Monthly Archives: Jun 2021

မြန်အောင်မြို့နယ်တွင် ရဲတပ်သား ၁ ဦး သေနတ်ပစ်ဖောက် ထွက်ပြေး

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ အင်ပင်နယ်မြေရဲတပ်ဖွဲ့ စခန်းက ရဲတပ်သား တစ်ယောက်ဟာ  ဇွန်လ ၅ ရက် ဒီနေ့ညနေ ၅ နာရီလောက်မှာ သေနတ်တစ်လက်နဲ့ ထွက်ပြေးရင်း သေနတ် ၃ ချက်လောက် ပစ်ဖောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးသွားတဲ့ အဆိုပါ ရဲတပ်သားကို   ပြန်ဖမ်းမိပြီး အရေးယူဖို့အတွက်  မြန်အောင်မြို့နယ်ရဲစခန်း အချုပ်ကို ပို့ဆောင်ထားတယ်လို့   အင်ပင်နယ်မြေရဲစခန်းမှ အရာရှိတစ်ဦးက ပြောပါတယ်။

 “သူက အရက်လည်း စွဲနေတာပါ။ သူ့အမျိုးသမီးမရှိတော့ ပိုဆိုးလိုထွက်ပြေးတာပါ။ အခုတော့ သူ့ကိုပြန်ဖမ်းမိပြီ။ မြန်အောင်မြို့နယ်အချုပ်ကို ပို့ထားလိုက်ပါပြီ။ ကျန်တဲ့အပိုင်းကတော့ အထက်အရာရှိတွေက ဆက်လက်အရေးယူပါလိမ့်မယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက် ည ၁၁ နာရီခွဲလောက်ကလည်း အင်ပင်ရဲစခန်းအပိုင်မှာ ရှိတဲ့ ရွှေဆိုင်တစ်ဆိုင်ကို စစ်တပ်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ရွှေဆိုင်က အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွား ပါတယ်။DVB

ဖက်ဆစ်စစ်အစိုးရကို အသိအမှတ်ပြုမှု ရနိုင်ရန် ကြိုးစားပေးနေသည့် ASEAN အလံကို ကျောင်းသားများက မီးရှို့ ဆန္ဒပြ

မန္တလေးတွင် ဖက်ဆစ်စစ်အစိုးရကို အသိအမှတ်ပြုမှု ရနိုင်ရန် ကြိုးစားပေးနေသည့် ASEAN အလံကို ကျောင်းသားများက ယနေ့ ညနေပိုင်းတွင် မီးရှို့ ဆန္ဒပြကြသည်။

အာဆီယံဆိုသည်မှာ ဒေသတွင်းနိုင်ငံများအကြား အချင်းချင်း ဖေးမကူညီစောင့်ရှောက်ရန်နှင့် ပူးပေါင်းလုပ်ဆောင်ရန်အတွက်ရည်ရွယ်ကာ ဖွဲ့စည်းခဲ့ကြသော အများကအားကျရသည့် Asian Based အဖွဲ့ကြီး ဖြစ်သော်လည်း ယခုအခါ အချင်းချင်းကူညီစောင့်ရှောက်ခြင်းဆိုသည်မှာ မသူတော်အချင်းချင်း ဖြစ်နေပြီး ပူးပေါင်းလုပ်ဆောင်ခြင်းဆိုသည်ကား ဒီမိုကရေစီကို ဖျက်ဆီးခြင်းဟု ကျွန်ုပ်တို့ မျက်ဝါးထင်ထင် ကြုံတွေ့နေရကြောင်း၊ ယနေ့တွင်ပင် အာဆီယံဥက္ကဋ္ဌ (ကိုယ်စားလှယ်)နှင့် အတွင်းရေးမှုးချုပ်ဆိုသူတို့သည် မြန်မာနိုင်ငံသို့ လာရောက်ကာ ဖက်ဆစ်အစိုးရအား အသိအမှတ်ပြုမှု ရရှိနိုင်ရင် ကြိုးစားလျက်ရှိကြောင်း ကျောင်းသားများ ကထုတ်ပြန်ထားသည်။

ကျောင်းသားများအနေဖြင့် UNကိုမမျှော် အာဆီယံကိုမမျှော် ကိုယ့်တိုင်းပြည်လွတ်လပ်ရေးကို ကိုယ်တိုင် တိုက်ယူရမည်ဟုသာခံယူကြောင်း၊ ထို့ကြောင့် အနာဂတ်ဖက်ဒရယ်နိုင်ငံတော်အသစ်တွင် ယင်းမသူတော်တို့ ကြီးစိုးသော အာဆီယံဟုအမည်ခံသည့် အဖွဲ့ကြီးနှင့် ဆွေးနွေးပတ်သတ်ဆက်ဆံစရာမရှိသဖြင့် ဤမသူတော်အာဆီယံအလံအား မီးရှို့ဖျောက်ဖျက်ပစ်လိုက်ကြောင်း ကျောင်းသားများက ထုတ်ပြန်ထားသည်။khit thit

