Monthly Archives: Jun 2021

ရွှေကူရဲစခန်းကို KIA ဝင်တိုက်နေ

ရွှေကူမြို့ ရဲစခန်းကို KIA က ယနေ့ည ၈နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။”အခု…အခု ပစ်နေတာ။ KIA ကဝင်စီးတာ။ လက်နက်ကြီးတွေလည်းပါတယ်။

လက်နက်ငယ်အစုံဘဲ။ ဆက်တိုက်ပစ်နေတယ်”ဟုဒေသခံတစ်ဦးပြောဆိုသည်။ရဲစခန်းနှင့်နီးသော လူနေအိမ် တစ်ချို့မှာ ထိခိုက်ပျက်စီးမှု များလည်းရှိထားကြောင်းသိရသည်။KNG

အမေရိကန်အစိုးရ ထိန်းချုပ်သော ပြည်သူပိုင် ဒေါ်လာ ၁ ဘီလီယံ ရရှိရေး NUG အစိုးရ ကြိုးပမ်းနေ

မြန်မာနိုင်ငံတွင် မင်းအောင်လှိုင်(ခ) မအလ ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စုက အာဏာ သိမ်း ပြီးနောက် မြန်မာပြည်သူပိုင် အမေရိကန် ၁ ဘီလီယံကို အမေရိကန်အစိုးရက ထိန်းချုပ်လိုက်ပြီး ယင်းထိန်းချုပ်ထားသော ငွေကြေးများရရှိရေး NUG အစိုးရက ဆောင်ရွက်နေကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမိုးဇော်ဦးက ပြောဆိုသည်။

ယနေ့ ကျင်းပသော NUG အစိုးရ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်းဖြေကြားလိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် NUG အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က ယင်းငွေကြေးများ ပြန်လည်ရရှိရေး အဖွဲ့ဖွဲ့၍ တွေ့သင့်တွေ့ထိုက်သူအားလုံးနှင့် ထိတွေ့ဆောင်ရွက်နေသည်ဟု ဖြေကြားလိုသည်ဟု ၎င်းက ဖြေဆိုသွားသည်။khit thit

အာဆီယံ၏ ကြားဝင်စေ့စပ်မှု အယုံအကြည်မရှိဟု NUG အစိုးရက တရားဝင်ထုတ်ဖော်ပြောဆို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အာဆီယံ၏ ကြားဝင်စေ့စပ်မှုကို အယုံအကြည်မရှိကြောင်း NUG အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမိုးဇော်ဦးက တရားဝင် ထုတ်ဖော်ပြောဆိုလိုက်သည်။

ယနေ့ NUG အစိုးရ၏ တရားဝင် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ အာဆီယံအနေဖြင့် ၎င်းတို့သဘောတူညီထားသော ၅ ချက်ကို သဘောမတူညီလျှင် စစ်ကောင်စီကို မည်သို့ အရေးယူမည်ဆိုသည်ကို NUG က အာဆီယံအတွင်းရေးမှူးချုပ်ရုံးထံ စာဆက်သွယ်​မေးမြန်းသော်လည်း စာပြန်ကြားခြင်းမရှိကြောင်း ဦးမိုးဇော်ဦးက ပြောဆိုသွားသည်။

အာဆီယံအနေဖြင့် မြန်မာ့အရေးကိုယ်စားလှယ်ခန့်ထားရေးပင် သဘောထားကွဲလွဲမှုများရှိနေသည်ကို မြင်တွေ့ရကြောင်း ၎င်းက ဆိုသည်။khit thit

မုံရွာမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပိတောက်ကုန်းရပ်ကွက်က ကိုကုလား ကို ဇွန်လ ၃ ရက် မနေ့ည ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။

