Monthly Archives: Apr 2021

စစ်ကောင်စီက အကြမ်းဖက် ဝင်ရောက်ဖြိုခွင်း ပစ်ခတ်နေပြီး ဒေသခံပြည်သူတွေက ပြန်လည်ခုခံ တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ထက်မနည်း သေဆုံး

ဧပြီလ ၁၉ ရက် မြင်းခြံမြို့ အမှတ် ၆ နဲ့ အမှတ် ၄ ရပ်ကွက်တွေမှာ စစ်ကောင်စီက အကြမ်းဖက် ဝင်ရောက်ဖြိုခွင်း ပစ်ခတ်နေပြီး ဒေသခံပြည်သူတွေက ပြန်လည်ခုခံ တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ထက်မနည်း သေဆုံးတယ်လို့ မျက်မြင် ဒေသခံတဦးက ပြောပါတယ်။ မြို့ခံပြည်သူတွေလည်း အကျအဆုံးများ ရှိနေပြီး တရစပ်ပစ်ခတ်မှုတွေကြောင့် ကျဆုံးပြည်သူတွေရဲ့ အလောင်းများကို မကောက်နိုင်သေးဘူးလို့ သိရပါတယ်။khit thit

ဖက်ဒရယ်တပ်မတော်အတွက် ရန်ကုန်လူငယ်များ ပူးပေါင်းပါဝင်ရန် အသင့်ဖြစ်နေ

ဖယ်ဒရယ်တပ်မတော် (Federal Army) ဖွဲ့စည်းတည်ထောင်သည့်အခါ၌ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီလက်နက်ကိုင်စစ်အုပ်စုအား အမြစ်ပြတ်ဖြုတ်ချရေးအတွက် ရန်ကုန်မြို့နေလူငယ်တချို့က အတူတကွပူးပေါင်းတိုက်ပွဲဝင်ရန် ပြင်ဆင်ထားသည်ဟု သိရသည်။ myanmar now

မြင်းခြံ အမှတ် ၆ ခံတပ် ထပ်မံဖြိုခွင်းခံရပြီး နှစ်ဦး ဒဏ်ရာရ

ယမန်နေ့က ဖြိုခွင်းခံရသည့် ခံတပ်ကို ဒေသခံများက ပြန်တည်ဆောက်ရာ စစ်ကောင်စီက ထပ်မံဖြိုခွင်းနေပြီး ပြည်သူနှစ်ဦး ဒဏ်ရာရကာ ထောင်နှင့်ချီသော မြို့ခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

အာဏာသိမ်းစစ်တပ်က ယမန်နေ့ကတည်းက ဖြိုခွဲနေသော မြင်းခြံမြို့၊ အမှတ် ၆ ရပ်ကွက် လမ်းမတော်ခံတပ်ကို ယနေ့နံနက်ပိုင်းက အင်အားအလုံးအရင်းဖြင့် စီးနင်းပစ်ခတ်ရာ ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရရှိထားသည်။ မြင်းခြံမြို့တွင် အင်အားအတောင့်တင်းဆုံးဖြစ်သည့် ထိုခံတပ်ကို အရုဏ်တက်ချိန်၌ ပြန်လည်တည်ဆောက်ရာ စစ်အုပ်စု၏ လက်နက်ကိုင်တို့က နံနက် ၇ နာရီမှ စတင်ကာ စီးနင်းကြောင်း၊ နံနက် ၁၀ နာရီခွဲဝန်းကျင်အထိ ပစ်ခတ်ဖြိုခွဲနေဆဲဖြစ်ကြောင်း သိရသည်။

ဒေသခံ အမျိုးသားနှစ်ဦးသည် လည်ပင်းနှင့် ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိထားကြောင်း၊ လည်ပင်းထိမှန်သူမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများအဆိုအရ သိရသည်။“တပ်က အမှတ် ၆ ရပ်ကွက် ကြားလမ်းတွေထဲထိ ဝင်ပစ်တယ်။ လမ်းပေါ်ထွက်တာနဲ့ အကုန်ပစ်နေတာ။ ဘာမှ စစ်ဆေးမေးမြန်းခြင်းကို မရှိဘဲနဲ့ ပစ်နေတာ။ လက်ရှိ မြင်းခြံရဲ့ လုံခြုံရေးအခြေအနေက စိုးရိမ်ရေမှတ်ရဲ့ အောက်ဆုံး၊ သုညအောက်ထိ ရောက်နေပြီ” ဟု မြင်းခြံမြို့ခံတစ်ဦးက ပြောသည်။