မိုးဗြဲတွင် တိုက်ပွဲပြင်းထန်၊ ဖက်ဆစ် စစ်သား ၂၀ သေဆုံး၊ ပြည်သူ့ကာကွယ်ရေးတပ်သား ၁ ဦး ကျဆုံး၊ အရပ်သားအချို့ ဒဏ်ရာရ

ယနေ့ ဇွန်လ ၅ ရက် နံနက်ပိုင်းမှစ၍ မိုးဗြဲတွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဖက်ဆစ် စစ်သား ၂၀ သေဆုံး၊ မိုးဗြဲ PDF တစ်ဦး လက်နက်ကြီး ထိမှန် ကျဆုံးကာ အရပ်သားအချို့ ထိခိုက်ဒဏ်ရာရသည်ဟု KNDF မှ သတင်းထုတ်ပြန်သည်။

ယနေ့ညနေပိုင်းအထိ အကြမ်းဖက်စစ်ကောင်စီ မိုးဗြဲ ၄၂၂ တပ်ရင်းနှင့် လွိုင်ကော် ၂၆၁ တပ်ရင်းမှာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။ယမန်နေ့ညကလည်း ဒီမော့ဆိုမြို့နယ် ဒေါပိုးစီရွာရှိ ရွာသားတစ်ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု သတင်းရရှိသည်။khit thit

NLD အစိုးရ ရပ်ဆိုင်းခဲ့သော အထက်သံလွင်ရေအားလျှပ်စစ်စီမံကိန်းကို တရုတ်နှင့် အကြမ်းဖက် စစ်ကောင်စီ ပြန် အသက်သွင်း

စစ်အာဏာသိမ်းပြီး ၃ လအကြာမှာပဲ လူသတ်အကြမ်းဖက်စစ်ကောင်စီက သံလွင်မြစ်ပေါ်မှာ ပထမ ဆုံး တည် ဆောက်မယ့် အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး စာချုပ်ချုပ်ဆို လုပ်ကိုင် ခွင့် ပေး လိုက် ပါတယ်။ အဆိုပါစီမံကိန်းကို တရုတ်ကုမ္ပဏီ Hanergy Group Holding Limited နဲ့ ပြည်တွင်းက အေးရှားဝေါလ် တို့ကို အပြီးသတ်လုပ်ကိုင်ခွင့်ပြုလုပ်လိုက်တာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီ ချုပ်ကိုင်ထားတဲ့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလ တတိယပတ်အတွင်းမှာ ထုတ်ပြန်ခဲ့တာပါ။

လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၄၀၀ ထွက်ရှိမယ့် အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းကို မြန်မာနိုင်ငံက ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၁၅ ရာခိုင်နှုန်းသာ ရရှိမှာဖြစ်ပါတယ်။ လိုအပ်လာရင်တော့ သူတို့ဆီက ၅၀ ရာခိုင်နှုန်းအထိ ပြန် လည် ဝယ်ယူအသုံးပြုသွားရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကွမ်းလုံရေအားလျှပ်စစ်စီမံကိန်းကို တရုတ်ကုမ္ပဏီနဲ့ အေးရှားဝေါလ်ကုမ္ပဏီတို့က နှစ်ပေါင်း ၄၀ ကြာ လုပ် ကိုင် ခွင့်ရရှိမှာဖြစ်ပြီး ထွက်ရှိလာမယ့် လျှပ် စစ်ဓာတ်အား ၈၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ရရှိမှာ လည်း ဖြစ်ပါတယ်။

အထက်သံလွင် (ကွမ်းလုံ) မှာ ပထမဆုံးစတင် အကောင်အထည်ဖော်မယ့် ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပေမယ့် အကြမ်းဖက်စစ်ကောင်စီဟာ စာချုပ်ပါအချက်အလက်တွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်တဲ့ အချက် အလက် တွေကို ပြည်သူတွေထံ အသေးစိတ်ချပြခြင်းမပြုဘဲ အခုလို အပြီးသတ် စာချုပ် ချုပ် ဆိုခဲ့တာ လည်း ဖြစ် ပါတယ်။ အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းကို ယခင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက် ထက်က အကောင်အထည်ဖော်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဒေသခံပြည်သူတွေရဲ့ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်း ခဲ့တာပါ။

