Monthly Archives: Apr 2021

ဗန်းမော်မြို့ စုပေါင်းရုံးအနီး အကြီးစားပေါက်ကွဲမှုဖြစ်ပွား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ဌာနဆိုင်ရာ စုပေါင်းရုံးအနီးမှာ ဧပြီ ၂၈ ရက် မနက် ၈ နာရီလောက်က အကြီးစားပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် ခရိုင်ရုံး မှန်ချပ်တွေကွဲခဲ့ရပြီး  အုတ်နံရံ မိုင်းစထိမှန်ခဲ့ပေမဲ့  လူတွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ ပေါက်ကွဲမှုကြောင့် စုပေါင်းရုံးမှာ CDM မဝင်ဘဲ ရုံးတက်နေကြတဲ့  ဝန်ထမ်းတွေလည်း စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရှိရပါတယ်။

အဆိုပါစုပေါင်းရုံးမှာ   ရဲနဲ့ စစ်သားလုံခြုံရေးအပြည့်ချထားတဲ့နေရာဖြစ်ပြီး အများပြည်သူ ဖြတ်သန်းသွားလာမှု မရှိအောင် ပိတ်ဆို့ထားတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ကလည်း ဗန်းမော်မြို့မှာ စစ်တပ်က ကုန်ကားတစ်စီးကို  ကေအိုင်အေအမှတ်နဲ့လိုက်ပစ်ခတ်ခဲ့လို့ ဈေးသည်တွေနဲ့ ကားသမားတွေ အသက်လု ထွက်ပြေးကြရပြီး ဒေသခံ ၃ ယောက် ကျည်ဆန်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်ဒေသခံ တစ်ယောက်က ပြောပါတယ်။

ဧပြီ ၂၆ ရက်နေ့ကလည်း ဗန်းမော် ၃ မိုင်လမ်းမှာ ကားတစ်စီးမိုင်းခွဲခံခဲ့ရပြီး အနည်းငယ်ပျက်စီးခဲ့ကာ လူတွေတော့ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး။

လက်ရှိမှာလည်း ဗန်းမော်မြို့ အဝင်အထွက်မှာ  အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက လုံခြုံရေး တင်းကြပ်စွာ စစ်ဆေးနေပါတယ်။DVB

အကြမ်းဖက်စစ်‌‌ကောင်စီတပ်စခန်းတစ်ခုအား ကေအိုင်အေ ထပ်မံတိုက်သိမ်းပိုက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ‌ဆမားကုန်းမှာ အခြေချထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတစ်ခုအား ကေအိုင်အေက ထပ်မံတိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ကေအိုင်အေအရာရှိတစ်ဦးက အတည်ပြုပြောပါတယ်။

“ဧပြီ ၂၈ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ၀န်းကျင်အချိန်မှာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိဆမားကုန်းမှာ အခြေချထားတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်တပ်ရဲ့ အိုခိုင်းခက်စခန်းအား ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။” 

ဧပြီလ ၂၇ ရက်နေ့က တိုက်ပွဲမှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဘက်က ၂ ဦးကျဆုံးခဲ့ကာ အကြမ်းဖက်စစ်ကောင်စီဖက်က ဗိုလ်အဆင့် ၆ ဦးအပါအ၀င် အယောက် ‌၄၀ အထက် ကျဆုံး‌တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဘက်က တိုက်ပွဲတိုင်းမှာ ဂျက်ဖိုက်တာတွေ အသုံးပြုတိုက်ခိုက်ခဲ့သလို အသံတိတ် ဗုံးကျဲလေယာဉ်‌တွေနဲ့လည်း တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်း နေ့စဉ်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွား‌နေတဲ့  အခြေအနေကို အာဏာသိမ်း စစ်ကောင်စီရဲ့ မီဒီယာတွေမှာ ထုတ်လွှင့်ခြင်းမရှိဘဲ သတင်းအမှောင်ချထားပါတယ်။DVB

KIA က စစ်​ကောင်စီ တပ်စခန်းများထပ်သိမ်း၊ စစ်​ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီး အပါအဝင် အရာရှိ ၁၃ ဦးနှင့် တပ်သားအများအပြား ​သေဆုံး

