယ်တဲ့” ဟု အဆိုပါ တပ်မတော်အရာရှိဇနီးက ပြောသည်။

ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) အပတ်စဉ် ၉ ကျောင်းဆင်းဖြစ်သူ အမျိုးသားဖြစ်သူမှာ အာဏာမသိမ်းမီကတည်းကပင် တပ်ကထွက်ရန် ကြိုးပမ်းနေသူဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

သတင်းအမှောင်ချခြင်း၊ အကြီးအကျယ်ဝါဒဖြန့်ခြင်းတို့ကြောင့် ဗိုလ်ချုပ်များပြောသမျှ လက်ခံသူများလည်း ရှိနေသည်။

“အခုက အင်တာနက်လည်း မရတော့ မြဝတီကြည့်ပြီး အမှန်ထင်နေကြတာ။ အနီနဲ့အစိမ်းအားပြိုင်ပွဲလို့ ထင်နေကြတာ။ မဲမသမာမှုကြောင့် လုပ်လိုက်ရတယ်။ တစ်နှစ်အတွင်း ရွေးကောက်ပွဲပြန်လုပ်ပြီး အာဏာပြန်လွှဲပေးမယ်ဆိုတဲ့ ဝါဒဖြန့်တဲ့ဟာတွေကို အမှန်ထင်နေကြတာတွေလည်း ရှိတယ်” ဟု တပ်တွင်းမိသားစုဝင်များ၏ အခြေအနေနှင့် ပတ်သက်၍ အဆိုပါ စစ်တပ်အရာရှိဇနီးသည်က ပြောသည်။

တပ်တွင်းမိသားစုလိုင်းခန်းတွင် လက်ရှိနေထိုင်လျက်ရှိသည့် အခြားတပ်မတော်အရာရှိဇနီးသည်တစ်ဦးကို Myanmar Now က ထပ်မံဆက်သွယ်မေးမြန်းရာတွင် ဖုန်းဖြင့် ပြောဆိုရသည်မှာ လုံခြုံရေးစိတ်မချရကြောင်း၊ လွတ်လွတ်လပ်လပ် မပြောဆိုနိုင်သည့်အတွက် စိတ်မရှိပါရန်သာ အကြောင်းပြန်ခဲ့သည်။

စစ်အာဏာသိမ်းမှုနှင့် အရပ်သားပြည်သူများကို သတ်ဖြတ်နေမှုများကြောင့် စစ်တပ်မှ ထွက်ချင်သူများနေသော်လည်း တပ်တွင်းဝန်ထမ်းအိမ်ရာတွင် နေထိုင်ကြရသည့် မိသားစုဝင်များကို ငဲ့ကွက်နေရသည်ဟု မှော်ဘီအခြေစိုက် တောင်ပိုင်း လေတပ်ကွပ်ကဲမှုတွင် တာဝန်ထမ်းဆောင်ခဲ့သူ တပ်ကြပ်ကြီးတစ်ဦးက ဆိုသည်။

“တပ်မတော်ဆိုတာ အမည်နာမ သတ်မှတ်ချက်တစ်ခုပဲဗျ။ တပ်မတော်နဲ့ တိုင်းပြည်ကို ရွေးရမယ်ဆိုရင် တိုင်းပြည်ကို ရွေးရမှာပဲဗျ” ဟု အဆိုပါတပ်ကြပ်ကြီးက ဆိုသည်။

၎င်းနှင့်အတူ လေတပ်မှ အခြားတပ်ကြပ်ကြီးတစ်ဦးနှင့် ကြည်းတပ်မှ တပ်ကြပ်ကြီးအဆင့်ရှိ အမျိုးသမီးစစ်သည်တစ်ဦးတို့သည် CDM ပြုလုပ်ကာ ယခုသီတင်းပတ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုထံတွင် ခိုလှုံခဲ့ကြသည်ဟု ဆိုသည်။