လက်ရှိမှာတော့ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံရေးရှုပ်ထွေးနေချိန်မှာ အဖက်ဖက်က နစ်နာဆုံးရှုံးမှုတွေများတဲ့ အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်အသက်သွင်းပြီး အပြီးသတ် စာချုပ်ချုပ် ဆိုစေခဲ့ တာ လည်း ဖြစ်ပါ တယ်။ ယခင်ကလည်း အလားတူ တရုတ်စီမံကိန်းကြီးတစ်ခုကို တိုင်းပြည်အခြေအနေရှုပ်ထွေးနေချိန်မှာ စစ်တပိုင်း အရပ်သား တစ်ပိုင်းအစိုးရဖြစ်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အကောင် အထည်ဖော်ခဲ့ဖူးပါတယ်။

၂၀၁၀ ခုနှစ်မှာ စီမံကိန်းသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီး ရပ်တန့်နေတဲ့ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းဟာ ၂၀၁၂ နှောင်းပိုင်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ အရေး အကြီး အကျယ် ဖြစ်ပွား ချိန်မှာ အားစိုက်အကောင်အထည်ဖော်ခဲ့တာကြောင့် ၂၀၁၃ နှစ်ကုန်ပိုင်းမှာ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၊ ၂၀၁၄ ခုနှစ် ဩဂုတ်မှာ ရေနံပိုက်လိုင်းစီမံကိန်းတို့ အပြီးသတ် တည်ဆောက် ပြီးစီး သွားနိုင်ခဲ့တာကို တိုက်ဆိုင်စွာ တွေ့ရှိရပါတယ်။

တရုတ်စီမံကိန်းတော်တော်များများဟာ သဘာဝပတ်ဝန်းကျင်ကိုဆိုးရွားစွာပျက်ဆီးစေခြင်း၊ EIA/SIA ကို မည် ကာ မတ္တလုပ်ဆောင်ခြင်း၊ စာချုပ်ပါအခွင့်အရေးများတဖက်စောင်းနင်းဖြစ်နေခြင်း၊ အကျင့် ပျက် ခြစားမှု နဲ့ဆက် နွယ် နေခြင်း၊ ဒေသခံပြည်သူများ၏လူနေမှုဘဝကိုပျက်ဆီးစေခြင်းတို့ကြောင့်ပြည်သူများ၏ ဆန့် ကျင် မှုများ နဲ့လည်း ရင်ဆိုင်နေရပါတယ်။

ပြည်တွင်းရေး ရှုပ်ထွေးနေချိန်ကို အခွင့်ကောင်းယူပြီး တရုတ်ကုမ္ပဏီတွေဟာ စစ်တပ်နဲ့ပေါင်းပြီး ကချင် ပြည် နယ် အထက်ပိုင်းမှာ အဖိုးတန်မြေရှားသတ္တုတွေ အကြီးအကျယ် ခိုးယူတူးဖော်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း က Global Witness အဖွဲ့က ထုတ်ဖော်ပြောကြားထားပါသေးတယ်။

လက်ရှိမှာလည်း NLD အစိုးရလက်ထက် ဒေသခံတွေကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားတဲ့ အထက်သံလွင် (ကွမ်းလုံ) စီမံကိန်းကို မြန်မာနိုင်ငံအတွင်း အခြေအနေများရှုပ်ထွေးနေချိန်မှာ အခွင့်ကောင်းယူပြီး အကြမ်း ဖက် စစ် တပ်နဲ့ တရုတ်ကုမ္ပဏီတို့ ပူးပေါင်းကာပြန်လည် အသက်သွင်း အကောင် အထည် ဖော် နေတာ လည်း ဖြစ်ပါတယ်။khit thit

ချီဖွေ စစ်ဘေးရှောင်စခန်းမှ အမျိုးသမီး ၁ ဦးနှင့် ကလေး ၃ ဦးကို စစ်တပ်က ဖမ်းဆီး

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်မှာ စစ်ဘေးရှောင် အမျိုးသမီးတစ်ယောက်နဲ့ သူ့ရဲ့ ကလေးငယ် ၃ ယောက်ကို  အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ရှောင်စခန်းအတွင်းမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

KBC စစ်ရှောင်စခန်း ၂  မှာနေထိုင်တဲ့ အသက် ၄၀ အရွယ်  ကလေး ၃ ယောက် မိခင်အမျိုးသမီး ဒေါ်လဘောင်ခေါင်ညွယ်ကို ကေ‌အိုင်အေနဲ့အဆက်အသွယ်ရှိတယ်လို့စွပ်စွဲပြီး ဇွန်လ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့၀င် စစ်သားတွေနဲ့ ရဲတွေက   စစ်ရှောင်စခန်းအတွင်းထဲ ထိ၀င်ရောက်ကာ အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အဆိုပါအမျိုးသမီးကို ချီဖွေရဲစခန်းအချုပ်ခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး သူနဲ့အတူ လသားအရွယ် ကလေးတစ်ဦး၊ ၈ နှစ် အရွယ် သားကြီးနဲ့ ၅ နှစ်အရွယ် သားငယ်တို့လည်း ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