ကချင်လွတ်လပ်​ရေးတပ်မ​တော် KIAက အကြမ်းဖက်စစ်​ကောင်စီ တပ်စခန်းတစ်ခုကို ယ​နေ့ ထပ်မံသိမ်းပိုက်လိုက်ပြီး စစ်​ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီးအပါအဝင် အရာရှိ ၁၃ ဦးနှင့် တပ်သားအများအပြား ​သေဆုံးကြောင်း KIAကချင်သတင်းရင်းမြစ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလော၊ နွမ်လန့် ၊ဒေါ့ဖုန်းယန်၊ အရှေ့ဘက်တောင်တန်းတစ်လျှောက် KIA တပ်မဟာ၅ နယ်မြေတွင် ၇ ရက် တိုက်ပွဲများအတွင်း စစ်ကောင်စီစစ်တပ်ဘက်မှကျဆုံးသွားသောအရာရှိများမှာ ဒုတိယ ဗိုလ်မှူးကြီး ဖြိုးဝေလင်း DSA-(46)၊ ဗိုလ်မှူး ဖြိုးအောင်ပွား DSA-(46) ဗိုလ်မှူး ဇင်မင်းထွဋ် DSA-(46) ၊ ဗိုလ်ကြီးအဆင့် ၄ ဦး၊ ဗိုလ်အဆင့် ၆ ဦး စုစု​ပေါင်း ၁၃ ဦး​သေဆုံးသွားကြောင်း သတင်းအတည်ပြု ရရှိ​ကြောင်း၊ အောက်ခြေစစ်သား​သေဆုံးစာရင်းမပါ​သေး​ကြောင်း ကချင်သတင်းရင်းမြစ်က ​​သတင်း​ဖော်ပြသည်။

ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆမားကုန်းရှိ စစ်ကောင်စီစစ်တပ်၏ အိုခိုင်းခက် စခန်းကို KIA တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက် ခိုက် သိမ်းပိုက်လိုက်​ကြောင်း၊ အလားတူ ယ​​နေ့ ရှမ်းမြောက် KIA လှုပ်ရှားနယ်မြေ ထန်ဖာ့တောင်ရှိ နောင်ဂျန့်ခက် နေရာသို့ ဝင်ရောက်လာသော စစ်ကောင်စီ၏ တပ်မ ၉၉ စစ်ကြောင်းနှင့် KIA တပ်များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီစစ်တပ်ဘက်မှ ၇ ဦးကျဆုံးသွားကြောင်း KIAကချင်သတင်းရင်းမြစ်က ​သတင်းဖော်ပြသည်။khit thit

မန္တလေးမြို့ ၇၃လမ်းပေါ်မှာ ပေါက် ကွဲမှုဖြစ်ပွားပြီး ရဲ ၄ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၃လမ်းနဲ့ ၃၈လမ်းထောင့်မှာ ဒီကနေ့မနက်ပိုင်းက လူမဲ့သပိတ်ပြုလုပ်ထားတဲ့နေရာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ အနီးအနားနေထိုင်သူတွေပြောပြချက်အရ သိရပါတယ်။

အဲ့ဒီနေရာမှာ ဦးထုပ်များ ၊ ပန်းစည်းများ၊ ရေသန့်ဘူးများနဲ့ ဟမ်းစပီကာတို့ကို ရှိနေတာကို မသင်္ကာလို့ ရဲတပ်ဖွဲ့၀င်တွေက တုတ်နဲ့ထိုးပြီး စစ်ဆေးချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် ရဲအရာရှိ၂ဦးနဲ့ ရဲတပ်ဖွဲ့၀င် ၂ ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး စစ်ဆေးရုံတစ်ခုမှာ ကုသနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာကို မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က သွားရောက်စစ်ဆေးရာမှာတော့ ကီးပတ်ဖုန်း ၁လုံး သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။VOM

ထားဝယ်မြို့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး စုပေါင်းသပိတ်

ထားဝယ်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဧပြီလ ၂၈ ရက် ယနေ့ အင်ဂျင်နီယာ၊ ပညာရေး သပိတ်စစ်ကြောင်းက ချီတက်ဆန္ဒပြခဲ့ကြပါတယ်။RFA

ကျိုက်ထိုမြို့‌၌ တင့်ကားဝင်တိုက်မိပြီး တပ်မုခ်ဦး ပြိုကျ

မွန်​ပြည်နယ်၊ ကျိုက်ထိုမြို့‌မှာ ဧပြီ ၂၈ ရက်နေ့က ခြေလျင်တပ်ရင်း ၉၆ ကို ပြန်လည် ဝင်ရောက်လာတဲ့ တင့်ကားဝင်တိုက်မိလို့ တပ်မုခ်ဦး ပြိုကျသွားခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ကျိုက်ထိုမြို့၊ ကင်မွန်ချောင်းရဲစခန်းမှာ ဧပြီ ၂၇ ရက် ည ၇ နာရီအချိန်လောက်က ကေအန်ယူ နဲ့  အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ရဲတပ်ဖွဲ့ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်တွေမှာ အကြမ်းဖက် စစ်ကောင်စီ တပ်နဲ့ ကေအန်ယူတပ်တွေအကြား တိုက်ပွဲတွေ မကြာခဏ ဆိုသလို ဖြစ်ပွားနေပါတယ်။DVB

