Monthly Archives: May 2021

ကယား စစ်​ဘေး​ရှောင်စခန်းများ မိုးရွာသွန်းချိန် ​ရေ​​ဘေး​ကြောင့် ​ပြောင်း​ရွှေ့ရ၊ အကူအညီများ အ​ရေး​ပေါ်လိုအပ်

ကယားပြည်နယ်မှာ မေလ ၂၉ ရက်နေ့ ညနေပိုင်းကနေစပြီး မိုးအဆက်မပြတ် ရွားသွန်းနေတာကြောင့် စစ်ရှောင်စခန်း တွေမှာ နေထိုင်ကြတဲ့သူတွေ ရေဘေးဒဏ်ကနေလွတ်ဖို့တခြား နေရာထပ်မံပြောင်းရွှေ့နေကြရတယ်လို့ Kantarawaddy Time က သတင်း​ဖော်ပြပါတယ်။

တခြား တောတောင်လျှိုမြောင်ကြားမှာ နေထိုင်ပြီး လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အချိတ်အဆက်မရကြသေးတာတွေ များစွာကျန်နေပါသေးတယ်လို့ဆိုပါတယ်။အခုလို အမိုးမရှိအကာမရှိတဲ့ နေရာမှာနေထိုင်ကြတဲ့စစ်ရှောင်တွေရဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ အကူအညီတွေ လိုအပ်နေကြတယ်လို့ ကယ်ဆယ်ရေး စေတနာ့ ဝန်ထမ်းတစ်ဦးဆီကနေ ကြားသိရပါတယ်။khit thit

တလုပ်မြို့ကျေးရွာမှ အသက်မပြည့်သေးသူကို စစ်ကောင်စီပြန်လွှတ်

မြင်းခြံမြို့၊ တလုပ်မြို့ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဖမ်းဆီးသွားသည့် ပြည်သူများအနက် အသက်မပြည့်သေးသူ အမျိုးသမီးတစ်ဦးကိုသာ ပြန်လွှတ်ပေးခဲ့ကာ ကျန်သူများကို မြင်းခြံထောင်အတွင်းရှိ အထူးတရားရုံးတွင် ဆက်လက်စစ်ဆေးရန် ဇွန် ၁ရက်သို့ ရုံးချိန်းချိန်းဆိုလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။

စစ်ကောင်စီက တလုပ်မြို့ကို ဧပြီလနောက်ဆုံးပတ်မှစ၍ သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး မေ ၁၂ ရက် ရွာကို စီးနင်းလိုက်နိုင်ချိန်တွင် ရွာအတွင်း ကျန်ရစ်ခဲ့သူ ခြောက်ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

မေ ၂၁ တွင် ဖမ်းခံရသူများအနက် မြင်းခြံနည်းပညာတက္ကသိုလ် ပထမနှစ်ကျောင်းသား ၂၃ နှစ်အရွယ် ကိုဇင်ကိုထွန်းမှာ နောက်တစ်နေ့တွင် စစ်ကြောရေးအတွင်း သေဆုံးခဲ့ရကာ မိသားစုထံ အလောင်းပြန်ပို့ခဲ့ရသလို၊ တလုပ်မြို့ကိစ္စသတင်းထုတ်ပြန်ရာတွင်လည်း စစ်ကောင်စီက ၎င်းကို ချန်လှပ်၍ ငါးဦးကိုဖမ်းဆီးသည်ဟုသာ သတင်းထုတ်ပြန်သည်။

အဆိုပါငါးဦးစလုံးကို မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ထားခဲ့ရာမှ အသက် ၁၇ နှစ်ကျော်သာ ရှိသေးသည့် မငြိမ်းဆုဟန်(ခ)ကိုကောင်းဝေယံ (အမျိုးသားကဲ့သို့ ဝတ်စားနေထိုင်သူ) တစ်ဦးတည်းကိုသာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၈၈ – င အရ ဒဏ်ငွေ ကျပ်ငါးသောင်းပေးဆောင်စေကာ မေ ၂၇ တွင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