မှားယွင်းစွပ်စွဲ ဖမ်းဆီးခံရတာဖြစ်ပြီး နို့တိုက်မိခင်တစ်ဦးအနေနဲ့ ရုံးချိန်းတွေနဲ့ တရားရင်ဆိုင်နေရ‌တာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးစေလိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်စစ်ရှောင်ပြည်သူတွေဟာ ချီဖွေမြို့ပေါ်ရှိ စစ်ရှောင်စခန်း ၅ ခုထက်မနည်းမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။DVB

ထိုင်းကို ရှောင်တိမ်းသွားသည့် ဖလူးရွာသားများ မြန်မာဘက်ပြန်လာ

မြန်မာ-ထိုင်း နယ်စပ် မဲဆောက်-မြဝတီဒေသ ဖလူးကျေးရွာမှာ ဇွန် ၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ဇွန် ၅ ရက်နေ့မှာတော့   မြန်မာနိုင်ငံဘက်ကို ပြန်လာနေကြပါတယ်။

ကရင်လက်နက်ကိုင် DKBA ခွဲထွက်အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေရဲ့ နှစ်ရက်ကြာ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်မှာ အမျိုးသမီး၊ ကလေးငယ်တွေ အပါအဝင်  အယောက်  ၄၀၀ လောက်သွားရောက်  ခိုလှုံခဲ့ကြပါတယ်။

အခုအခါ မြဝတီမြို့တောင်ဘက် ဖလူးကျေးရွာမှာ  တိုက်ပွဲငြိမ်သက်နေပြီး စစ်ပြေးရှောင်ရွာသားတွေ ပြန်လာနေကြပါတယ်။

မြဝတီတောင်ဘက် ဝေါ်လေမြိုင်၊ ကနဲလေးရွာမှာတော့ စစ်ကောင်စီတပ်စခန်းက တပ်သား ၇ ယောက်  ဇွန် ၄ ရက်နေ့က ရေခပ်ဆင်းချိန် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

ဝေါ်လေမြိုင်စစ်ကောင်စီတပ်တွေ စစ်ကူလာကြတဲ့ ခရီးလမ်းမှာ KNDO တပ်က စောင့်ပစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ၃ ဦး ကျဆုံးပြီး နှစ်ဘက် စစ်ရေးတင်းမာနေပါတယ်။DVB

ကျုံပျော်လှေဆွဲကျေးရွာတွင် ပြည်သူတချို့ကို စစ်ကောင်စီတပ်က သတ်ဖြတ်၊၁၇ ဦးသေဆုံးဟု ဒေသခံများက​ ပြောသော်လည်း ရဲဘက်ကမူ ၄ ဦးသာ သေဆုံးဟုပြောဆို

ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာတွင် ယနေ့ နံနက် ၃ နာရီခွဲဝန်းကျင်မှစတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်များက ကျေးရွာသို့ ဝင်ရောက်စီးနင်းရှာဖွေမှုများ လုပ်ဆောင်ခဲ့ပြီး ဒေသခံပြည်သူများနှင့်ပဋိပက္ခဖြစ်ရာ ၄ နှစ်သားကလေးငယ် ၁ ဦး၊ အမျိုးသမီး ၂ ဦး အပါ အဝင် ပြည်သူ ၁၇ ဦးကို စစ်တပ်ကသတ် ဖြတ်လိုက်ပြီး ဒဏ်ရာရရှိသူ ၉ ဦးရှိကြောင်း ဒေသခံကျေးရွာသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ကျုံပျော်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲတစ်ဦးကမူ သေဆုံးသူ ၄ ဦးသာရှိကြောင်း၊ ၃ ဦးကို အပြင် ဆိုင်ကယ်စီးနင်းသူ ၁ ဦးကိုလည်း ရပ်တန့် မပေး၍ ပစ်ခတ်ခဲ့ရာမှ သေဆုံးခဲ့ကြောင်း ပြောဆိုသည်။ ယင်းအခြေအနေနှင့်ပတ်သက်ပြီး မည်သို့ မည်ပုံ ဖြစ်ပွားသည်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းမေးမြန်းထားသည်ကို ပြန်လည် တင်ပြအပ်ပါသည်။