ထို့ပြင် အမှတ် ၆ ရပ်ကွက်နှင့် လမ်းမတော်လမ်းတလျှောက်ရှိ နေအိမ်များကို စစ်တပ်က ယနေ့မနက်ပိုင်းမှစတင်ကာ တစ်အိမ်တက်ဆင်း ဝင်ရောက်ရှာဖွေနေသည်။အနီးတဝိုက်ကျေးရွာများဖြစ်သည့် လေးအိမ်တန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာများအထိ လိုက်လံပစ်ခတ်နေသည်ဟု ဒေသခံတချို့က ပြောသည်။ လမ်းမတော်ခံတပ်ကို ယမန်နေ့ ညနေ ၆ နာရီမှ ည ၁၀ နာရီကျော်အထိ လေးနာရီကျော်ကြာ အင်အားအလုံးအရင်းဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ပြီး ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပြည်သူ ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်၏ လက်နက်ကိုင်များက “အမှတ် ၆ ခံတပ်ကြီးရယ်၊ နေပါဦး၊ ပစ်လို့ကောင်းနေတုန်း” ဟု ကြွေးကြော်ပြီး လက်နက်ကြီးများအပါအဝင် တပ်အင်အား ၂၀၀ ကျော်ဖြင့် ယမန်နေ့ ညပိုင်းက ဖြိုခွဲခဲ့ခြင်းဖြစ်သည်ဟု အမှတ် ၆ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ ခံတပ်အပြင် နေအိမ်များကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ပြီး နေအိမ် ၃ လုံးတွင် ကျည်ထိမှန်ခဲ့သော်လည်း ဒဏ်ရာရသူ မရှိခဲ့ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။ လက်နက်ကိုင်တပ်များ၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် အမှတ် ၆ ရပ်ကွက်မှ ထောင်နှင့်ချီသည့် ဒေသခံများ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဒေသခံများက ရိုးရာလက်လုပ်တူမီးသေနတ်များ၊ ဖန်ဂေါ်လီထည့်ပစ်ရသည့် လက်လုပ်ဂက်စ်သေနတ်များဖြင့် ပြန်ခုခံနေပြီး အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူများရှိသော်လည်း အရေအတွက်မသိရသေးကြောင်း ဒေသခံများက ပြောသည်။ ယူနီဖောင်းဝတ်မထားသည့် စစ်သားတချို့က လူနေရပ်ကွက်များအတွင်း ဆိုင်ကယ်ဖြင့် ရောက်လာပြီး လိုက်လံပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်။ မြင်းခြံမြို့တွင် စစ်ကောင်စီ၏လက်နက်ကိုင်တပ်များ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုများကြောင့် သေဆုံးရသည့် အရပ်သားပြည်သူ ၂၃ ဦး ရှိလာပြီဖြစ်သည်။ အမှတ် ၆ ရပ်ကွက်အပြင် မြင်းခြံမြို့ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်တို့ကိုလည်း ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်နေသည်။

“ဒီနေ့ ပစ်ခတ်နေတာက တိုင်းရင်းသားနယ်မြေတွေမှာ နယ်မြေရှင်းလင်းရေးလုပ်တဲ့ ပုံစံမျိုးကို လုပ်နေတာ” ဟု မြင်းခြံမြို့ အခြားဒေသခံတစ်ဦးက ပြောသည်။ ယနေ့မနက်ပိုင်းက အမှတ် ၆ ရပ်ကွက်တွင် ပြုလုပ်သည့် အရုဏ်ဦးသပိတ် လူစုခွဲချိန်တွင် စစ်တပ်က ဝင်လာပြီး ဖြိုခွဲရာ ဆန္ဒပြသူများ ရှောင်တိမ်းလွတ်မြောက်သွားသော်လည်း ဆိုင်ကယ်များကို လက်နက်ကိုင်များက သိမ်းဆည်းသွားကြောင်း အဆိုပါ ဒေသခံက ပြောသည်။