“ကလေးရဲ့ အကျင့်စာရိတ္တက ဘယ်လိုမှပြုပြင်လို့မရတော့ဘူးဆိုမှ ကလေးသူငယ်ထိန်းသိမ်းရေးကျောင်းကို ပို့ပေးတာပေါ့။ နိုင်ငံရေးပေါ်လစီပုဒ်မနဲ့ ဆွဲခံရတာတော့မှန်တယ်။ ၁၈နှစ်အောက်ဖြစ်နေတဲ့အတွက် လွှတ်တာမဟုတ်ဘူး။ ဝန်ခံတဲ့အတွက် ဒဏ်ငွေရိုက်တာ” ဟု မငြိမ်းဆုဟန်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မြင်းခြံနည်းပညာကောလိပ်ကျောင်းသားများသမဂ္ဂ (ဗ.က.သများအဖွဲ့ချုပ်) မှ ကိုစိုးရာဇာထွန်းလွင်၊ ကိုငယ်၊ ကိုကျော်ဇင်ဦး၊ ကိုအောင်ကိုကို တို့မှာမူ အမှုဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည်။၎င်းတို့ကို စစ်တပ်သုံး M – 16, လက်လုပ်တူမီး၊ ကျည်ဆံ အတောင့်ငါးဆယ်၊ လေးခွ၊ လောက်စာလုံး၊ လက်လုပ်ဗုံး၊ ဓား စသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ကြေညာထားသည်။

တလုပ်မြို့ကျေးရွာကို စစ်ကောင်စီက စီးနင်းပြီးနောက် ဝင်ရောက်တပ်စွဲထားသဖြင့် ရွာရှိ လူဦးရေထောင်ချီမှာ နေအိမ်ကို စွန့်ခွာထွက်ပြေးနေရဆဲဖြစ်သည်ဟု ဒေသခံတို့က အတည်ပြုထားသည်။

အာဏာသိမ်းစစ်ကောင်စီက ဆန့်ကျင်ကန့်ကွက်သည့် ပြည်သူတို့ကို အကြမ်းဖက်သတ်ဖြတ်သဖြင့် ခုခံစစ်ဆင်နေရခြင်းဖြစ်သည်ဟု လက်နက်ကိုင်အံတုသူများက ပြောသည်။စစ်ကောင်စီကလည်း လက်နက်ကိုင်အံတုသူတို့သည် အကြမ်းဖက်သမားများဖြစ်သည်ဟု တုံ့ပြန်ထားသည်။myanmar now

ရန်ကုန် ရွှေပြည်သာမြို့ ရှိ ရပ်ကွက် အသီးသီးမှပြည်သူများမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ကို ယနေ့ မေ၂၉ရက်အချိန်တွင် ပြုလုပ်ကြ

khit thit

ပလက်၀တွင် ချင်းလူငယ် ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်သွားပြီး ပြန်မလွတ်သေး

ယမန်နေ့ မေလ ၂၈ရက်နေ့မနက် ၇:၃၀ခန့်က ပလက်ဝမြို့တွင်း နေရာနှစ်ခုတွင် ဗုံးတစ်လုံးစီပေါက်ကွဲပြီးနောက် စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ ပလက်ဝမြို့ပေါ်တွင်နေထိုင်ကြသော ချင်းလူငယ်ဆယ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က မေလ ၂၈နှင့် ၂၉ရက်များက နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြပြီး ယနေ့ညနေ ၄:၀၀ နာရီအထိ ပြန်မလွတ်ပေးသေးကြာင်း သတင်းရရှိသည်။