မကြာသေးမီက သိမ်းပိုက်ရရှိခဲ့သည့် တပ်မတော်စစ်စခန်းတစ်ခုမှ ဖမ်းဆီးရမိသော စစ်သားများကို စစ်ဆေးရာတွင် ရှေ့တန်းရောက် အဆိုပါစစ်သားများသည် အထက်ခေါင်းဆောင်များ၏ ဦးဆောင်လမ်းညွှန်မှု၊ ဖေးမပံ့ပိုးမှု တစ်စုံတစ်ရာမရှိဘဲ အမိန့်သက်သက်ဖြင့် လာနေကြရခြင်းဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုတိယစစ်ဦးစီးချုပ် စောဘောကျော်ဟဲက Myanmar Now ကို ပြောသည်။

“မိသားစုနဲ့ အဆက်အသွယ်မရှိ၊ ဆိုရှယ်မီဒီယာအသုံးပြုခွင့်မရှိ၊ ဘာအကျိုးခံစားခွင့်မှ မရှိဘဲ လာနေကြရတာဖြစ်တယ်။ နှစ်ရှည်လများဖြစ်လာတဲ့အခါမှာ ဒီစစ်သည်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာမယ်ဆိုတာ အနည်းနဲ့အများ သုံးသပ်မိပါတယ်။ စစ်ဆင်ရေးတွေလုပ်ဖို့ နေပြည်တော်က ညွှန်ကြားလာတဲ့အခါတိုင်းမှာ ရှေ့တန်းစစ်စခန်းက စစ်သည်တွေက အမျိုးမျိုးလိမ်ညာပြီး အစီရင်ခံနေတာကို ကျွန်တော်တို့ ကြားသိနေရပါတယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ CDM ပြုလုပ်လာသူ တပ်မတော်အရာရှိများ တစ်ယောက်ပြီးတစ်ယောက်ပေါ်ထွက်လျက်ရှိသည့်နည်းတူ အာဏာ သိမ်းစစ်ကောင်စီအကြီးအကဲများကိုယ်တိုင် ယခုရက်ပိုင်းအတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များကို လိုက်လံတွေ့ဆုံကာ ဟောပြောစည်းရုံးလျက်ရှိသည်ကို တွေ့ရသည်။

ဧပြီ ၁၀ ရက်က ရမည်းသင်းမြို့နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးစစ်သင်တန်းကျောင်းသို့ ရောက်ရှိစဉ် တပ်မတော်ဒုတိယအကြီးအကဲနှင့် စစ်ကောင်စီဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “သွားသင့်သည့်နေရာသို့သာ သွားရန်၊ ပြောသင့်သည့်စကားကိုသာ ပြောရန်၊ လုပ်သင့်သည့်အလုပ်ကိုသာ လုပ်ရန်၊ ပေါင်းသင့်သည့်သူနှင့်သာ ပေါင်းရန်” တပ်မတော်သားများနှင့် မိသားစုဝင်များကို သတိပေးပြောကြားခဲ့သည်။

ထို့ပြင် စစ်ကောင်စီ၏ တရားဝင်ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံသို့ လာရောက်သတင်းယူခဲ့သည့် CNN သတင်းဌာန၏ သတင်းထုတ်လွှင့်ချက်များကို မယုံကြည်ကြရန်လည်း ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သတိပေးခဲ့သည်။

တောင်ကြီးတပ်နယ်တွင် ဧပြီ ၈ ရက်က အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် တွေ့ဆုံစဉ်၌ လည်း ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “ဆိုရှယ်မီဒီယာပေါ်တွင် မဟုတ်မမှန်လှုံ့ဆော်မှုများကို သတိထားဆင်ခြင်ရန်၊ တပ်တွင်းစည်းလုံးညီညွတ်ရေးကို ရေပက်မဝင်အောင် တည်ဆောက်ရန်” မှာကြားခဲ့သည်။myanmar now

အကြမ်းဖက်စစ်ကောင်စီရဟတ်ယာဉ်အား မှားယွင်းပစ်ခတ်မိတယ်လို့ SS PP ထုတ်ပြန်

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ရဲ့ ဝမ်ဟိုင်းဌာနချုပ်ကို လာတဲ့ စစ်ကောင်စီရဟတ်ယာဉ်ကို ပစ်ခတ်တာဟာ မှားယွင်းပစ်ခတ်မိတာဖြစ်တယ်လို့ SSPP က ထုတ်ပြန်ထားပါတယ်။ အဆိုပါပစ်ခတ်မှုကြောင့် ရဟတ်ယာဉ်ပေါ်ရှိ စစ်ကောင်စီအရာရှိတဦး ကျည်ထိမှန်ပြီး ရဟတ်ယာဉ်က ပြန်လှည့်ပြန်သွားခဲ့တာပါ။ ပစ်ခဲ့တဲ့ တပ်ဖွဲ့ဝင်အား အရေးယူသွားမယ်လို့ SSPP ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။khit thit