မြင်းခြံအမှတ် ၆ ပင်မခံတပ်ကို ပစ်ခတ်ဖြိုခွဲမှုများ လုပ်ဆောင်နေသော်လည်း ပင်မသပိတ်မှ ခေါင်းဆောင်များသည် ကျေးလက်သပိတ်စစ်ကြောင်းနှင့် ပူးပေါင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဧရာဝတီမြစ်တွင် လှေများဖြင့် ချီတက်ဆန္ဒပြခဲ့ကြသေးသည်။myanmar now

မန္တလေးအထွေထွေတပ်ပေါင်းစုသပိတ် ဖြိုခွဲခံရပြီး ၁၁ ဦး အဖမ်းခံရ

အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒပြနေသော မန္တလေးအထွေထွေတပ်ပေါင်းစုသပိတ် ယနေ့ (ဧပြီ ၁၉) နံနက်က ဖြိုခွဲခံရပြီး ၁၁ ဦး အဖမ်းခံရသည်။ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်အတွင်း သပိတ်စတင်ချိန် မနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ရဲကား၊ စစ်ကား ၇ စီး ရောက်ရှိလာပြီး သပိတ်စစ်ကြောင်းရှေ့ဆုံးမှ လူတစ်ဦးကို ကားဖြင့်တိုက်ကာ ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများ သုံးကာ ဖြိုခွဲခဲ့ပြီး သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ယင်းသပိတ်စစ်ကြောင်းတွင် ပါဝင်သူ ဗကသအဖွဲ့ဝင် ကျောင်းသားတစ်ဦး ပြောသည်။

“ကားနဲ့တိုက်ခံရသူက ဒဏ်ရာရတယ်။ တခြားသူတွေ ထိခိုက်မိတာတော့ မရှိပါဘူး။ ဖမ်းခံရသူတွေထဲ (ဗကသ) ကျောင်းသားသုံးဦးပါတယ်”ဟု ၎င်းက ဆိုသည်။ဖမ်းခံရသူ ၁၁ ဦးအနက် လေးဦးမှာ အမျိုးသမီးများဖြစ်ကြသည်ဟု သပိတ်တွင် ပါဝင်သူများက ပြောသည်။ မန္တလေးတွင် ဒေါင်းစစ်သည်သပိတ်စစ်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများသပိတ်စစ်ကြောင်း၊ ပညာရေးသပိတ်စစ်ကြောင်း၊ အလုပ်သမားလယ်သမားစစ်ကြောင်း၊ မန္တလေးတက္ကသိုလ်သပိတ်စစ်ကြောင်း၊ ဘုရားကြီးသပိတ်စစ်ကြောင်း၊ အထက(၇)ကျောင်းသားများသပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်းများ အသီးသီးပူးပေါင်းကာ တပ်ပေါင်းစုသပိတ်စစ်ကြောင်းအဖြစ် စစ်အာဏာရှင်ကို နေ့စဉ် တော်လှန်နေကြသည်။

ယနေ့မနက်တွင် အလားတူပင် မန္တလေး ၆၆ လမ်း၊ ၄၀ လမ်း၌ စစ်အာဏာရှင်တော်လှန်ရေးဆိုင်ကယ်သပိတ်ကို စစ်ကောင်စီတပ်က ကားဖြင့်တိုက်ကာ ဖြိုခွဲခဲ့သည်။ ဒဏ်ရာရသူနှင့် ဖမ်းဆီးရမိသည့် အခြေအနေကို Myanmar Now က အတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။ပြီးခဲ့သည့် ဧပြီ ၁၅ ကလည်း မန္တလေးမြို့ကျန်းမာရေးမိသားစုသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်များက အကြမ်းဖက်ဖြိုခွင်းရာ ၁၆ ဦးထက်မနည်း အဖမ်းခံရသည်။

