Monthly Archives: May 2021

မြင်းခြံမြို့ ၄ နေရာတွင် ယနေ့ညဗုံးပေါက်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ ဒီနေ့ မေ ၃၁ ရက်ည ၇ နာရီကျော်က. ၄ နေရာမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီည ၇ နာရီ မိနစ် ၂၀ လောက်က နာရ်ီစင်အနီး၊ အထက ၁ အနီး၊ စျေးအနီးနဲ့ အမှတ် ၆ ရပ်ကွက်ဘက်တွေဘက်မှာ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

“ဒီနေ့ည ဧည့်စာရင်းစစ်မယ်လည်း ကြားတယ်၊ စောစောက ဗုံးပေါက်ကွဲသံတွေကြောင့် စစ်ကောင်စီလုံခြုံရေးတွေ လှည့်ကင်းဆောင်ရွက်နေကြတယ်” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုတွေကြောင့် လူတွေထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးမှုသတင်းတွေကတော့ မရရှိပါဘူး။DVB

ညောင်တုန်း၊ ဆားမလောက်ရွာ၌ ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာ အထက်တန်းကျောင်းနားနဲ့ တာကွေ့ကျောင်းနားမှာ မေလ ၃၁ ရက် ဒီနေ့ည ၈ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပြီး လူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။DVB

ရွှေကူမြို့နယ်တွင် လေယာဉ်ဖြင့်ဗုံးကြဲ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ မေလ ၃၁ ရက်‌ ညနေ ၄ နာရီခွဲလောက်က အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်က ဂျက်လေယာဉ်နဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ‌တွေရဲ့ ပြောပြချက်အရသိရပါတယ်။

ဧရာဝတီမြစ်ကြောင်းအတွင်း စစ်တပ်က စစ်သည်တွေနဲ့ ရိက္ခာတင်သင်္ဘောတွေ မကြာခဏ ပစ်ခံရတဲ့ မင်းကျောင်းကုန်းကျေးရွာနဲ့ သာယာကုန်းကျေးရွာအကြားကို  ဂျက်လေယာဉ် နဲ့ဗုံးကြဲသွားတာလို့  ရွှေကူဒေသခံတစ်ဦးကပြောပါတယ်

“ဗုံးက ဂျက်လေယာဉ် နှစ်စီးနဲ့ သုံးလုံးလာကြဲသွားတာ။ တစ်လုံးတော့ပေါက်ကွဲတယ်။ နှစ်လုံးကတော့ အသံမကြားမိဘူး။ လူတွေထိခိုက်မှုရှိ မရှိလည်း လောလောဆယ် မကြားမိသေးဘူး။”

ရွှေကူမြို့နယ်ထဲမှာ ဖြတ်သန်းသွားလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သင်္ဘောတွေကို  ကေအိုင်အေက မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ  ၅ ကြိမ်ထက်နည်းရှိပြီ လို့ သိရပါတယ်။DVB

ကလေးမြို့နယ်၊ သာစည်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်နှင့် PDF ပစ်ခတ်မှုဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့အကြား  မေလ ၃၁ ရက် ဒီနေ့မနက်က ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီလက်နက်ကိုင် တပ်ဖွဲ့ဝင်  ၃ ယောက် သေဆုံးသွားပါတယ်။

သာစည်ကျေးရွာမှာ တိမ်းရှောင်နေတဲ့ CDM ဝန်ထမ်းတွေကို  ရဲနဲ့စစ်တပ်က လိုက်ဖမ်းဆီးရာကနေ  နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒေသခံ ရွာသားတစ်ယောက်က “CDM ဝန်ထမ်းတွေ အဲဒီမှာ လာရောက်တိမ်းရှောင်နေတဲ့လူတွေ စစ်တပ်လိုက်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ဒလန်တွေကလည်း နာမည်စာရင်းနဲ့ အတိအကျတိုင်တာတွေရှိတယ်”လို့ ပြောပါတယ်။ 

သာစည်ရွာ ရွာထဲမှာ အကြမ်းဖက်စစ်တပ်က  နေအိမ်တွေထဲ ဝင်ရောက်ဖမ်းဆီးရာမှာ ဖမ်းဆီးခံရတဲ့ ပြည်သူ ၉  ယောက်လောက်ရှိတယ်လို့လည်း ဒေသခံရဲ့  ပြောပြချက်အရ သိရပါတယ်။ DVB

လပွတ္တာတွင် ခရိုင်ရဲတပ်ဖွဲ့မှူး၏ကားဖြင့်တိုက်မိပြီး အမျိုးသား ၁ ဦး သေဆုံး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှာ  မေလ ၃၁ ရက်နေ့က လပွတ္တာခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ကားနဲ့ ဝင်တိုက်မိခဲ့တာကြောင့်  အမျိုးသား တစ်ဦးသေဆုံးသွားပါတယ်။

ဒီ နေ့လယ်  ၁၂ နာရီခွဲလောက်မှာ တော်ဝင်ဆီဆိုင်ရှေ့ဖြတ်မောင်းလာတဲ့ ခရိုင်ရဲမှူးကားဟာ လမ်းလျှောက်လာတဲ့ အသက် ၃၈ နှစ်အရွယ်  ဦးကျော်မင်းအောင် ဝင်တိုက်ခဲ့တာလို့ မျက်မြင်တွေ့သူတွေကပြောပါတယ်။