ကျောင်းဆရာမ၏ လက်နက်သတင်းမှားပေးမှုမှ စတင်

=================================

ကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းတက်သူ ကျောင်းသား၊ ကျောင်းသူတစ်ဦးမှ မရှိရာ ယင်းမရှိမှု အပေါ် ကျောင်းဆရာမနှင့်ကျေးရွာအကြား အခြေတင်ဖြစ်ပေါ်သည်။ ယင်းနောက် ကျောင်းဆရာမက လှေဆွဲကျေးရွာတွင် လက်နက်များ ဖွက်ထားပါသည်ဟု ဆိုကာ အကြမ်းဖက်စစ်ကောင်စီတပ်ထံသို့ သတင်းမှားပေးခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၅ ရက်နေ့ နံနက် ၃ နာရီခွဲဝန်းကျင် တွင် ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး လက်နက်များကို ရှာဖွေပြီး ကျေးရွာသားများကို ရိုက်နှက် ဖမ်းဆီးမှု များလုပ်ဆောင်သည်။ ယင်းသို့ ကျေးရွာအပေါ် မတရား ဖိနှိပ်မှုများကို ကျေးရွာသားများက မခံမရပ်နိုင်ဖြစ်ရာ ကျေးရွာသားများက ရရာ လက် နက်များဖြင့် ပြန်လည် ခုခံကြသည်။

PDF မဟုတ်ဘဲ ရွာသားများက ကျောက်ခဲ၊ လေးခွများဖြင့် ခုခံ ပစ်ခတ်

===========================================

အကြမ်းဖက်စစ်ကောင်စီတပ်များက လှေဆွဲကျေးရွာသားများအပေါ် ဖိနှိပ်လွန်းသဖြင့် ကျေးရွာသားများက လောက်လေးခွများဖြင့် စတင်ပစ် ခတ်ခဲ့ပြီး ဖမ်းဆီးခံ ရွာသားများ လွတ်မြောက်ရေး စတင်ကြိုးစားကြသည်။ နံနက် ၇ နာရီခွဲကျော်မှစတင်၍ ရွာသားများက ပြန်လည် ခုခံခြင်းဖြစ်ပြီး ၎င်းတို့၏ အဓိက လက်နက်မှာ လောက် လေးခွဖြင့် ပြန်လည် တိုက်ခိုက်ခြင်းဖြစ်သည်။ ကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PD F ဟူ၍လည်း ဖွဲ့စည်းထားခြင်းမရှိဘဲ ရွာသားများကိုယ်တိုင် ရရာလက်နက်စွဲကိုင် ခုခံကြခြင်းဖြစ်သည်။

စနိုက်ပါ၊ လက်နက်ကြီးများဖြင့် အကြမ်းဖက်စစ်ကောင်စီက ပြည်သူများကို သတ်ဖြတ်

===================================================

အကြမ်းဖက်စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့်​ လှေဆွဲကျေးရွာကို ၀ိုင်းလိုက်ပြီး မည်းမည်းမြင်ရာကို စနိုက်ပါ ၊ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်သည် ။ ယင်းသို့ ပစ်ခတ်မှုများကြောင့် လေးခွ၊ ဂတ်စ်လက်နက်တချို့ဖြင့် ခုခံသော ကျေးရွာသားများ ကျဆုံးသည့်အပြင် ကျေးရွာအတွင်းမှ ထွက်ပြေးသော ၄ နှစ်သားအရွယ်ကလေးငယ်တစ်ဦး၊ အမျိုးသမီး ၂ ဦး ကိုပါ အကြမ်းဖက်စစ်တပ်က ပစ်သတ်ခဲ့သည်။ ကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မရှိဘဲ ကျေးရွာသားများက စစ်တပ် ၏ ရက်စက် ဖိနှိပ်မှုကို မခံနိုင်ရာမှ ပြန်လည် ခုခံခြင်းဖြစ် သည်။ ယင်းကျေးရွာတွင်လည်း လက်နက်ဟူ၍ မယ်မယ်ရရ ဘာဆိုဘာမှ မရှိပေ။

နောက်ဆုံးအခြေအနေ

================

ကျေးရွာမှ ရွာသူရွာသားအားလုံး ထွက်ပြေးတိမ်းရှောင်နေကြပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ရွာအတွင်းတွင် တပ်စွဲထားသည်။ ပစ်ခတ်မှုကြောင့် ဒဏ် ရာရရှိသူ ၉ ဦးမှာလည်း လက်ရှိတွင် ဆေးကုသမှု ခံယူခွင့်မရဘဲ ထွက်ပြေးနေရသည်။