ချင်းလူငယ် ကိုအိုက်ထွန်းမင်းကို မေလ ၂၈ရက်နေ့ ညနေကလည်းကောင်း၊ ချင်းလူငယ် ကိုချမ်းမိုး(ကျန်းမာရေး)၊ ကိုအောင်ထွန်းစိုး (NGO)၊ ကိုဒေးဗစ် (WFP)၊ ကိုအိုက်ထွန်းမင်း(ကုမ္ပဏီ)၊ ကိုလိုင်ပန်း (အား/ကာ)၊ ဦးရာကျော်(NGO)၊ ကိုအိုက်မင်း၊ ကိုအိုက်ထွန်းမင်း(သစ်တော)၊ ဒေါ်ဥမ္မာလှမြင့်ဌေး(စာရင်းစစ်) နှင့် ကိုသီဟအောင်(ရခိုင်)တို့ကို ယနေ့ မေလ ၂၉ရက်နေ့တွင်လည်းကောင်း စစ်ကောင်စီက နေအိမ်မှ ပလက်ဝမြို့ရဲစခန်းသို့ အသီးသီး ခေါ်သွားခဲ့ခြင်း ဖြစ်သည်။

ခေါ်သွားခြင်းအကြောင်းအရင်းမှာ ယမန်နေ့က ဗုံးပေါက်ကွဲခြင်းအကြောင်းကို စစ်ဆေးစုံစမ်းရန်၊ မင်းတပ် CDF ကိုကူညီဖို့အလှူငွေကောက်တဲ့ကိစ္စ၊ နောက်ပြီး ပလက်ဝ CDF ဖွဲ့စည်းတဲ့အကြောင်းတွေကို စစ်ဆေးရန်ဖြစ်မည်ဟု ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။အဆိုပါခေါ်သွားခြင်းနှင့်ပတ်သက်ပြီး ပလက်ဝမြို့ရပ်မိရပ်ဖတစ်ဦးက ” ဘာသက်သေအထောက်အထားမှမပြနိုင်ဘဲ အခုလိုခေါ်သွားတာက အဓိပ္ပယ်မရှိဘူး။ လက်မခံနိုင်ဘူး။

ပလက်ဝမှာ လက်နက်ကိုင်ပြီးနေကြတာ စစ်ကောင်စီတပ်နဲ့ AA လက်နက်ကိုင်အဖွဲ့ပဲရှိတာ အဲဒီတော့ ဗုံးဖောက်တာ အဖြစ်နိုင်ခြေအရှိဆုံးက သူတို့နှစ်ဖွဲ့ထဲက တစ်ဖွဲ့ဖွဲ့ပဲဖြစ်မယ်။ CDF (ပလက်ဝ)လုပ်တာ လုံးဝကို မဖြစ်နိုင်ဘူး” ဟု ၎င်းက ခူမီးမီဒီယာသို့ ပြောသည်။စကစ က စစ်ဆေးမေမြန်းရန်ခေါ်သွားခဲ့သော ဒေါ်ဥမ္မာလှမြင့်ဌေးတစ်ဦးထဲကိုသာ ယနေ့ညနေက ပြန်လွတ်ပေးသေးကြောင်းသိရသော်လည်း မည်ကဲ့သို့စစ်ဆေးမေးမြန်းခံခဲ့ရကြောင်းကို သတင်းရယူရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရနိုင်ခဲ့ပေ။chinworld

ရဲဘော်သံချောင်းကို လုပ်ကြံသူမှာ တပ်ဖွဲ့ဝင်မဟုတ်ဟု SNA အတည်ပြု

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း စစ်ရေးတာဝန်ခံဟောင်းလည်းဖြစ်၊ ရှမ်းနီအမျိုးသားတပ်မတော် (SNA) ဒုတိယစစ်ဦးချုပ်လည်းဖြစ်သူ ရဲဘော်သံချောင်း(ခ) ဗိုလ်ချုပ် စဝ်ခွန်ကျော်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လုပ်ကြံသတ်ဖြတ်သူမှာ တပ်ဖွဲ့ဝင်မဟုတ်ဟု SNA က ယနေ့ မေ ၂၉ တွင် ပြောသည်။

