Monthly Archives: Jun 2021

အများပြည်သူကို ငွေထုတ်ခွင့် ကန့်သတ်ထားချိန် စစ်လက်နက်ထုတ်လုပ်ရေးနှင့် စစ်တပ်အတွက် ငွေကျပ် သိန်း ခြောက်ထောင်နီးပါး လျှို့ဝှက်ထုတ်ယူ

အကြမ်းဖက်စစ်ကောင်စီက စစ်လက်နက်ထုတ်လုပ်ခြင်းအပါအဝင် စစ်တပ်လုပ်ငန်းများအတွက် ငွေကျပ် သိန်း ၆၀၀၀ နီးပါး ( ၅၈၉,၅၇၅, ၈၂၆ ) ထုတ်ယူခွင့်ပြရန် ဗဟိုဘဏ်သို့ လျှို့ဝှက်တင်ပြ ထုတ်ယူရန်ရှိ​ကြောင်း ဗဟိုဘဏ်အရာရှိတစ်ဦးထံမှ သိရှိရသည်။

ရန်ကုန်ခေတ်သစ်က စစ်တပ်၏ ဗဟိုဘဏ်သို့ လျှို့ဝှက်တင်ပြစာ ရရှိ၍ ဗဟိုဘဏ်အသိုင်းအ၀ိုင်းသို့ မေးမြန်းရာ ယင်းစာ ဟုတ်မှန်ကြောင်း ဘဏ်အရာရှိတစ်ဦးက အတည်ပြုသည်။ အများပြည်သူပိုင် အပ်ငွေများကို ဗဟိုဘဏ်က ဘဏ်များတွင် အကန့်အသတ်ဖြင့် ထုတ်ခွင့်ပြုချိန်တွင် စစ်တပ်က ၎င်းတို့အတွက်​ ငွေကြေးများကို ထုတ်ယူခွင့်ပြုရန် ဗဟိုဘဏ်သို့ လျှို့ဝှက်တင်ပြ ထုတ်ယူလာခြင်းဖြစ်သည်။

ဇွန်လ ၁ ရက်နေ့ နေ့စွဲဖြင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးက မြန်မာ့စီးပွားရေးဘဏ်မှ ငွေကျပ် သိန်းပေါင်း ခြောက်ထောင် နီးပါးကို စစ်လက်နက် ပစ္စည်းများ ထုတ်လုပ်​ရေးနှင့် စစ်တပ်လုပ်ငန်းများအတွက် ငွေထုတ်ယူခွင့်ပေးရန် ဗဟိုဘဏ်ထံသို့ လျှို့ဝှက် တင်ပြ ခွင့်ပြုချက်တောင်းခံထားခြင်းဖြစ် ကြောင်း သိရှိရသည်။

” ဘတ်ဂျက်ထဲက သူတို့ရဖို့ရှိတဲ့ငွေ သူတို့ငွေ သူတို့ ထုတ်တာပါ။ အဲဒါကို အထူးကိစ္စအနေနဲ့ တင်ပြတာ။ ခွင့်ပြုပေးဖို့ ညွှန်ကြားချက်လည်း ရထားပါတယ်” ဟု ဗဟိုဘဏ် အရာရှိတစ်ဦးက ပြောသည်။

အများပြည်သူများသည် မိမိတို့၏ ဘဏ်အပ်ငွေများကို တစ်ပတ်လျှင် အများဆုံး သိန်း ၂၀ နှင့် ကုမ္ပဏီ အဖွဲ့အစည်းများသည် တစ်ပတ်လျှင် အများဆုံး ငွေကျပ် သိန်း ၂၀၀ သာ ထုတ်ယူရန် အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က အမိန့်ထုတ်ပြန်ထားသည်။khit thit

ညောင်ဇင်ရွာ စစ်အာဏာရှင်ဖြုတ်ချရေး ညသပိတ် အင်အားပြည့် ချီတက်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ကို အင်အားပြည့်ဖြင့်ယနေ့ ညပိုင်းတွင် ချီတက် ဆန္ဒပြကြသည်။khit thit