အကြမ်းဖက်စစ်တပ်က ပစ်သတ်လိုက်သော ပြည်သူများ၏အလောင်းများ ရှိနေဆဲဖြစ်ပြီး မည်သည့် ရွာသူရွာသားကမှ အလောင်းသွားမကောက်ရဲပေ။ လှေဆွဲကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် လေးခွဖြင့်သာ ခုခံနေသော ပြည်သူများကို ရက်စက်စွာ သတ် ဖြတ်သော စစ်ရာဇဝတ်မှု ကျူးလွန် ခြင်းဖြစ်ကြောင်း ဒေသခံများအားလုံးက အတည်ပြုထားသည်။

“အခုပျောက်နေတာ အဆက်အသွယ်ပြတ်နေတာက ၂၀ ကျော်တယ်။ အလောင်း​တွေက ဟိုနားမှာ ၂ လောင်း၊ ဒီနား ၃ လောင်းဆိုပြီး ပြန့်ကျဲနေတယ်။ အခု ကျနော်တို့ ကိုယ်တိုင်လည်း သတင်းယူနေရတာ လှေဆွဲရွာ ပတ်ဝန်းကျင်က ရွာတွေကို ဆက်သွယ်ပြီး ယူနေရတာ။ ၁၇ဦးလို့ ပြောတဲ့ သတင်းရပါတယ်။ ကျနော့်အထင်တော့ သေတာက ၁၀ ဦးကျော်ကတော့ ကြိမ်းသေပါတယ်။ အဲဒါကို အတည်ပြုတယ်။ ၁၇ ဦးရှိမလား၊ ဒီထက်များမလားဆိုတာက အတိအကျသိနိုင်ဖို့ ကျနော်တို့ လုပ်နေတယ်။

လှေဆွဲရွာထဲမှာ ပိတ်မိနေတဲ့ ရွာသားတွေ ရှိတယ်။ သူတို့ကို ဖုန်းဆက်သွယ်လို့ မရတော့ဘူး” ဟု လှေဆွဲရွာ အနီးအနားပတ်ဝန်းကျင်တွင် ရောက်ရှိနေသူ ဒေသခံတစ်ဦးက ဆိုသည်။

လှေဆွဲကျေးရွာကို ကူညီပေးရန် ကြိုးစားနေသူတစ်ဦးကလည်း”ကျနော်တို့ သိထားတာကတော့​ သေတာက ၁၂ ဦးရှိပြီ။ အခြေအနေကတော့ အရမ်းရှုပ်ထွေးပါတယ်။ တပ်ဘက်ကလည်း အင်အားကို အတော်ကို တိုးပြီး ချထားတယ်” ဟု ပြောဆိုသည်။ ကျုံပျော်မြို့နယ်ရဲသတင်းရပ် ကွက်ကမူ “ပထမဆုံးသေတာက ၃ ဦးသေပါတယ်။

နောက်ထပ် ဆိုင်ကယ်စီးလာတာကို ရပ်ဖို့ ပြောတာ မရပ်လို့ ပစ်လိုက်တာက ၁ ဦးသေပါတယ်။ စုစုပေါင်း ၄ ဦးသေပါတယ်” ဟု ပြောဆိုသည်။ လှေဆွဲကျေးရွာအခြေအနေကို အချိန်နှင့်တပြေးညီ သတင်းတင်ဆက်နေသည့် ဒေသသတင်းရင်းမြစ်တချို့ကလည်း သေဆုံးသူ ၁၇ ဦးရှိပြီး ဒဏ်ရာရရှိသူ ၉ ဦးရှိနေကြောင်း ထုတ်ပြန်ပြောဆိုထားသည်။khit thit

စစ်အာဏာရှင်ဖြုတ်ချရေး ကလေးမြို့သပိတ်စစ်ကြောင်း ချီတက်သပိတ်မှောက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ကျောင်းသားပြည်သူများသည် ဇွန်လ ၅ ရက် ယနေ့ ညနေပိုင်းက စစ်အာဏာရှင်ဖြုတ်ချရေး သပိတ်စစ်ကြောင်း ကြွေးကြော်ချီတက်ဆန္ဒပြခဲ့ကြသည်။khit thit

ကလေးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးခြောက်ဦး တပြိုင်တည်းနုတ်ထွက်စာတင်

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအားကောင်းသည့် ကျေးရွာအုပ်စုတစ်ခုမှ ကျေးရွာအုပ်ချုပ်ရေးမှူးခြောက်ဦးသည် မိသားစုအရေးကိစ္စဟူသော အကြောင်းပြချက်ဖြင့် တစ်ပြိုင်နက်တည်း နုတ်ထွက်စာတင်ခဲ့ကြသည်။

ကလေးမြို့နယ် ကျောင်းတိုက်ကျေးရွာအုပ်စုအတွင်းရှိ ကျောင်းတိုက်ရွာ၊ သဖန်းအိုင်ကျေးရွာ၊ အာဝါးကျေးရွာ၊ ညောင်တောကျေးရွာ၊ သဘော်ပင်ကွင်းကျေးရွာနှင့် ဆည်တော်ဦးကျေးရွာ အုပ်ချုပ်ရေးမှူးများ ဇွန် ၃ ရက်တွင် မြို့နယ်စစ်ကောင်စီထံ နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။