လေးရက်ကြာ မင်းတပ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃၀ နီးပါး ထိခိုက်သေဆုံးခဲ့

မင်းတပ်မြို့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် လူငယ်များကို ပြန်လွှတ်ပေးရန် တောင်းဆိုစဉ် ဧပြီ ၂၄ ညပိုင်း အပြန်အလှန်ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့ပြီး ပခုက္ကူနှင့် မတူပီမြို့များမှ စစ်ကူလာသည့် စစ်ကောင်စီတပ်များကို ဒေသခံများက ပြောက်ကြားနည်းဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် Myanmar Now​ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့၌ ၄ ရက်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃၀ နီးပါး ထိခိုက်သေဆုံးခဲ့ကြောင်း မင်းတပ်မြို့ခံများက Myanmar Now ကို ယနေ့ (ဧပြီ ၂၈) တွင် ပြောသည်။

“ပထမည (ဧပြီ ၂၄) တိုက်ပွဲမှာ ၃ ယောက်ကျတယ်။ ဒုတိယတိုက်ပွဲမှာက မြို့တွင်းမှာ ၄ ဦးကျတယ်။ မိုင် ၃၀၊ ဗျူဟာဘက်က တိုက်တာက ၁၃ ဦးကျတယ်။ မနေ့က တိုက်ပွဲမှာလည်း သူတို့ တော်တော်လေးကျတယ်။ ၁၀ ဦးထက်မနည်းကျတယ်” ဟု Chinland Defense Force (CDF) အဖွဲ့ဝင် မင်းတပ်မြို့ခံ လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။ဧပြီ ၂၄ ရက်က မင်းတပ်မြို့လယ် ဗိုလ်ချုပ်ကြေးရုပ်အနီး စစ်အာဏာရှင်ဆန့်ကျင်ရေးစတစ်ကာကမ်ပိန်း ပြုလုပ်နေစဉ် ဖမ်းဆီးခံရသည့် လူငယ်များကို ပြန်လွှတ်ပေးရန် တောင်းဆိုရာမှတဆင့် စစ်ကောင်စီလက်နက်ကိုင်တပ်များနှင့် ဒေသခံများ အပြန်အလှန်စတင်ပစ်ခတ်ကာ လေးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယမန်နေ့ (ဧပြီ ၂၇) မွန်းလွဲပိုင်းအထိ မင်းတပ်ဒေသခံများနှင့် စစ်ကောင်စီတပ်များ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းထားသူများ အပြန်အလှန်လှဲလှယ်ရန် စစ်ကောင်စီဘက်က စတင်ညှိနှိုင်းခဲ့သည်ဟု မင်းတပ် CDF အဖွဲ့ဝင် လူငယ်ခေါင်းဆောင်က ဆိုသည်။မင်းတပ်မြို့အနောက်ဘက် မိုင် ၃၀ ခန့်အကွာတွင် ပိတ်မိနေသည့် စစ်ကောင်စီလက်နက်ကိုင် ၂၀ ဦး နှင့် ဖမ်းဆီးခံထားရသည့် မင်းတပ်မြို့ခံ လူငယ် ၇ ဦးကို လဲလှယ်ရန် ယမန်နေ့ညပိုင်းတွင် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ညှိနှိုင်းရာတွင်ပါဝင်ခဲ့သူ အထက်ပါလူငယ်က ပြောသည်။

“၉ နာရီဝန်းကျင်လောက်မှာ အပေးအယူလုပ်ဖြစ်တယ်။ သူတို့လူတွေကိုလည်း ပြန်ခိုင်းတယ်။ သူတို့လူတွေကို မင်းတပ်မြို့ကနေ အောက်ဘက်ကို တခါတည်းဆင်းခိုင်းရမယ်ဆိုတဲ့ အပေးအယူနဲ့ လုပ်ခဲ့တယ်။ ညကတည်းကပဲ သူတို့လူတွေလည်း မင်းတပ်မြို့ကနေ ပြန်ထွက်သွားတယ်။ ကျွန်တော်တို့လူ ၇ ဦးလည်း ညက ပြန်လွှတ်ပေးတယ်” ဟု မင်းတပ် CDF အဖွဲ့ဝင် အဆိုပါလူငယ်ခေါင်းဆောင်က ပြောသည်။မင်းတပ်ဒေသခံများနှင့် စစ်ကောင်စီလက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ပခုက္ကူနှင့် မတူပီမြို့များ မှ စစ်ကူလာသည့် စစ်ကောင်စီတပ်များကို ဒေသခံများက ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက်တွင် အကျအဆုံးများခဲ့ခြင်းဖြစ်သည်။