ပြည်ကြီးတံခွန်မြို့နယ်က စစ်မှုစုပေါင်းသပိတ်စစ်ကြောင်း

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ ဧပြီလ ၁၂ ရက်နေ့က စစ်အာဏရှင်စနစ်အမြစ်ပြတ်ကျဆုံးရေးအတွက် စက်မှုစုပေါင်းသပိတ်စစ်ကြောင်းဟာ ဆိုင်ကယ်တွေနဲ့ ချီတက်ခဲ့ကြပါတယ်။အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ဆန္ဒပြသူတွေကို ပိတ်ဆိုဖြိုခွင်းဖို့ ရောက်လာခဲ့ပေမဲ့ ဆန္ဒပြသူတွေဟာ အချိန်မီ လူစုခွဲ ရှောင်တိမ်းနိုင်ခဲ့တာကြောင့် ဖမ်းဆီးခံရသူ မရှိခဲ့ဘူးလို့ သိရပါတယ်။ DVB

တမူးမြို့မှာ ၅ နာရီကျော်ကြာပစ်ခတ်မှုကြောင့် ပြည်သူတွေ ဘုရားကျောင်းထဲ နဲ့ ထမင်းစားနေရင်းတန်းလန်း ကျည်ကွယ်ရာမှ ပုန်းခိုနေကြ

အရင်နေ့က စစ်ကောင်စီဘက်က ၁၈ ယောက်သေဆုံးတာကြောင့် ဒီမနက် ၆ နာရီကစပြီး ၁၁ နာရီထိ အင်အားအလုံးအရင်းနဲ့ ပြည်သူ့ခံတပ်တွေကို စီးနှင်တိုက်ခိုက်ကြပါတယ်။

“Grace ဆေးရုံးကိုလည်း ဝင်စီးသွာတယ်။Mathodist ဘုရားကျောင်းကိုလဲ ဝင်စီးသွားတယ်။ဖုန်း‌ေတွအကုန်ယူသွားတယ်။ ပစ်ခတ်တဲ့နေရာက Sandaku ရပ်ကွက်ပစ်တယ်။ပြီးတော့ ဈေးတန်းပစ်တယ်။ပြီးတော့ စော်ဘွားရပ်ကွက်ပစ်တယ်။ မြို့မကို တစ်ခါမှ မပစ်ဘူးသေးဘူး။

တမူးမြို့မှာ ရက်ကွက် ကြီး လေးကွက်ပဲရှိတယ်။အဲဒီမြို့မ ရပ်ကွက်(အောက်ကျင်း)ဖက်က အစိမ်းတွေကြီးပဲ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ပြည်သူဘက်က ၇ နှစ်အရွယ် ကလေးသေဆုံးတယ်လို့ကနဦးသတင်းရရှိထားပါတယ်။

အနည်းဆုံး လူ ၂ ယောက် လက်နောက်ပြန်ကြိုးတုတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။Sandaku ရပ်ကွက်ဖက်မှာတော့ လက်နက်ကြီးသုံးတယ်လို့ပြောပါတယ်။ စော်ဘွားရပ်ကွက်ဖက်မှာတော့ RPG တွေ လွယ်ထားကြပေမယ့်မသုံးဘူးလို့သိရတယ်။ Zelen

ကချင်ပြည်နယ် ဒေါ့ဖုန်းယန် မြို့ နယ်ထဲက KIA စခန်းတခုကို အ ကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၁၂ ရက် မနက်ပိုင်းကတည်းက လေ ကြောင်းကနေ တိုက်ခိုက်

Kachin news

စစ်ကောင်စီတပ်တွေ ပစ်ခတ်ဖမ်းဆီးနေလို့ တမူးမြို့ခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ စစ်ကောင်စီကတပ်တွေ ဝင်ရောက်ပစ်ခတ်တာ၊ ဖမ်းဆီးတာတွေ ကြမ်းကြမ်းတမ်းတမ်း လုပ်ဆောင်နေလို့ ပြည်သူတွေ ထွက်ပြေး​နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ဒီကနေ့ မနက် ၆ နာရီလောက်က စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့အတွင်းက အတားအဆီးတွေကို အင်အားသုံး ဝင်ရောက် ရှင်းလင်းနေခဲ့တာပါ။