ဆိုင်ကယ်ကို စစ်ဆေးဖို့ တားဆီးတာကို မရပ်တဲ့အတွက် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပိတောက်ကုန်းရပ်ကွက်က ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“ကိုကုလားက အပြင်က ပြန်လာတာနေမှာ၊ စစ်သားတွေက တားတာကို မရပ်တော့ သေနတ်နဲ့ လေးငါးခြောက်ချက်ပစ်တယ်။ ဘယ်သူမှထွက်မကြည့်ရဲဘူး။ သုံးချက်ထိသွားတယ်။ လူမှုကူညီရေးအသင်းကား လာဖို့တောင် ၂ နာရီလောက်စောင့်လိုက်ရတယ်။ နောက်တော့ ရပ်ကွက်က ဆေးရုံကြီးကို လိုက်ပို့လိုက်တယ်။

ဒါပေမဲ့ သေသွားတယ်။ အခုတော့ သေဆုံးသူနေအိမ်ကို စစ်သားတွေရောက်နေကြလို့ ရပ်ကွက်ကသူတွေ ရှောင်နေကြတယ်။” မုံရွာမြို့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်နေတဲ့မြို့ဖြစ်ပါတယ်။

ဆန္ဒပြတာတွေ လုပ်ဆောင်လို့မရအောင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ မုံရွာမြို့မှာ နေ့စဉ်လှည့်ပတ်နေပြီး ကျောက်က္ကာလမ်း၊ မိုးကောင်းဘုရားအနီးမှာတော့ စစ်ကောင်စီက နေ့စဉ်နီးပါး စစ်ဆေးတာတွေလုပ်နေတယ်လို့လည်း မုံရွာဒေသခံတွေက RFA ကို ပြောပါတယ်။RFA

မိုးဗြဲတိုက်ပွဲ PDF တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ ဒီကနေ့ နေ့လယ် ၃ နာရီကနေစလို့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး PDF တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က မိုးဗြဲမြို့ ဒိုးဒူးထန်ရပ်ကွက်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို လာရောက်တိုက်ခိုက်ရင်း တိုက်ပွဲဖြစ်တာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က လူနေရပ်ကွက်တွေဘက်ကိုပါ ပစ်ခတ်တာတွေရှိပြီး ညနေ ၅ နာရီလောက်မှာတော့ တိုက်ပွဲခေတ္တငြိမ်နေတယ်လို့လည်းဆိုပါတယ်။မိုးဗြဲမြို့ဟာ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်းမှာ ပါဝင်တာဖြစ်ပြီး ကယားပြည်နယ် ဘီလူချောင်း ဘေးမှာ တည်ရှိတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလ ၂၃ ရက်နေ့က မိုးဗြဲရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်ပြီးနောက် ဒေသခံသောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေကြရဆဲဖြစ်သလို မြို့တွင်းမှာလည်း စစ်ကောင်စီတပ်တွေနဲ့ စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။

မိုးဗြဲမှာ ရဲစခန်းအပါအဝင် နေရာအချို့မှာ စစ်ကောင်စီဘက်က စစ်အင်အားတွေ ထပ်တိုးထားတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။RFA

အချိန်တစ်ခုရောက်ရင် စစ်ကောင်စီကိုစတင်တိုက်ခိုက်မယ့် တိုက်ပွဲခေါ်သံပေးမယ်လို့ NUG ပြော

တစ်နိုင်ငံလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုဖွဲ့စည်းထားပြီဖြစ်တာကြောင့် ပြည်သူအားလုံး အကြမ်းဖက်စစ်အုပ်စုကို နှိမ်နင်းကြဖို့ အချိန်တစ်ခုရောက်ရင် တိုက်ပွဲခေါ်သံပေးမယ့်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုးက ဒီနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေကို နှိမ်နင်းတဲ့အခါမှာ ဘယ်သူက ဦးဆောင်နေတယ်ဆိုတာက အရေးမကြီးဘဲ ဘုံရန်သူ အကြမ်းဖက်စစ်အုပ်စုကို နှိမ်နင်းရေးက အဓိကဖြစ်ပြီး နေရာတိုင်းမှာ နှိမ်နင်းမယ့်အဖွဲ့တွေရှိနေရမှာဖြစ်တယ်လို့ဆိုပါတယ်။DVB

ပန်းတနော်မြို့နယ်က မူလွန်ကျောင်း ညမထွက်ရအချိန် မီးလောင်

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှာ ဇွန်လ ၃ ရက် ညပိုင်းက မူလွန်ကျောင်း ၁ ကျောင်းမီးလောင်ပြာကျသွားပါတယ်။