မိုးကုတ်မြို့က ဒုစခန်းမှူး ဓားခုတ်ခံရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဇွန်လ ၂ ရက် ည ၈ နာရီဝန်းကျင်က ရဲတပ်ဖွဲ့ဝင်  ဒုစခန်းမှူးရဲ့ လည်ပင်းကို  ဓားနဲ့ ခုတ်ခံထားရတယ်လို့  မြို့ခံတွေဆီကသိရပါတယ်။ 

ဒုစခန်းမှူး လင်မယားက လမ်းလျှောက်ထွက်လာချိန်မှာ ဆိုင်ကယ်နဲ့အနောက်ကနေ ဓားနဲ့ ဝင်ခုတ်သွားတာဖြစ်ပြီး ဓားခုတ်ခံရတဲ့စခန်းမှူးကိုတော့ ဆေးရုံပို့ဆောင်ထားရကာ အခြေအနေ မသိရသေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ 

မိုးကုတ်မြို့အနောက်ပိုင်းက Non CDM ဆရာမအိမ် ဗုံးကွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး အနီးအနားအိမ်က ပြည်သူတွေကို ဗုံးဖောက်သူ တရားခံဖော်ဖို့ဆိုပြီး အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ လည်းသိရပါတယ်။DVB

ထိုးစစ်ဆင် ချီတက်လာတဲ့ အကြမ်းဖက် လူသတ်စစ်ကောင်စီတပ်အား KIA မှ စောင့်ကြို ပစ်ခတ် တိုက်ခိုက်ပြီး တောထဲပိတ်ဆို့ကာ ဝိုင်းထား

ယနေ့ ဇွန်လ (၂) ရက် ညနေ (၃) နာရီခွဲအချိန်ခန့် ကချင်ပြည်နယ် တနိုင်းမြို့နယ် ဒရူးချောင်း၊ နာဂတောင်ဘက်မှ ထိုးစစ်ဆင် ချီတက်လာတဲ့ အကြမ်းဖက် လူသတ်စစ်ကောင်စီတပ်အား KIA မှ စောင့်ကြို ပစ်ခတ် တိုက်ခိုက်ပြီး တောထဲပိတ်ဆို့ကာ ဝိုင်းထားကြောင်း ရှေ့တန်းစစ်မြေပြင်မှ သတင်းရရှိသည်။

၎င်းစစ်မြေပြင်ဘက် ယနေ့ ညနေ (၅) နာရီအချိန်ခန့် အကြမ်းဖက် လူသတ်စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် (၂) စင်းဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။အကြမ်းဖက် လူသတ်စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများလာသဖြင့် ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ကူ တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။kachin news

မိုးညှင်းတွင် ပြည်ခိုင်ဖြိုးပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန်းမားမြို့ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဝင် ဦးအေးမင်းမှာ ယမန်နေ့ (ဇွန် ၁) တွင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရသည်ဟု မိသားစုဝင်နှင့် မြို့ခံများထံမှ သိရသည်။ယမန်နေ့ နံနက် ၅ နာရီခန့်က နန်းမားမြို့၊ နန်းခမ်းဈေးမှ အပြန်လမ်းတွင် အသက် ၄၉ နှစ်အရွယ် ဦးအေးမင်းမှာ နောက်ကျောဘက်မှ သေနတ်ဖြင့် ပစ်ခံရပြီး မြစ်ကြီးနားစစ်ဆေးရုံ၌ ကုသမှုခံယူနေစဉ် ယနေ့ (ဇွန် ၂) နံနက်ပိုင်းက သေဆုံးခဲ့ခြင်းဖြစ်သည်။

“သူ့ညီမကို ဈေးသွားပို့ပြီး အပြန်မှာ ကျွန်မတို့အိမ်နားရောက်ခါနီး တိုက်နယ်ဆေးရုံနားမှာ (ဆိုင်ကယ်နဲ့) လူနှစ်ယောက်က သူ့ကို ပစ်သွားတာလို့ ပြောတာရှင့်။ ယောက်ျားလေးရှင့်၊ မိုးကာဝတ်ထားတယ်တဲ့” ဟု ဦးအေးမင်း၏ ဇနီးဖြစ်သူ ဒေါ်သင်းသင်းအေးက ပြောသည်။

