ချင်းပြည်နယ်မြို့တော်တွင် မေလ ၂ ရက်ကတည်းက စစ်ကောင်စီလက်အောက်ခံတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီဘက်မှ သေဆုံးသူ ၈ ဦးအထိရှိကြောင်း ဒေသခံများက ဆိုသည် Myanmar Nowချင်းပြည်နယ်မြို့တော် ဟားခါးတွင် စစ်ကောင်စီတပ်များနှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး − CDF) တို့ ယမန်နေ့ (မေ ၃) ညပိုင်းက ပစ်ခတ်မှုထပ်မံဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံး၍ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ည ၁၁ နာရီမှစကာ ဟားခါးမြို့ အမှတ် ၆ လမ်းဆုံရှိ လုံခြုံရေးဂိတ်ကို နာရီဝက်ကြာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ “တိုက်တဲ့ကာလက မိနစ် ၃၀ လောက်ပဲ ကြာတယ်။ ကျွန်တော်တို့က ခြုံခိုတိုက်လိုက်တယ်။ မထင်မှတ်တဲ့အချိန်မှာ သွားပစ်တော့ ဟိုဘက်က ပြန်လည်းမပစ်ရဲဘူး။
သူတို့ဘက်က ကြောက်ပြီးတော့ အနားမှာရှိတဲ့ Cyclone Shelter (မုန်တိုင်းဒဏ်ခံအဆောက်အအုံ) ထဲကို ဝင်သွားတယ်။ စပစ်တော့ ၄ ယောက် ကျသွားတယ်” ဟု CDF (ဟားခါး) ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။ စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေသခံ ၆၀ နီးပါးကို မေ ၂ ညနေ ၄ နာရီ နောက်ဆုံးထား၍ ပြန်လွှတ်ပေးရန် CDF က စာထုတ်ပြန်တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီဘက်မှ လိုက်လျောခြင်း မရှိသည့်အတွက် မေ ၂ ညပိုင်းမှ စတင်ကာ အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟု သိရသည်။
ပြီးခဲ့သည့် မေ ၂ မှ စတင်ခဲ့သည့် ပစ်ခတ်မှုများကြောင့် စစ်ကောင်စီဘက်မှ သေဆုံးသူ ၈ ဦးအထိ ရှိပြီဖြစ်ကာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။ “CDM သမားတွေကို ခြိမ်းခြောက်ပြီး အသက်အန္တရာယ်ပေးဖို့ လုပ်လာတယ်။ ခရီးသွားပြည်သူတွေကို စစ်ဆေးတာမျိုး၊ ရိုက်နှက်တာမျိုး၊ ဖားခုန်ခိုင်းတာမျိုးလုပ်ခိုင်းလိုက်နဲ့ နေနဲ့လှန်းတာတွေ လုပ်လာတာ။ သူတို့ရဲ့ယန္တရားလည်ပတ်နိုင်အောင် ကူညီပေးတဲ့သူတွေက ပြည်သူတွေရဲ့လှုပ်ရှားမှုတွေကို သတင်းပေးပြီး ပြည်သူတွေကို အသက်အန္တရာယ်ပေးလာတာလည်းရှိတယ်။
ကျွန်တော်တို့က ဒီဟာတွေ ဆက်လက်မလုပ်ဖို့ဆိုပြီး ဒီလိုမျိုးတိုက်ရခြင်းဖြစ်တယ်” ဟု CDF (ဟားခါး) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ စစ်ကောင်စီရန်မှ ကာကွယ်ရန် ချင်းပြည်နယ် မြို့နယ် ၉ ခုနှင့် ချင်းပြည်နယ်ပြင်ပရှိ ချင်းလူမျိုးများ စုစည်းကာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (Chinland Defense Force − CDF) ကို ဧပြီလဆန်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့သည်။
ဧပြီလကုန်ပိုင်းကလည်း ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့၌ စစ်ကောင်စီတပ်များနှင့် ဒေသခံများ လေးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၃၀ နီးပါးအထိ ထိခိုက်သေဆုံးခဲ့သည်။ ယမန်နေ့ နေ့လယ်ပိုင်းကလည်း ချင်းပြည်နယ် အတက်လမ်းဖြစ်သော ထီးလင်း − ဂန့်ဂေါကားလမ်းမတွင် ဖြတ်သတ်သွားသည့် စစ်ကား ၈ စီးမှာ လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခံရသည်။ အဆိုပါကားများသည် ကလေးမြို့ဘက်မှ ဆင်းလာပြီး ဟားခါးမြို့သို့ သွားမည့် ကားများဟု ဂန့်ဂေါဒေသခံများက ယူဆနေကြသည်။myanmar now
Like this:
Like Loading...