ထိန်ကုလားကုန်းကျေးရွာအုပ်စု၊ ပေါ်တော်မူကျေးရွာက မူလတန်းလွန်ကျောင်းမှာ ည ၁၁ နာရီလောက်က  မီးလောင်ခဲ့တာကြောင့် ကျောင်းဆောင်တစ်ခုလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဘာကြောင့်လောင်သလဲ အကြောင်းအရင်းတော့ မသိရသေးဘူး။ မီးလောင်လို့ ကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားတယ်”လို့ ပေါ်တော်မူကျေးရွာက ဒေသခံတွေက ပြော ပါတယ်။

ညမထွက်အရအချိန်မီးလောင်ခဲ့တဲ့ စာသင်ကျောင်းဟာ ပျဉ်ထောင် သွပ်မိုးဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာ  လက်နက်ကိုင်တပ်တွေက လာရောက်စစ်ဆေးနေပါတယ်။

မီးလောင်ခဲ့တဲ့ မူလတန်းလွန်ကျောင်းမှာ ကျောင်းသား ၉ဝ ကျော်ရှိပြီး ကျောင်းတက်သူမရှိတဲ့အတွက် ကျောင်းမဖွင့်ဘဲ ပိတ်သိမ်းထားရတဲ့ကျောင်းလည်းဖြစ်ပါတယ်။

နိုင်ငံဝန်း စာသင်ကျောင်းတွေမှာ ရဲနဲ့စစ်တပ်တွေ၊ စစ်ကောင်စီဩဇာခံ ပျူစောထီး အရပ်ဖက်လုံခြုံ ရေးအဖွဲ့တွေက တပ်စွဲလုံခြုံရေးယူထားတာဖြစ်ပြီး ညမထွက်ရသတ်မှတ်ထားလို့ ပြည်သူတွေ အများစု အပြင်မထွက်ချိန်မှာ ခုလို မီးလောင်မှုတွေ ဗုံးခွဲမှုတွေ ဖြစ်ပွားနေတာပါ။ DVB

အိမ်မဲမြို့နယ်၌ အန်အယ်လ်ဒီ ရပ်ကျေးဥက္ကဋ္ဌ ၁ ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှာ ဇွန်လ ၃ ရက် ညပိုင်းက အန်အယ်လ်ဒီပါတီရဲ့ ရပ်ကျေး ဥက္ကဋ္ဌ တစ်ယောက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေက လိုက်လံရှာဖွေဖမ်းဆီးခဲ့ပါတယ်။

ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စုရဲ့ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ကိုမိုးအောင်(ခ)ကိုမင်းမင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲ့တပ်ဖွဲ့ဝင်တွေက  လာရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ညက အုပ်ချုပ်ရေးမှူးရယ်၊ စရဖတွေရယ်၊ ရဲ သုံးလေးယောက်ရယ် ရောက်လာတယ်။ မေးစရာရှိလို့ မြို့မစခန်းခဏလိုက်ခဲ့ပေးပါလို့ပြောပြီးခေါ်သွားတာ”လို့ဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။

လက်ရှိ ကိုမိုးအောင်(ခ)ကိုမင်းမင်းကို အိမ်မဲမြို့မရဲခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး မိသားစုနဲ့တော့တွေ့ခွင့်မရသေးပါဘူး။ 

အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင်  အန်အယ်လ်ဒီပါတီ ထိပ်တန်းခေါင်းဆောင်တွေ၊ ပြည်နယ်နဲ့တိုင်း ခရိုင်မြို့နယ်အဆင့် ပါတီခေါင်းဆောင်တွေ၊ အန်အယ်လ်ဒီ လွှတ်တော်အမတ်တွေကိုသာမက ရပ်ကျေး အဆင့် ခေါင်းဆောင်တွေ ပါတီဝင်တွေကိုပါ တရားလက်လွတ်လိုက်လံဖမ်းဆီး ထောင်ချနေတာဖြစ်ပါတယ်။DVB

« Older Entries