နောက်ကျောဘယ်ဘက်ခြမ်းမှ ကျည်ဆန် (တစ်ချက်) ထိမှန်ပြီး ဘေးဘက်သို့ ဖောက်ထွက်ကာ အဆိုပါဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု ဇနီးဖြစ်သူထံမှ သိရသည်။ဦးအေးမင်းသည် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ (နအဖအစိုးရ) လက်ထက်၂၀၀၅ ခုနှစ်မှစ၍ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်အထိ နန်းမားကျေးရွာတွင် ၈ နှစ်ခန့် အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူဖြစ်ပြီး ထိုစဉ်က နန်းမားမြို့သည် ကျေးရွာအဆင့်တွင်သာ ရှိသေးသည်။

ဦးအေးမင်း၏ ဖခင်သည်လည်း စစ်မှုထမ်းဟောင်းဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း တပ်ထောက်ခံပွဲများတွင် ဦးဆောင်ပါဝင်လေ့ရှိပြီး စစ်အာဏာသိမ်းပြီးနောက် စစ်တပ်သတင်းပေးအဖြစ် လုပ်ကိုင်နေသည်ဟု ကြားရကြောင်း ဒေသခံအချို့က Myanmar Now ကို ပြော သည်။“အခုလည်း ခေတ်ပျက်ကြီးထဲမှာ သူက ပျူစောထီးခေါင်းဆောင်လုပ်တာကိုး၊ အဲဒီလိုပဲကြားတယ်လေ။ စစ်တပ်မှာလည်း သင်တန်းသွားတက်တာပေါ့နော်။ သံပုံးခေါက်တာကိုလည်း ဆဲတာပေါ့။ ဆန္ဒပြတာတွေကိုလည်း သတင်းပို့တာပေါ့” ဟု မြို့ခံတစ်ဦးက ပြောသည်။

အခြားမြို့ခံတစ်ဦးကမူ ဦးအေးမင်းသည် ပျူစောထီးအဖွဲ့နှင့် ပတ်သက်မှုရှိမရှိ မသိကြောင်း ပြောသည်။ “ရပ်ရွာထဲမှာ နိုင်ငံရေးတွေ မရောနှောခင်က(စစ်အာဏာမသိမ်းမီ) သူက ခင်စရာကောင်းတဲ့ လူတစ်ဦးအဖြစ် မိတ်ဆွေပေါများသူပါ။ ကျွန်တော်တို့နဲ့ ခင်ပါတယ်။ သူ့ကို ဒလန်လို့ သူ့ရပ်ရွာက သတိထားနေရတယ်လို့ပဲ ကြားနေတာကြာပြီ။

ကြံ့ခိုင်ရေးအမာခံတွေနဲ့ မဘသတွေ၊ အမျိုးသားရေးသမားတွေ စုဖွဲ့ထားတဲ့ ပျူစောထီးအဖွဲ့ ဖွဲ့ထားတယ်လို့ သိရတယ်။ သူ ပါဝင်ပတ်သက်မှုရှိမရှိတော့ အတိအကျမသိဘူး” ဟု အဆိုပါ ဒေသခံတစ်ဦးက ပြောသည်။ ထိုစွပ်စွဲချက်များနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်းမရှိဘဲ ဦးအေးမင်း၏ ဇနီးဖြစ်သူ ဒေါ်သင်းသင်းအေးက စွပ်စွဲချက်နှင့် ပတ်သက်၍ ငြင်းဆိုသည်။

“အဲဒါတော့ စွပ်စွဲတာသက်သက်ပဲရှင့်။ ကျွန်မအမျိုးသားက သတင်းပေးတာတွေ မရှိဘူး။ ဒါပေမယ့် လူကြီး (အုပ်ချုပ်ရေးမှူး) စလုပ်ကတည်း က တပ်တွေနဲ့ လက်တွဲညီညီ အဆင်ပြေအောင်လုပ်ခဲ့တဲ့အခါကျတော့ သူတို့ (စစ်သား) တွေက အမြဲတမ်း အဝင်အထွက်ရှိနေတယ်။ နားပြီးတဲ့နောက်ပိုင်းလည်း ယနေ့အချိန်ထိပေါ့နော်” ဟု ဒေါ်သင်းသင်းအေးက ပြောသည်။