“အခုချိန်ထိရသမျှသတင်းက ကျေးရွာအုပ်စုတစ်ခုလုံးထွက်တာပဲ။ တံဆိပ်ခေါင်းတွေရော၊ တံဆိပ်တုံးတွေရော အပ်လိုက်ပြီ။ အဲဒီဘက်က ကြံ့ခိုင်ရေး သို့မဟုတ် တပ်ထောက်ခံသူတွေများတယ်။ ဒီအချိန်မှာထွက်တာ နည်းနည်းတော့ ထူးဆန်းနေသလိုပဲ။ ခြိမ်းခြောက်ခံရတာမျိုးတော့ မဖြစ်နိုင်ဘူး”ဟု နယ်ခံတစ်ဦးက Myanmar Now ကို ပြောသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးခြောက်ဦးသည် ၂၀၁၆ ဧပြီ ၁ မှစ၍ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယခုလဆန်းပိုင်းအထိ တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ပြီး ကျောင်းတိုင်ကျေးရွာအုပ်စုတွင် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများပြားပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှု နည်းပါးသည်ဟုလည်း ဒေသခံများက ပြောသည်။

“ဒီဘက်တွေမှာက တပ်ထောက်ခံသူတွေများတယ်။ စစ်တပ်ကို မကြိုက်တဲ့လူငယ်တွေကလည်း တခြားနေရာတွေ ရွှေ့နေကြတာ။ ဒီဘက်မှာရှိနေရင် မချောင်ဘူး။ ဆန္ဒပြပွဲတွေဆို ဒီဘက်မှာ အခြေတည်လို့ကို မရဘူး။ သူတို့ ဘာကြောင့်ထွက်တာလဲ ကျွန်တော်တို့ စုံစမ်းနေတာ”ဟု အခြားနယ်ခံတစ်ဦးက ပြောသည်။

ရာထူးမှ နုတ်ထွက်ခဲ့ကြသည့် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စစ်ကောင်စီထံ Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ကျောင်းတိုက်ကျေးရွာအုပ်စု မြောက်ဘက် တစ်မိုင်အကွာတွင်ရှိ မောက်လင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျင့်ဆွာန်မုန်သည် ဇွန် ၁ ရက်တွင် နုတ်ထွက်ခဲ့သည်ဟု သိရသည်။

ကလေးမြို့သည် ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ပထမဆုံးလက်နက်ကိုင်ခုခံတော်လှန်သည့် မြို့လည်းဖြစ်သည်။ ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများအပေါ် ပစ်ခတ်ဖြိုခွင်းသည့် စစ်ကောင်စီတပ်ဖွဲ့များကို အာခံရာတွင် အဆိုပါမြို့ရှိ တာဟန်းခံတပ်မှာ ထင်ရှားခဲ့သည်။ဧပြီလအတွင်း ရိုးရာလက်လုပ်တူမီးသေနတ်အချို့ဖြင့် ခုခံနေသည့် တာဟန်းခံတပ်ဖြိုခွင်းခံရစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးများပင် သုံးခဲ့ပြီး အရပ်သားသေဆုံးမှု ၁၀ဦးထက်မနည်းရှိကြောင်း ဆေးကုသရေးကူညီပေးခဲ့သည့်အဖွဲ့များက Myanmar Nowကို အတည်ပြုထားဖူးသည်။

ဇွန် ၂ ရက်က စစ်ကိုင်းတိုင်း တန့်ဆည်မြို့ ပေါ်ဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းဆိုသူ အသတ်ခံရပြီးနောက် ခင်ဦးမြို့နယ်အတွင်းရှိ ကွမ်းတိုင်းကျေးရွာအုပ်ချုပ်ရေးမှုး ဦးအောင်သန်းဇော်သည် ကျန်းမာရေးအကြောင်းပြချက်ဖြင့် နုတ်ထွက်စာတင်ခဲ့သည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် ပြည်ခိုင်ဖြိုးပါတီဝင်အချို့ လုပ်ကြံသတ်ဖြတ်ခံရမှု ဆက်တိုက်ဖြစ်ပွားလာပြီး ရန်ကုန်၊ မြင်းခြံ၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တို့တွင် အုပ်ချုပ်ရေးမှူး ၇ ဦးအထိ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။myanmar now

