Khit Thit Media အပါအဝင် မီဒီယာများ၏ သတင်းများကို မဟုတ်မှန်ဟု စစ်ကောင်စီ မီဒီယာများတွင် နေ့စဉ် ဝါဒဖြန့်၊ မီဒီယာကိုမီဒီယာနှင့်တိုက်သည့် ယခင် မူဝါဒ အဟောင်းပြန်ကျင့်သုံး




Khit Thit Meida အပါအဝင် လွတ်လပ်သော ပုဂ္ဂလိကသတင်းဌာနများ၏ သတင်းများ မဟုတ်မှန်ဆိုသော သတင်းဖော်ပြချက်များကို အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာနှင့်သတင်းစာများတွင် နေ့စဉ် ဖော်ပြလာလျက်ရှိသည်ကို တွေ့ရှိရသည်။ Khit Thit Media ၊ DVB ၊ Mizzima ၊ RFA၊ Irrawaddy ၊ Myanmar Now သတင်းဌာန၏ သတင်းများသည် သတင်းအမှားများဖြစ်ကြောင်း ပြန်လည် ရှင်းလင်းသည့် သတင်းဖော်ပြချက်များကို စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က အမေးအဖြေပုံစံဖြင့် စီစဉ်တင်ဆက်ပြီး ကြေးမုံ၊ မြန်မာ့အလင်းနှင့် မြ၀တီသတင်းစာများ၊ ရုပ်သံလိုင်းများ၊ ရေဒီယိုလိုင်းများတွင် နေ့စဉ် ဖော်ပြလာခြင်းဖြစ်သည်။ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က “ကျနော်တို့ ဒီ Khit Thit Media နဲ့ပတ်သက်ပြီး အမြဲ ပြောလေ့ရှိပါတယ်။
သူတို့ရဲ့သတင်းရင်းမြစ်တွေသည် ခိုင်မာမှုမရှိပါဘူး။ ကောလာဟလတွေ လုပ်ကြံဝါဒဖြန့်သတင်းတွေကိုပဲ တစိုက်မတ်မတ်ရေးသားပြီး နိုင်ငံတော်ပြိုကွဲဖို့၊ မတည်မငြိမ် ဖြစ်ဖို့ ကြိုးစားနေတဲ့ သတင်း Page ပါ။ ဒီသတင်း Page က ရေးသားချက်တွေကို ယုံကြည်မှု မထားဖို့ တိုက်တွန်းလိုပါတယ်” ဟု ဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် Khit Thit Media၊ Mizzima ၊ Myanmar Now ၊ 7 Day နှင့် DVB သတင်းဌာနတို့ကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းကြောင်း တရားဝင် ထုတ်ပြန်ခဲ့သည်။ ပြည်တွင်းသတင်းစာဆရာတစ်ဦးကမူ လက်ရှိ စစ်ကောင်စီ၏ ကျင့်သုံးလာသော မူဝါဒသည် စစ်အစိုးရခေတ် ပြန်ကြားရေးဝန်ကြီး ကျော်ဆန်း လက်ထက် မူဝါဒအဟောင်းကို ပြန်ကျင့်သုံးခြင်းဖြစ်သည်ဟုဆိုသည်။
“အခုဝန်ကြီးဖြစ်နေတဲ့ ချစ်နိုင်ဆိုတာက ကျော်ဆန်းခေတ်က ညွှန်ချုပ်လေ။ အဲဒီတော့ ကျော်ဆန်းခေတ်က မီဒီယာကို မီဒီယာနဲ့တိုက်မယ်ဆိုတဲ့ မူဝါဒအဟောင်းကို အခုမှာ ပြန်ပြီး အကောင်အထည်ဖော်တဲ့သဘောပါပဲ။ အထူးအဆန်းတော့မဟုတ်ဘူး။ သူတို့က မီဒီယာတွေကို ဖျက်သိမ်းထားပြီးရင် ဘာအရေးစိုက်စရာလိုလဲ။
မီဒီယာတွေကို ဖျက်သိမ်းတယ်ပြောပြီး လိုက်ရှင်း လိုက်ပြီး ဖာနေရကတည်းက သူတို့ ဘယ်လောက် မဟုတ်တာ လုပ်သလဲဆိုတာကို ပေါ်လွင်စေပါတယ်” ဟု ပြည်တွင်းဝါရင့်သတင်းစာဆရာတစ်ဦးက သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် သတင်းမီဒီယာ ၈ ခု ပိတ်သိမ်းခံထားရပြီး သတင်းသမား ၈၀ ကျော် အဖမ်းခံခဲ့ရကာ ထက်ဝက်ကျော်မှာ အကျဉ်းထောင်များတွင် အမှုရင်ဆိုင်နေရပြီး သတင်းသမား ၄ ဦးမှာ ထောင်ဒဏ် ပြစ်ဒဏ်များချမှတ်ခံထားရသည်။khit thit