ကျန်းမာရေးမကောင်းသဖြင့် ၂၀၁၂ ခုနှစ်တွင် အုပ်ချုပ်ရေးမှူးအဖြစ်မှ အနားယူပြီး မိုးညှင်းမြို့နယ် USDP တွင် ပါတီဝင်အဖြစ်သာ လုပ်ကိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။“(အုပ်ချုပ်ရေးမှူးကနေ) နားပြီးတော့ သူတို့အဖွဲ့ဝင်လုပ်ခိုင်းတော့ ဒါပေမယ့် ထဲထဲဝင်ဝင်တော့ မလုပ်ဘူးရှင့်။ အစည်းအဝေးတွေခေါ်ရင်လည်း သွားတာနည်းတယ်ရှင့်” ဟု ဒေါ်သင်းသင်းအေးက ဆိုသည်။

ဦးအေးမင်းတွင် သားသမီးသုံးယောက်နှင့် ဇနီးဖြစ်သူတို့ ကျန်ရစ်ခဲ့ပြီး ၎င်း၏ နာရေးကို ဇွန် ၄ ၌ ပြုလုပ်မည်ဖြစ်သည်။ ခင်ပွန်းသည် အသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ဒေါ်သင်းသင်းအေးက တရားမျှတမှုမရှိဟု ပြောသည်။ပြီးခဲ့သည့် မေလဆန်းမှစ၍ နိုင်ငံအနှံ့အပြားရှိ စစ်ကောင်စီက ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးများ၊ စစ်တပ်သတင်းပေး (ဒလန်များ)၊ USDP ပါတီဝင်များ၊ အစွန်းရောက်အမျိုးသားရေးသမားများ လုပ်ကြံသတ်ဖြတ်ခံရလျက်ရှိသည်။

ယနေ့တွင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့၌ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရဲထွန်းမှာ သေနတ်ဖြင့် ပစ်သတ်ခံရပြီး ယမန်နေ့တွင်လည်း ရန်ကုန် လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းလင်းဇော် သေနတ်ဖြင့် ပစ်သတ်ခံရသည်။

မန္တလေးတိုင်း မြင်းခြံခရိုင်တွင် မေ ၃၀ နှင့် ၃၁ ရက်နေ့များက အုပ်ချုပ်ရေးမှူးသုံးဦးနှင့် အတွင်းရေးမှူးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရပြီး မေ ၁၈ က ရန်ကုန်မြို့၊ လမ်းမတော် ၈ လမ်းတွင် အသက် ၄၅နှစ်အရွယ် လမ်းမတော်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်သည် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးခဲ့သည်။

မေ ၂၇ ကလည်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးမြင့်ဆွေ သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။myanmar now

ကွတ်ခိုင်မြို့နယ်အတွင်း အကြမ်း ဖက်စစ်ကောင်စီမှ ကွတ်ခိုင်မြို့ နယ်အတွင်း လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်bခိုက် (video)

ကွတ်ခိုင်မြို့နယ်၊ မန်ဂျက်ရွာနှင့် ခိုတင်ရွာအနီးတဝိုက်ကို ယနေ့ ဇွန်လ ၂ ရက် ညနေ ၅ နာရီခန့်က ကွက်ခိုင်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီအမြှောက်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို စစ်ရဟတ်ယာဉ်ဖြင့်လည်း တိုက်ခိုက်ခဲ့သည်ဟု မန်ဂျက်ရွာဒေသခံတစ်ဦးမှ ပြောသည်။

မြောက်ပိုင်းမဟာမိတ်တပ်နဲ့ စစ်ကောင်စီတပ်တို့ မိနစ်အနည်းငယ် ပစ်ခတ်မှုဖြစ်ပြီး သိပ်မကြာခင် အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။ထိခိုက်ကျဆုံးမှုစာရင်း မသိရှိရသေးပေ။

မေလ ၃၁ ရက်နေ့က ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ စစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ AA, TNLA, MNDAAတို့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ထားခဲ့သည်။khit thit

စစ်ကိုင်းတွင် စစ်သင်တန်း အပတ်စဉ် ၄ သင်တန်းဆင်းဟု စစ်ကိုင်းSPDF ထုတ်ပြန်

စစ်ကိုင်းတိုင်း တောတွင်းတစ်နေရာတွင် ကာလတို စစ်သင်တန်း အပတ်စဉ် ၄ မှ သင်တန်းသားတချို့ ယနေ့ သင်တန်းဆင်းကြောင်း စစ်ကိုင်း SPDF က တရားဝင်သတင်းထုတ်ပြန်သည်။