SNA ဌာနချုပ်တွင် သေနတ်ဖြင့် အနီးကပ်ပစ်ခတ် လုပ်ကြံသူကို အသေဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။ “ပစ်တဲ့သူက အခုမှ ဝင်လာတဲ့သူဖြစ်ပါတယ်။ ရဲဘော်တောင်မဖြစ်သေးဘူး။ သူရဲ့ နောက်ကြောင်းရာဇဝင်နဲ့ ဆက်စပ်ဖော်ထုတ်စရာရှိတဲ့အတွက် သူနဲ့ပတ်သက်ပြီး ပြောလို့မရသေးပါဘူး”ဟု SNA ဒုတိယဗိုလ်မှူးကြီး ဆေစိုင်းထွန်းက Myanmar Now ကို ပြောသည်။

စစ်ကိုင်းတိုင်း၊​ ကချင်ပြည်နယ် စသည့် ရှမ်းနီတိုင်းရင်းသားတို့နေထိုင်သော ဒေသများတွင် လှုပ်ရှားသည့် SNA အဖွဲ့၏ ထိပ်တန်းခေါင်းဆောင် အသက် ၅၆နှစ်အရွယ် ရဲဘော်သံချောင်းမှာ မေ ၂၆ နေ့လယ်ပိုင်းက လုပ်ကြံခံရခြင်း ဖြစ်သည်။ဘယ်ဘက်လက်မောင်း၊ ချက်အထက်နှင့် အောက်တို့တွင် ကျည်ဆန်သုံးချက်ထိမှန်ခံရကာ အဆိုပါဒဏ်ရာဖြင့် နောက်တစ်နေ့မနက်ပိုင်းတွင် သေဆုံးသွားကြောင်း ဒုတိယဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ပြောသည်။

ရဲဘော်သံချောင်းသည် ၁၉၉၁ – ၁၉၉၂ တွင် ABSDF အခြေစိုက်ဒေသတစ်ခုဖြစ်သည့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပါဂျောင်ဒေသ၊ လိုင်စင်စခန်းတွင် ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၌ အဓိကတာဝန်ရှိသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ကြောင်း အသက်မသေဘဲ ထွက်ပြေးလွတ်မြောက်ခဲ့သူများက အခိုင်အမာပြောကြားထားသည်။

သူသေဆုံးပြီးတစ်ရက်အကြာတွင် အာဏာသိမ်းစစ်ကောင်စီက ထိုဖြစ်စဉ်အကြောင်း ၎င်းတို့ချုပ်ကိုင်ထားသည့် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာတို့တွင် “ယုံကြည်ချက်အတွက် တောခိုရင်း လူမသိသူမသိ အသက်ပေးလိုက်သူများ၏ အတိတ်သမိုင်း သို့မဟုတ် ပါဂျောင်ငရဲခန်း’ခေါင်းစဉ်ဖြင့် မေ ၂၈ရက်မှစ၍ အပိုင်းလိုက်ဖော်ပြနေသည်။

ယခုရက်ပိုင်းအတွင်း တော်လှန်ရေးဆိုသည့် အကြောင်းပြ၍ တောခိုခြင်း၊ လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းခြင်းတို့ကို လူငယ်များပြုလုပ်နေသည်ကို မြင်တွေ့နေရကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးဟူသော စည်းရုံးမှုများအောက်တွင် လူငယ်များလမ်းမှားမရောက်သင့်ကြောင်း အစချီကာ စစ်ကောင်စီက ဝါဒဖြန့်နေခြင်းဖြစ်သည်။

ထိုဖြစ်စဉ်အတွင်း ဖမ်းဆီးခံခဲ့ရသော်လည်း အသက်မသေဘဲ ကျန်ရစ်သူတစ်ဦးဖြစ်သည့် ABSDF အဖွဲ့ဝင်ဟောင်း နန်းအောင်ထွေးကြည်ကမူ ရဲဘော်သံချောင်းလုပ်ကြံခံရခြင်းကို စစ်ကောင်စီက အမြတ်ထုတ်နေသည်ဟု မှတ်ချက်ပြုသည်။”ကလေးတွေကို အကြံပေးချင်တာကတော့ အဓိကကတော့ သွေးမကွဲဖို့ ပြောချင်တယ်။ အယူအဆမတူရင် (အဖွဲ့အတွင်း)လက်နက်နဲ့ မဖြေရှင်းကြဖို့၊ နောက်တစ်ခုက ကိုယ်ရဲ့ ဘုံရန်သူက ဘာလဲ၊ အာဏာသိမ်းစစ်တပ်က ကိုယ့်ရဲ့ဘုံရန်သူပဲ။ အယူအဆကွဲရင်လည်း ကိုယ့်ရဲ့ ဘုံရန်သူကို တိုက်ခိုက်ပါ” ဟု နန်းအောင်ထွေးကြည်က Myanmar Now ကို ပြောသည်။

