သီပေါမြို့၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နေအိမ် ဗုံးပေါက်ကွဲ



ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ ဧပြီ ၂၉ ရက် မနေ့ည ၁၁ နာရီလောက်က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးစိုင်းသာလှိုင် ရဲ့နေအိမ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သီပေါမြို့ခံ တစ်ယောက်က RFA ကို ပြောပါတယ်။ဧပြီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာလည်း သီပေါမြို့၊ မြို့နယ် ပညာရေးမှူးရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူထိခိုက်တာတော့ မရှိခဲ့သလို စံဖိတ်ကျေးရွာထဲမှာလည်း ပေါက်ကွဲမှုရှိခဲ့တယ်လို့ သီပေါဒေသခံကပြောပါတယ်။
ဧပြီလ ၂၈ ရက်နေ့ မနက်ပိုင်းကတော့ သီပေါ-လားရှိုးလမ်းပိုင်း စံလောင်းရွာအကျော်မှာ သေနတ်ဒဏ်ရာနဲ့ အမျိုးသားတစ်ယောက် လဲနေတာကို တွေ့ရတာကြောင့် ပရဟတိအဖွဲ့တွေက သီပေါဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ သွားရောက် ကူညီခဲ့တဲ့ ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။သေဆုံးသူဟာ သီပေါ၊ ပန်းတိန်တောင်ရပ်ကွက်က အသက်ငါးဆယ်အရွယ် စိုင်းလှဝင်း ဆိုသူ ဖြစ်တယ်လို့ ဆိုပါတယ်။
စံလောင်းနဲ့ ကုံမုံရွာ အနီးတစ်ဝိုက်ဟာ မူးယစ်ဆေးသုံးစွဲသူတွေ ကျင်လည်တဲ့နေရာဖြစ်ပြီး အရင်နှစ်တွေကလည်း သေနတ်ပစ်ခတ်လို့ သေဆုံးခဲ့ရသူ ဆယ်ယောက်ထက်မနည်း ရှိခဲ့ပါတယ်။ စိုင်းလှဝင်း သေဆုံးမှုနဲ့ ပတ်သက်လို့တော့ ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာကို သီးခြားအတည်ပြုလို့ မရသေးပါဘူး။RFA