ဖမ်းဆီးထားသည့် တရားသူကြီးကို စစ်ကောင်စီက ပြန်လွှတ်ပြီး နေရာပြောင်းရွှေ့

တရားရေးတွင် စစ်ကောင်စီဝင်စွက်နေသည်ဟု ပြောသဖြင့် ဖမ်းဆီးခံခဲ့ရသည့် မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်တရားသူကြီး ဦးကိုကိုသည် ပြန်လည်လွတ်မြောက်လာပြီးနောက် ညောင်လေးပင်မြို့သို့ ပြောင်းရွှေ့တာဝန်ပေးခံထားရသည်ဟု ရှေ့နေအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

“သူ(တရားသူကြီးဦးကိုကို) အဖမ်းခံရပြီး ရမန်ကာလအတွင်း ပြစ်မှုမထင်ရှားဘူးဆိုပြီး ပြန်လွှတ်ပေးလိုက်တာ။ ပြီးတော့ တိုင်းတရားရုံးမှာပဲ ဌာနတွင်းစစ်ဆေးမှုလုပ်ပြီး တခြားနေရာကို ပြောင်းလိုက်တယ်” ဟု မန္တလေးမြို့အခြေစိုက် ရှေ့နေကွန်ရက်အဖွဲ့မှ ဝါရင့်ရှေ့နေတစ်ဦးက Myanmar Now ကို ပြောသည်။

ဦးကိုကိုမှာ မတ် ၂၅ ရက်က ဖမ်းဆီးခံရပြီး နိုင်ငံ့ဝန်ထမ်းအချင်းချင်း စိတ်ဝမ်းကွဲရအောင်ပြောဆိုမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့မှုးက တရားလိုပြုလုပ်ကာ ယင်းမြို့နယ်တရားရုံး၌ပင် အမှုဖွင့်ခံခဲ့ရသည်။ မန္တလေးမြို့၊ အမှတ် (၁၁)ရဲစခန်းအချုပ်တွင် ထိန်းသိမ်းခံရပြီးနောက် ပထမရမန်(ချုပ်မိန့် ၁၄ရက်) မပြည့်မီ ဧပြီလအစောပိုင်းတွင် ဦးကိုကို ပြန်လည်လွတ်မြောက်လာပြီး မေလအတွင်း ညောင်လေးပင်သို့ ပြောင်းရွှေ့တာဝန်ပေးခံခဲ့ရသည်ဟု ရှေ့နေအသိုင်းအဝိုင်းက ဆိုသည်။

“တကယ်တမ်းတော့ မြို့နယ်တရားသူကြီးအဆင့်က ပြန်တမ်းဝင်အရာရှိတစ်ဦးဖြစ်တဲ့အတွက် ဌာနခွင့်ပြုချက်မပါဘဲ အခုလို ကြက်ငှက်ဖမ်းသလို ဖမ်းလို့မရပါဘူး။ ဒါကြောင့်လည်း ဌာနတွင်းစစ်ဆေးပြီး အရေးယူတဲ့အနေနဲ့ အခြားမြို့နယ်တစ်ခုကို Transfer (ပြောင်းရွှေ့) ချပေးလိုက်ပုံရပါတယ်” ဟု မန္တလေးမြို့ခံ အမျိုးသမီးရှေ့နေတစ်ဦးက Myanmar Now ကို ပြောသည်။

ဦးကိုကိုသည် ချမ်းမြသာစည်မြို့နယ်တရားရုံးတွင် ၂၀၁၈ ခုနှစ်က တွဲဖက်တရားသူကြီးတာဝန်ယူရပြီး နောက်တစ်နှစ်အကြာတွင် မြို့နယ်တရားသူကြီးအဖြစ် ရာထူးတိုးခဲ့သည်။

၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ၂၀၂၀ ခုနှစ်တွင် သက်ပြည့်ပင်စင်ယူသွားသော မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်ဟောင်း ဦးစိုးသိမ်း၏ သမက်လည်းဖြစ်သည်။ အဖမ်းမခံရခင် ရက်ပိုင်းအတွင်း ဦးကိုကိုက ၎င်း၏ Facebook တွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သူများကို ရှုံ့ချသည့်အကြောင်းအရာများ ရေးသားခဲ့၍ ဝေဖန်ခံခဲ့ရဖူးသည်။

ပြန်လည်လွတ်မြောက်၍ နေရာရွှေ့ခံခြင်းနှင့် စပ်လျဉ်း၍ ဦးကိုကိုထံ မေးမြန်းနိုင်ခြင်းမရှိသေးသလို ရဲတပ်ဖွဲ့ထံမှလည်း မှတ်ချက်တစ်စုံတစ်ရာ မရသေးပေ။ဖေဖော်ဝါရီ ၁တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူဦးရေ လေးထောင်ကျော်ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။myanmar now

« Older Entries