ပါဂျောင်ဖြစ်စဉ်တွင် ABSDF အဖွဲ့ဝင် ကျောင်းသားလူငယ် ၁၀၀ ကျော်ကို အာဏာသိမ်းစစ်တပ်၏ ထောက်လှမ်းရေးသူလျှိုဟု စွပ်စွဲကာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ရာ ၃၉ ဦး သေဆုံးခဲ့သည်ဟု မြောက်ပိုင်းပြန် ကျောင်းသားများက အတည်ပြုထားသည်။ABSDF ကို စခန်းနေရာပေးထားသည့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)က ၁၉၉၄ တွင် အစိုးရနှင့် အပစ်ရပ်စာချုပ် ချုပ်လိုက်သဖြင့် ရဲဘော်သံချောင်းနှင့်အဖွဲ့ ပါဂျောင်ဒေသကို စွန့်ခွာပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့နှင့် ပူးပေါင်းခဲ့သည်။

၁၉၉၈ ခုနှစ်တွင်မူ ရဲဘော်သံချောင်းတို့အဖွဲ့ SSPP/SSAမှ နုတ်ထွက်ကာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ပူးပေါင်းလိုက်သည်။

RCSS/SSAတွင် ရဲဘော်သံချောင်းက တပ်မဟာ ၂၄၁ ၏ တပ်မှူးအဖြစ် တာဝန်ယူခဲ့ပြီး ၁၉၉၉ ခုနှစ်၌ ရှမ်းပြည်တောင်ပိုင်း လွိုင်တိုင်းလျန်ဒေသတွင် RCSS ဌာနချုပ် စတင်တည်ထောင်ချိန်က ပါဝင်ခဲ့သည်။ရဲဘော်သံချောင်း RCSS/SSAတွင် လှုပ်ရှားနေစဉ် ၂၀ဝ၆ ဇန်နဝါရီ ၁ တွင် ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်၊ နမ့်တီးရွာတွင် စစ်တပ်က ဖမ်းခေါ်သွားပြီးနောက် မတ်လတွင် စွဲချက် ၁၁ ချက်ဖြင့် သေဒဏ်ချမှတ်ခဲ့သည်။

၂၀၁၅ အပစ်ရပ်စာချုပ်တွင် ပါဝင်လာသည့် RCSS/SSA က ရဲဘော်သံချောင်းပြန်လွတ်ရေးအတွက် တောင်းဆိုခဲ့သည်။ယင်းနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရလက်ထက်၂၀၁၈ ဧပြီတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်းတွင် ရဲဘော်သံချောင်းမှာ SNA ဒုတိယစစ်ဦးစီးချုပ်ဖြစ်လာသည်။ myanmar now

တောင်ကြီး စစ်တပ်ပိုင် အင်းဝဘဏ်ရှေ့ ဗုံးပေါက်ပြီး​နောက် စစ်တပ်က တင့်ကား ၄ စီး ထုတ်ပြ လှည့်လည်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က အကြမ်းဖက်စစ်တပ်ပိုင် အင်းဝဘဏ်ရှေ့မှာဒီကနေ့ မေလ ၂၉ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်လောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရှိရပါတယ်။