မန္တလေးတွင် သေနတ်သမားတို့က သပိတ်စစ်ကြောင်းများကို ဖြိုခွင်းပစ်ခတ်ခြင်းသာမက ညအချိန်တွင် လူနေရပ်ကွက်များအတွင်း ပစ်ခတ်ခြောက်လှန့်ကာ ဖမ်းဆီးခြင်းများရှိနေသည်။ယင်းသို့ စစ်ကောင်စီက နေ့မအားညမနား ပြုလုပ်နေသော်လည်း မန္တလေးပြည်သူတို့၏ စစ်အာဏာရှင်တော်လှန်ရေး နေ့သပိတ်ညသပိတ်များက အားကောင်းနေဆဲဖြစ်သည်။Myanmar Now

ကျိုင်းတုံအခြေစိုက် RCSS စခန်းကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ခိုက်

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ လွိုင်ကော်ဝမ်းရှိ  RCSS/SSA ရှမ်းပြည်တပ်မတော် စစ်စခန်းကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ  တုံတာမြို့နယ်အခြေစိုက် မြောက်တပ်က ဧပြီ ၁၈ ရက် ညနေပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။ 

မနေညနေ ၅ နာရီခွဲကျော် ၆ နာရီလောက်မှာ RCSS/SSA စစ်ဒေသ ( ၁ ) နယ်မြေ ဟွေ့ပန်ကွဲရွာဘက်ကို ၁၂၀ မမ လက်နက်ကြီး ၂ ကြိမ် ကျရောက်ခဲ့လို့ အနီးနားရှိ ရွာသားပေါင်း ၁၀၀ ကျော် ထိတ်လန့်တကြားနဲ့ ထွက်ပြေးလာခဲ့တယ်လို့  RCSS/SSA  ဒေသ (၁) ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကွဏ်းစင့်က ဒီဗွီဘီကို ပြောပါတယ်။ 

“လက်နက်ကြီးကျည်က တုံတာအခြေစိုက် အမှတ် ၃၅၈ အမြောက်တပ်ရင်းဘက်ကနေ လာတာပါ။  ကျနော်တို့တပ်ရဲ့ အနောက်ဘက် စစ်ပြေးရှောင်တွေနေတဲ့ ပန်ကွဲရွာဘက်ကို ကျလာ တယ်။  လူနေအိမ်တွေတော့မထိဘူး ကျွဲတင်းကုပ်၊ နွားတင်းကုပ်နားကျတယ်။ ကျွဲနွားတွေလည်း စားကျက်ထဲမှာဆိုတော့ လူနဲ့တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရတာမရှိပါဘူး၊ ဒါပေမဲ့ အဲဒီဘက်က လယ်ယာထဲမှာအလုပ်လုပ်နေတဲ့လူတွေတော့ ကြောက်လန့်ပြီး ကျနော်တို့တပ်ဘက် ထွက်ပြေး လာကြတယ်၊  လူတစ်ရာလောက်ရှိမယ်”။

ထွက်ပြေးလာတဲ့ရွာသားတွေကို သူတို့တပ်ဘက်က စောင့်ရှောက်ထားကြောင်း၊  သူတို့တပ်နဲ့ တုံတာအခြေစိုက် စစ်တပ်ဟာ မျက်နှာချင်းဆိုင်ရှိပြီး အရင်က ထိတွေ့ပစ်ခတ်မှု အနည်း ငယ်ရှိခဲ့ပေမယ့် ဒီတခေါက်တော့ လက်နက်ကြီးနဲ့အပစ်ခံရတာဖြစ်ပြီး ဘာကြောင့်ပစ်သလဲ ဆိုတာ မသိရဘူးလို့ ဗိုလ်မှူးကြီး ကွဏ်းစင့်က ပြောပါတယ်။ 

အခုလို အပစ်ခံရတာနဲ့ပတ်သက်ပြီး ဌာနချုပ်ကိုတော့ အကြောင်းကြားထားကြောင်း၊ သူတို့ တာဝန်ကတော့ မိမိတပ်လုံခြုံရေးနဲ့ မိမိနယ်မြေထဲက ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဒီမတိုင်ခင် မတ်လကုန်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာရှိတဲ့  RCSS/SSA စစ်စခန်းတွေကို ခြေမှုန်းသွားမယ်လို့  ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ရှိ ထိုင်း-မြန်မာ နယ်ခြားကော်မတီကို အကြောင်းကြားထားကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ 

RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ  တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။DVB

ဖားကန့်မြို့ရဲ့ စစ်တပ်ဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)က ဝင်ရောက်စီးနှင်း

ဖားကန့်မြို့ရဲ့ စစ်တပ်ဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)က ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ပြီး၊ အာဏာသိမ်းစစ် ကောင်စီရဲ့ တပ်များနဲ့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေထဲကနေ သိရပါတယ်။

ဖားကန့်မြို့ပေါ်ရှိ မြို့မရပ်ကွက်အတွင်းက ကလပ်ကုန်းမှာတပ်စွဲထားတဲ့ စစ်​ကောင်စီ၏ တပ်ဗျူဟာကုန်းကို မနေ့ည ၁၀နာရီအချိန်လောက်မှစပြီး တိုက်ပွဲပြင်းထန်​နေကြောင်း ဒေသခံတွေထံကနေ သိရပါတယ်။

ဒီလိုဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဖားကန့်မြို့ပေါ်ရပ်ကွက်တချို့က ပြည်သူများအနေနဲ့ ကတုတ်ကျင်းအတွင်း ပုန်း​​​အောင်း​နေ​ကြောင်း သိရပါတယ်။ဖားကန့်​မြို့နယ်အတွင်းမှာက မနေ့ညနေ ငါးနာရီအချိန်လောက်ကစပြီး ​အောင်ဘာ​လေ​ကျေးရွာအနီးက အာဏာသိမ်းစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်များနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA အကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး၊ ဖားကန့်မြို့စစ်တပ်ဗျုဟာကုန်းကို ကေအိုင်အေက ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တာပါ။mizzima

မင်းအောင်လှိုင်ကို ဖမ်းဖို့ Global Center for R2P အဖွဲ့ တောင်းဆို

အာဏာသိမ်းစစ်ကောင်စီရဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်သူဖြစ်တာကြောင့် တကယ်လို့ မြန်မာနိုင်ငံကနေ သူထွက်ခွာရင် နိုင်ငံတကာတရားစီရင်ခွင့်အရ သူ့ကို ဖမ်းဆီးသင့်တယ်လို့ Global Center for R2P အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Simon Adams က သူ့ရဲ့ Twitter လူမှုကွန်ရက်မှာ မနေ့က ရေးသားဖော်ပြခဲ့ပါတယ်။ ဧပြီလ၂၄ ရက်နေ့ကျရင် အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာမှာ ကျင်းပဖို့ရှိတဲ့ အာစီယံထိပ်သီး ဆွေးနွေးပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်လိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က စနေနေ့တုန်းက အတည်ပြုပြောဆိုတဲ့အကြောင်း Reuters သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတော့ အာစီယံဆွေးနွေးပွဲကို ဘယ်သူတက်မယ်ဆိုတာ ထုတ်မပြောသေးပါဘူး။

ASEAN အသင်းအနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို အစည်းအဝေးတက်ဖို့ ဖိတ်မယ့်အစား အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖိတ်သင့်တယ်လို့လည်း Global Center for R2P အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးက ဆိုပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့အစည်းတွေ ပါဝင်တဲ့အဖွဲ့ဖြစ်ပြီး ကုလသမဂ္ဂက လက်ခံထားတဲ့ အကာကွယ်ပေးဖို့ တာဝန်ရှိတယ်ဆိုတဲ့ R2P လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။RFA

မန္တလေးသပိတ်တပ်ပေါင်းစု ဖြိုခွင်းခံရ၊ ပိတ်မိသူများ ရှိနေ

ဧပြီ ၁၉ ရက် မနက်ပိုင်းက မန္တလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ခဲ့တဲ့ မန္တလေးသပိတ်တပ်ပေါင်းစု ဖြိုခွင်းခဲ့ခဲ့ရပြီး လေးဖက်လေးလံပိတ်ထားသဖြင့် ဆန္ဒပြသူတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။ DVB

« Older Entries