အိမ်တွေကို ဝင်စစ်တယ်၊ ဓာတ်ပုံတွေ ပါပါတယ်။ မြို့ခံ အမျိုးသမီး နှစ်ယောက်က အိမ်တွေ လိုက်ပြတယ်။ သေနတ်တွေနဲ့ ပစ်တာတွေလုပ်တော့ ကျည်အစစ်ထိထားသူတွေလည်း ရှိတယ်။

အခုကတော့ တမူးမှာ မနေရဲကြတော့လို့ တော်တော်များများ ထွက်ပြေးနေကြရတယ်လို့ တမူးဒေသခံတယောက်က ပြောပါတယ်။တမူးမြို့ဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြတာတွေ နေ့စဥ်လုပ်ဆောင်ခဲ့ပြီး ဒီရက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေကို ပြန်လည် ခုခံတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် စစ်တပ်ဘက်ကလည်း အကျဆုံးရှိခဲ့ပါတယ်။ RFA

တရုတ်ပြည်ကို တို့မပေး မြန်မာ ဖရဲသီးချိုချိုလေး

ဧပြီလ ၁၂ ရက်နေ့မှာ ပြည်တွင်းဖြစ်ကိုအားပေးရေး ကမ်ပိန်းကို မရမ်းကုန်း ၊သမိုင်းမှာ လူငယ်တွေပြုလုပ်နေကြတာပါ။ ဖရဲစိုက်တောင်သူတွေ တရုတ်ပြည်ကို ဖရဲတင်ပို့လို့မရရင်လဲ ပြည်တွင်းကသူတွေ ဝယ်ယူအားပေးကြမယ်၊ ပြည်တွင်းဖြစ်ကိုများများအသုံးပြုကြမယ်လို့ လူငယ်တွေက ပြောပါတယ်။ mizzima

မိုးမောက်မှာ စစ်တပ်က ပစ်တဲ့ လက်နက်ကြီး ရွာထဲကျလို့ ဒေသခံနှစ်ဦး သေဆုံး

မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေပြင်းထန်နေပြီး မနေ့ဧပြီ ၁၁ ရက်ညက စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ရွာတွေထဲ ကျရောက်ပေါက်ကွဲတာကြောင့် နှစ်ဥဦးသေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။မိုးမောက်မြို့နယ် နတ်မိုးကျေးရွာက အမျိုးသမီးတစ်ဦးနဲ့ ရွှေမြောင်းကျေးရွာက အမျိုးသားတစ်ဦးသေဆုံးပြီး အခြားတစ်ဦး ခြေထောက်မှာ ကျည်မှန်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကုန်းလောကျေးရွာရဲ့ ဘုန်းကြီးကျောင်းအရှေ့က မဏ္ဍပ်လည်း လက်နက်ကြီးကျပြီး ပျက်စီးသွားပေမယ့် လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။”ညတစ်နာရီလောက်မှာ လက်နက်ကြီးတွေ ဆက်တိုက်ပစ်တော့တာပဲ။မီးကျည်တန်းတွေ ကောင်းကင်မှာမြင်နေရတယ်။ မြေကြီးတွေခါ(တုန်)ကြောက်စရာကြီး”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ကုန်လောကျေးရွာအနောက်ဘက်မှာ စစ်တပ်စခန်းကို ကေအိုင်အေက ချုံခို ပစ်ခဲ့လို့ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာလို့ သိရပါတယ်။မတ်လနောက်ဆုံးအပတ်က စစ်တပ်စိုးမိုးကုန်းဖြစ်တဲ့ အလောဘွမ်တပ်စခန်းကို ကေအိုင်အေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် စစ်တပ်က ထိုးစစ်ဆင်ပြီး ပြန်လည်တိုက်ခိုက်နေတဲ့အတွက် မိုးမောက်မြို့နယ်နဲ့ ဗန်းမော်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ voice of myanmar

« Older Entries