ပြည်မြို့ အင်းဝဘဏ် ဗုံးပေါက်မှု သံသယရှိတယ်ဆိုပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ နှိပ်စက်ဒဏ်ရာတွေနဲ့သေဆုံး၊ မိသားစုသင်္ဂြိုလ်ခွင့်မရ

မေလ ၄ရက် ညပိုင်းမှာ ရိုက်နှက်ဖမ်းဆီးခံလိုက်ရတဲ့ ကိုကျေးဟာ မနေ့က ညပိုင်းမှာ သေဆုံးသွားခဲ့တယ်ဆိုတာ မိသားစုဝင်တွေကို ဆက်သွယ်လာခဲ့လို့ ပြည်မြို့ကုတင် ၁၀၀ စစ်ဆေးရုံကိုသွားရောက်ခဲ့ပေမယ့် အလောင်းကို ကြည့်ခွင့်သာရခဲ့ပြီး အိမ်ပြန်သယ်လာခွင့်မရခဲ့ဘူးလို့ သိရပါတယ်။
ကိုကျေးရဲ့ အလောင်းကို ရင်ခွဲထားတာတွေ့ရပြီးရိုက်နှက်ထားတဲ့ ဒါဏ်ရာတွေလည်း မျက်နှာမှာ တွေ့ခဲ့ရတယ်လို့ မိသားစုနီးစပ်သူတွေဆီက သိရပါတယ်။ကိုကျေးတို့ မိသားစုဟာ ဟိန္ဒူဗုဒ္ဓဘာသာဝင်တွေဖြစ်လို့ ထုံးထမ်းစဉ်လာအရ သင်္ဂြိုလ်ခွင့်တောင်းကြည့်ခဲ့ပေမယ့်လည်း ခွင့်မပြုကြောင်း မျက်နှာက လွဲပြီး ကြည့်ခွင့်မရခဲ့ကြောင်းကိုလည်း ပြောပါတယ်။
အခြေအနေအရ ပြန်ခေါ်သွားခွင့်မပြုပဲ စစ်ကောင်စီကပဲ မြေမြှုပ်သင်္ဂြုလ်မှာဖြစ်လို့ မိသားစုများက မြေမြှုပ်သင်္ဂြိုလ်ခြင်းကိုပါ လိုက်ကြည့်ခွင့်တောင်းပေမယ့် မရခဲ့ပဲ မနေ့ညက ၁၂နာရီလောက်မှာ အိမ်ပြန်ခဲ့ရတယ်လို့ ဆိုပါတယ်။စစ်ကောင်စီဘက်ကတော့ ကိုကျေးသေဆုံးရခြင်းကို ဖမ်းဆီးခဲ့တဲ့ညက ကိုကျေးဟာ ကားပေါ်က ခုန်ချထွက်ပြေးခဲ့လို့ ရရှိတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာလို့ မိသားစုဝင်တွေကို ပြောဆိုတယ်လို့လည်း သိရပါတယ်။
မိသားစုဝင်တွေကတော့ ဖမ်းဆီးခံရတဲ့ ညမှာပဲ ရိုက်နှက်ခံရလို့ သေဆုံးသွားတာဖြစ်နိုင်ကြောင်း ပြောပါတယ်။အသက် ၃၃နှစ်အရွယ် ကိုကျေးဟာ ပြီးခဲ့တဲ့ သင်္ကြန်တွင်းမှာ ရဟန်းခံပြီး ရန်ကုန်မြို့က ပြည်မြို့ကို ပြန်ရောက်လာတာ မကြာသေးကြောင်းနဲ့ ကိုကျေးကို စစ်ကောင်စီက အင်းဝဘဏ် ဗုံးပေါက်ကွဲမှု သံသယရှိတာကြောင့် မေလ ၄ရက်ညမှာ လာရောက်မေးမြန်းပြီး ရိုက်နှက်ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
မေလ ၄ရက် ပြည်မြို့ နဝင်းကွက်သစ် ၁၂လမ်းမှာ ကိုကျေးကို ဖမ်းဆီးခဲ့တဲ့ ညမှာပဲ အိမ်နီးနားက လူတချို့ကိုလည်း ရိုက်နှက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။khit thit