အဆိုပါ ကာလတို စစ်သင်တန်းဆင်းပွဲကို စစ်ကိုင်းတိုင်းရှိ တောတွင်းတစ်နေရာတွင် ပြုလုပ်ခဲ့ပြီးဖြစ်ပြီးတော့ ကာလတိုစစ်သင်တန်း သင်တန်းအမှတ်စဥ် ၄/၂၀၂၁ဖြစ်ကြောင်း၊ Sagaing People Defense Force(စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့–SPDF)က အဆိုပါကာလတိုစစ်သင်တန်းဆင်းပွုအတွက် သဝဏ်လွှာပေးပို့ခြင်း၊ဂုဏ်ပြုခြင်းများ လုပ်ဆောင်သည်ကို SPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကာလတိုစစ်သင်တန်း အမှတ်စဉ်(၁)၊အမှတ်စဉ်(၂)၊အမှတ်စဉ်(၃)တို့ကိုလည်း ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်ပြီး ယခုသင်တန်းအမှတ်စဉ် ၄ အထိရောက်ရှိနေပြီဖြစ်သည်။khit thit

ဥသျှစ်ပင်မြို့တွင် ဖမ်းလိုသူမမိ၍ မိခင်နှင့်ဇနီးကို စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီး၊ လူငယ်မှန်သမျှ လိုက်ဖမ်းနေ

ပဲခူးတိုင်းအနောက် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင် ကိုမင်းမင်းဆိုသူကို ဖမ်းမမိ၍ မိခင်နှင့်ဇနီးဖြစ်သူကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ဇွန်၁ရက်မနေ့ညက ရွှေပင်ရပ်ကွက်၇လမ်းမှာ​ ဒလန်လို့ နာမည်ကြီးတဲ့အိမ်ကို လက်လုပ်ဗုံးနဲ့ ပစ်ခတ်ခံရပြီးအိမ်အမိုးပွင့်ခဲ့တာနဲ့ဆက်စပ်ပြီး သံသယရှိသူ ကိုမင်းမင်းဦး ခ ကြက်မင်းကို မတွေ့လို့ ဖမ်းမမိလို့ မိခင်ဖြစ်သူဒေါ်ကြည်လှနဲ့ဇနီးဖြစ်သူကို စစ်ကောင်စီတပ်တွေက ဒီကနေ့မနက်၁၀နာရီခန့်မှာ ဓားစာခံဖမ်းဆီးသွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဥသျှစ်ပင်မြို့တွင် လမ်းပေါ်တွင် ဆိုင်ကယ်စီးနေသူ လူငယ် ၂ ဦး ၊ ရေဒီယိုကတ်ဆက်ပြင်ဆရာ ၁ ဦး၊ သာမန် အရပ်သားပြည်သူ ၂ ဦးတို့ကိုလည်း အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရှီရသည်။

“ဗောဓိထောင့်လမ်းမှာဆိုင်ကယ်စီးလာတဲ့ ၁၆နှစ်၁၇နှစ်အရွယ် လူငယ်၂ ယောက်ကိုလည်းဖမ်းတယ်။ လမ်းမတော်လမ်းက ကိုမျိုးမြင့်ထွန်းဆိုတဲ့ လူကိုလည်းဖမ်းတယ်။ ညကတည်းက စစ်ပြေးဆိုတဲ့လူတွေလည်းဖမ်းတယ်ကြားတယ်။ သေနတ်သံပဲကြားတယ်။ ဘာတွေဘယ်လိုဖြစ်လို့ဖမ်းနေမှန်းမသိဘူး”ဟု ပြည်တော်သာရပ်ကွက်နေသူတဦးကပြောသည်။

အလားတူ ဥသျှစ်ပင်မြို့မဈေးစည်ပင်တိုက်ခန်းတွင် ဆိုင်ဖွင့်ထားသော ရေဒီယိုကက်ဆက်တီဗီပြင်ဆရာဦးညွန့်ဝေကိုလည်း ယနေ့တွင် ဖမ်းဆီးသွားကြောင်း သိရှိရသည်။khit thit

« Older Entries