“နေရာမှာတင်  သေသွားတာ။ ကားကလည်း အရှိန်များတယ် အဲ့လူကလည်း လမ်းပေါ်တက်လျှောက်တော့ ထိန်းမရဘဲ တိုက်လိုက်တဲ့သဘောဖြစ်သွားတာ”လို့ ဒေသခံက ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့်  လူသေဆုံးခဲ့တဲ့အတွက် ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ ကားမောင်းနှင်သူကို ဥပဒေအတိုင်းအရေးယူသွားဖို့ရှိတယ်လို့ တိုင်းရဲတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

“ဥပဒေအတိုင်း အရေးယူသွားမှာပါ။ ခုလည်း ရဲစခန်းမှာ အမှုဖွင့်ထားပါပြီ။ လိုအပ်တာတွေ စီစဉ်နေပါတယ်”လို့ တိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ ယာဉ်မောင်းကို လပွတ္တာမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၄  (က) နဲ့ အမှုဖွင့် ထားပါတယ်။DVB

မင်းတပ်နှင့် ကန်ပက်လက်တွင် စစ်ကောင်စီဘက်မှ ၈ ဦးသေ

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်အစပ်ရှိ ကျေးရွာများတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့(CDF) က သတင်းထုတ်ပြန်သည်။

မကြားရွာ၊ ခွဲလုံသာရွာနှင့် လှေ့စုန့်ရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာသည့်အတွက် မေ ၂၉ မှ စတင်ကာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်ဟု သိရသည်။ မင်းတပ်မြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကန်ပက်လက်မြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးတွဲပြီး စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

မေ ၂၉ ရက်နေ့တွင် မကွေးတိုင်း၊ ဆောမြို့နယ် လက်မွန်ရွာဘက်မှ စစ်တပ်အင်အား ၁၅၀ ဝန်းကျင်ခန့် ချင်းပြည်နယ်အတွင်း ကျေးရွာများဘက်သို့ ရောက်လာကြောင်း၊ ခွဲလုံသာရွာနှင့် မကြားရွာအနီးတွင် တိုက်ပွဲများ စတင်ဖြစ်ပွားကြောင်း သိရသည်။“ဆောမြို့နယ် အထက်လက်မွန်ရွာမှာ အင်အားတွေဖြည့်တယ်။ သူတို့ တပ်စွဲပြီးတော့ ဒေသခံတွေ ဖမ်းဆီးပြီး လမ်းပြခိုင်းတယ်။ ပြီးတော့ ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းတွေရှိတဲ့နေရာကို တက်လာတယ်ဆိုတော့ လုံခြုံရေးယူထားတဲ့သူတွေနဲ့ ထိပ်တိုက်တိုးတာပေါ့။ သူတို့က ဘာလို့ တိုးလာသလဲဆိုတာတော့ ကျွန်တော်တို့ မသိနိုင်ဘူး”ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုနေရာမှတစ်ဆင့် တိုက်ပွဲများ ရှေ့ဆက်တိုးလာပြီး မေ ၃၀ တွင် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် အေးစခန်းရွာရှိ အလံဖြူထောင်ထားသော စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

“ရွာခံတွေရော စစ်ဘေးရှောင်တွေရော အကုန်လုံးစွန့်ပြီး ပြေးခဲ့ကြတာပဲ။ အကုန်လုံးကို ပစ်စလက်ခတ်ထားခဲ့ကြတာ။ ဘယ်လိုအခြေအနေရှိတယ်၊ ဘာရှိတယ်တောင် မသိနိုင်တော့ဘူး။ စူးစမ်းချိန်တောင် မရှိဘူး။ အကုန်လုံး ကိုယ်လွတ်ရုံးပြေးရတာပဲ” ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက Myanmar Now သို့ ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ပခုံးထမ်းလောင်ချာများ၊ စက်သေနတ်များအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ရိုးရာလက်လုပ် တူမီးသေနတ်များဖြင့် ခုခံတော်လှန်နေခြင်းဖြစ်သည်။

မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့နယ်စပ်ရှိ ကျေးရွာများတွင် ဖြစ်ပွားနေသည့် အပြန်အလှန်ပစ်ခတ်မှုများကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ သေဆုံးသူ ၁ ဦးရှိပြီး ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိထားသည်။

မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာပြီးနောက် မေလလယ်မှစတင်ကာ မြို့နေလူထု၏ ၉၀ ရာခိုင်နှုန်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည်။ စစ်ကောင်စီ၏ ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများ ခိုလှုံနေသည့် ကျေးရွာများပါ ပစ်မှတ်ထားခံနေရသည်။ စစ်ကောင်စီက ၎င်း၏ တပ်များကို ခုခံတိုက်ခိုက်ပါက အကြမ်းဖက်သောင်းကျန်းသူဟု တံဆိပ်ကပ်လျက်ရှိသည်။myanmar now

မင်းတပ်တွင် အလံဖြူ​ထောင်ထား​သော စစ်​ရှောင်စခန်းများကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်၊ ပြည်သူများ ထွက်​ပြေးရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဧစခန်းရွာတွင်ရှိသည့် အလံဖြူထောင်ထားသော စစ်ေဘးရှောင်စခန်းကို အကြမ်းဖက်စစ်​ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ပြည်သူများမှာ ထပ်မံ၍ အရေးပေါ် ထပ်ဆင့်စစ်ဘေးရှောင်လာကြရ​ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။khit thit

« Older Entries