ဧပြီ ၂၆ ရက်တွင် မတူပီမြို့မှ တပ်ကူပို့လာသည့် စစ်ကားသုံးစီးကို ဒေသခံများက မင်းတပ်မြို့အနောက်ဘက် မိုင် ၃၀ အကွာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်နက်ကိုင် ၁၀ ဦးခန့် သေဆုံးကာ ၂၀ ဝန်းကျင် ပိတ်မိနေခဲ့သည်ဟု သိရသည်။ ဧပြီ ၂၇ ရက်တွင်လည်း ပခုက္ကူမှ မင်းတပ်သို့ စစ်ကူလာသည့် စစ်ကား ၉ စီးကို မင်းတပ်မြို့မှ ၅ မိုင်နီးပါးအကွာတွင် ဒေသခံများက ပြောက်ကျားနည်းဖြင့် ကြားဖြတ်တိုက်ခဲ့ခြင်းဖြစ်သည်။“ဧပြီ ၂၄ ရက်နေ့ညမှာ သုံးယောက်ထိတယ်။ ၂၅ မှာမထိဘူး။

၂၆ မှာ ၁၇ ဦးဝန်းကျင် ထိတယ်။ ဘယ်နှစ်ယောက်ကျမှန်း မသိဘူး။ မနေ့ (ဧပြီ ၂၇)က နေ့ခင်း နှစ်ဦး၊ ညတစ်ဦးထိတယ်။ ၂၀ ကျော် ထိခိုက်ဒဏ်ရာရတယ်။ မနေ့က ရဲသားတစ်ယောက် အသုဘချတယ်။ အဲဒါ ၂၆ ရက်က ထိတဲ့ရဲသား” ဟု မင်းတပ်မြို့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ နွေဦးဇလပ် (အမည်လွှဲ) က ပြောသည်။

လေးရက်ကြာတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးများသော်လည်း ဒေသခံ များ တစ်ဦးမျှ ထိခိုက်ဒဏ်ရာရမှုမရှိခြင်းမှာ နယ်မြေကျွမ်းကျင်ခြင်း၊ တူမီးသေနတ်အသုံးပြုမှု ကျွမ်းကျင်ခြင်းနှင့် စည်းလုံးမှု အားကောင်းခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အမဲလိုက်နေတဲ့သူတွေဆိုတော့ နယ်မြေကျွမ်းကျင်တာ။ နောက်တစ်ခုကတော့ ခံယူချက် ယုံကြည်ချက်​ပေါ့။ လက်ရှိအနေအထားထိ စည်းလုံးညီညွတ်ရေး အားကောင်းတယ်။ နယ်မြေလည်းကျွမ်းကျင်တယ်။ စည်းစည်းလုံးလုံး ချိတ်ဆက်ဆောင်ရွက်နိုင်တယ်” ဟုလည်း နွေဦးဇလပ်က ဆက်လက်ပြောကြားသည်။myanmar now

မိုးမောက်တွင် စစ်ကောင်စီနှင့် KIA တို့တိုက်ပွဲပြင်းထန်နေဆဲ

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ မြို့သစ်၊ ကုန်းလော ကျေးရွာအနီးတစ်ဝိုက်တွင် ယနေ့ မတ်လ (၂၈) ရက်နေ့ထိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ လေယာဉ်များအသုံးပြု၍ စစ်အင်အားအလုံးအရင်းများဖြင့် ထိုးစစ်ဆင်ကာ ပစ်ခတ်မှုများရှိနေသည်ဟု (KIA/KIO) သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။ “ဒီနေ့ထိ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ သူတို့ဘက်(စစ်ကောင်စီ) ကလည်း စစ်အင်အားတိုးပြီး ထိုးစစ်ဆင်နေတုန်း။

ကျွန်တော်တို့ဘက်(KIA)ကလည်း ခုခံတိုက်ခိုက်နေတုန်းပါ။ လေယာဉ်တွေနဲ့ ခုချိန်ထိပစ်နေတုန်းပဲ” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား‌နေမှုမှာ (၅) ရက်ခန့်ရှိပြီဖြစ်သောကြောင့် နှစ်ဦးနှစ်ဖက် ထိခိုက်မှုများရှိကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

မြို့သစ်နှင့် ဆီဟတ် ကျေးရွာကြားတွင် တည်ရှိသည့် ဆက်သွယ်ရေးတာဝါတိုင်စခန်း နှင့် အလောဘွမ်တောင်အား ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ သိမ်းပိုက်ရယူခဲ့ခြင်းကြောင့် ယနေ့ချိန်ထိ စစ်ကောင်စီတပ်များမှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ဖြစ်သည်။Myitkyina News Journal

« Older Entries