ကျောက်ကြီးတွင် KNUနှင့် စစ်ကောင်စီတပ်တို့ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်မှ ၂ ဦးသေ

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ ကျောက်စရစ်ကျေးရွာအုပ်စု၊ အင်တိုင်းကုန်းကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီ KNU နှင့် စစ်ကောင်စီတပ်တို့ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ၂ ဦးသေဆုံးသည်ဟု KNU အထောက်အကူပြုသတင်းဌာနက ထုတ်ပြန်ထားသည်။
ကျောက်ကြီးမြို့နယ် အမှတ်(၂)နယ်မြေမှူး စောဝါးမူဇက်နှင့် အဖွဲ့သားများက အင်တိုင်းကုန်းကျေးရွာသူ/သားများနှင့် အစည်းအဝေးပြုလုပ်ရန် သွားရောက်သည့်အကြောင်းကို စစ်ကောင်စီတပ်ရင်း ခလရ (၆၀) လက်အောက်ခံ တပ်ခွဲ(ကျောက်စရစ်စခန်း)က သိရှိသွားပြီး နှောင့်ယှက်ခြုံခိုတိုက်ရန်လာရောက်စဉ် KNUနှင့် ထိပ်တိုက်တွေ့ဆုံကာ ယနေ့နံနက်(၁၀)နာရီ (၅၅)မိနစ်အချိန် အင်တိုင်းကုန်းကျေးရွာနံဘေး၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။
၎င်းပစ်ခတ်မှုများကြောင့် ကျေးရွာသူရွာသားများ ထိတ်လန့်ကြောက်ရွံ့ခဲ့ကြပြီး ကျေးရွာသူရွာသားတစ်ချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း၊ လယ်ထွန်နေသော လယ်သမားများလည်း ၎တို့၏ အလုပ်ကိုပစ်ထားပြီး ထွက်ပြေးခဲ့ကြကြောင်း ဆိုသည်။
၎င်းပစ်ခတ်မှုတွင် အင်တိုင်းကုန်းကျေးရွာသား အသက်(၇၀)ရှိအဖိုးစောမောင်လူးမှ နှလုံးရောဂါဖောက်ကာ သေဆုံးသွားခဲ့ရကြောင်း၊KNU/KNLA ဘက်မှထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ စစ်ကောင်စီတပ်မှ (၂)ဦးသေဆုံးသွားသည်ဟု အမှတ်(၂)နယ်မြေမှူး စောဝါးမူဇက်မှ ပြောကြောင်း ဖော်ပြထားသည်။ khit thit