ဗုံးပေါက်ကွဲပြီးတဲ့နောက် သေနတ်ပစ်သံ ၅ ချက်ကြားရတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ လက်ရှိအချိန်မှာတော့ အင်းဝဘဏ်ရှေ့ရှိလမ်းကို အကြမ်းဖက်စစ်ကောင်စီ တပ်တွေပိတ်ဆို့ စစ်ဆေး နေတယ်လို့ သတင်းရရှိပါတယ်။ အခု​တော့ ​​တောင်ကြီးမြို့​ပေါ်မှာ တင့်ကား ၄ စီးပါ ထုတ် ပြ လှည့်လည်​နေပါတယ်။khit thit

PNO နှင့် အာဏာသိမ်းစစ်ကောင်စီကို PNDF က နောက်ဆုံးအကြိမ် သတိပေး

PNO အနေဖြင့် ပအို့ဝ်းအမျိုးသားများနှင့် လူငယ်များ၏ ဆန္ဒသဘောထားမပါဘဲ အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းခြင်းမပြုရန်၊ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဒေသတွင်း ပြည်သူလူထု၏ လုံခြုံရေး၊ လွတ်လပ်စွာသွားလာခွင့်ကို ဟန့်တားနေခြင်းများအား ဆက်လက်မလုပ်ရန် PNDF (Pa-O National Defense Force) က ၂၀၂၁ ခုနှစ် မေလ (၂၉) ရက်နေ့တွင် ထုတ်ပြန်ချက်ဖြင့် နောက်ဆုံးအကြိမ် သတိပေးလိုက်သည်။ TachileikNewsAgency

အင်းမမြို့တွင် ကျောင်းသူတဦးအား စစ်ကောင်စီမှ ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက်၊ တပ်မ ၆၆ မျက်နှာချင်းဆိုင်ရှိ မအူကန်ရွာမှ တက္ကသိုလ်ကျောင်းသူ မဟန်လဲနိုင်အား ယမန်နေ့ (မေလ ၂၈) ညနေ ၆ နာရီခန့်က စစ်ကောင်းစီတပ်ဖွဲ့ဝင်များဖြစ်ကြသည့် ရဲတပ်ဖွဲ့နှင့် စစ်သားများမှ နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသည့်အကြောင်းနှင့် ပတ်သက်၍ တစုံတရာပြောဆိုချင်းမရှိပဲ၊ နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“ပြည်တက္ကသိုလ်တက်နေတဲ့ကျောင်းသူ မေဂျာတော့ မသိဘူး။ အဝေးသင်ဖြစ်မယ်။ မိဘတွေကတော့ အခုမနက် စခန်းလိုက်သွားကြပြီ၊ ကလေးမက ဆန္ဒပြတာတွေလည်းမရှိပါဘူး။ ဘာကြောင့်ဖမ်းတယ်ဆိုတဲ့အကြောင်းပြချက်လည်း မပြောပဲ ဖမ်းသွားကြတာ။ ကျောင်းသူအချင်းချင်း သတင်းပေးတိုင်တယ်လို့လည်း ကြားတယ်၊ သေချာတော့ မသိဘူး။” ဟု အဆိုပါ ဒေသခံကပြောသည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ ညပိုင်းကလည်း အင်းမမြို့ဆေးရုံရှေ့ကရှိ လမ်းမပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အသက် ၂၃ နှစ်အရွယ် ကိုမိုးစက်ဆိုသူကိုလည်း နေအိမ်သို့လာရောက်ကာ ရိုက်နှက်ဖမ်းဆီးမှုဖြစ်ခဲ့ကြောင်း သိရသည်။PRN

ထားဝယ်တွင် လူငယ် ၁၀ ဦး အဖမ်းခံရ

ထားဝယ်မြို့ ၊ ဆင်ဆိပ်ရပ်ကွက်၊ မြို့ပတ်လမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် လူငယ် ၁၀ ဦးခန့် အဖမ်းခံခဲ့ရကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ထုတ်ပြန်ထားသည်။ ယနေ့ညနေ ၃ နာရီခွဲခန့်က Micky စားသောက်ဆိုင်တွင်အဖမ်းခံခဲ့ရခြင်းဖြစ်ပြီးအမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။khit thit

« Older Entries