Monthly Archives: Jun 2021

မိုးဗြဲတွင် ဖမ်းဆီးထားသူများကို လူသားဒိုင်းသဖွယ် စစ်ကောင်စီ အသုံးပြု

ရှမ်းနှင့် ကယားနယ်စပ် မိုးဗြဲမြို့၌ ဇွန် ၄ ရက်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခံရသူများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ပြီး အသက်မပြည့်သေးသူတစ်ဦးလည်းပါဝင်ကြောင်း ပြန်လည်လွတ်မြောက်လာသူတစ်ဦး၏ မိသားစုဝင်နှင့် အိမ်နီးနားချင်းအချို့က အတည်ပြုသည်။ထိုနေ့က ဒေသခံကာကွယ်ရေးအဖွဲ့နှင့် တိုက်ပွဲမစမီ မွန်းလွဲပိုင်းတွင် မိုးဗြဲမြို့၊ ပွဲကုန်း(၃)ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီတပ်က သော့ဖျက်ဝင်ကာ အစောင့်အဖြစ် ကျန်ရှိနေသည့် အမျိုးသားလေးယောက်ကို ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် လူသားဒိုင်းသဖွယ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရိုက်နှက်တယ်။ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ယောက်ကို ဗုံးပါတဲ့အိတ် လွယ်ခိုင်းပြီးတော့ ထွက်ပြေးမယ်ဆိုရင်ပစ်မယ်၊ အဲဒီလိုခြိမ်းခြောက်ထားတယ်။ ဗုံးလွယ်ထားတဲ့ လူငယ်နဲ့ ကျွန်တော့်အဖေကို အရှေ့မှာ လူသားဒိုင်းအဖြစ် အသုံးပြုပြီးတော့ ရှေ့မှာ ကာခိုင်းထားတယ်။ ကျန်တဲ့နှစ်ယောက်ကိုတော့ မကာခိုင်းဘူး” ပြန်လည်လွတ်မြောက်လာသူ၏တစ်ဦး၏ သားဖြစ်သူက Myanmar Now ကို ပြောသည်။တိုက်ပွဲဖြစ်ခဲ့သည့်အချိန် ညနေပိုင်းတွင် ဖမ်းဆီးထားသူများ၏ မျက်နှာကို ပုဆိုးစဖြင့်စည်းကာ စစ်ကောင်စီတပ်က အကာအကွယ်သဖွယ်သုံးခဲ့သလို၊ ညဘက်တွင် ပွဲကုန်း(၃)ရပ်ကွက်၊ ရထားသံလမ်းတစ်ဝိုက် တိုက်ပွဲဖြစ်ပွားနေချိန်တွင်လည်း ဖမ်းဆီးထားသူလေးဦးကို လက်၌ ကြိုးတုပ်ကာ သံလမ်းအနီး မတ်တပ်ရပ်ခိုင်းကာ အကာအကွယ်ယူ၍ စစ်ကောင်စီတပ်က တိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

“ရထားလမ်းအပေါ်ဘက်မှာ MBPDF (မိုးဗြဲပြည်သူ့ကာကွယ်ရေးအဖွဲ့) တွေရှိတယ်။ ရထားလမ်းအောက်ဘက်က စစ်အုပ်စုတွေရှိတယ်။ အဲဒီနားမှာ နှစ်ယောက်တစ်တွဲ ကြိုးနဲ့ချည်ထားတယ်။ လူငယ်တစ်ယောက်က ဗုံးပါတဲ့အိတ်ကို လွယ်ထားတယ်” ဟု ပြန်လည်လွတ်မြောက်လာသူ၏ အိမ်နီးနားချင်းတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သံလမ်းအနီး မတ်တပ်ရပ်ခိုင်းထားချိန်တွင် ဖမ်းဆီးခံရသူ လေးဦးအနက် တစ်ဦးပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။လွတ်မြောက်လာသူမှာ အသက် ၄၃ နှစ်အရွယ်ဖြစ်ပြီး စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးသွားသူများထဲတွင် အသက် ၁၇ နှစ်လူငယ်အပြင် အသက် ၅၃ နှစ်နှင့် ၅၆ နှစ်အရွယ်ရှိ အမျိုးသားများဖြစ်ကြသည်။

“ညကတည်းက ထွက်ပြေးလွတ်မြောက်လာတာ။ အဲဒါ လွတ်ရာအိမ်တစ်အိမ်မှာ ဝင်ပုန်းပြီးတော့ ဒီမနက်မှ ကျွန်တော်တို့ရှိတဲ့နေရာ သူရောက်လာတာ” ဟု လွတ်မြောက်လာသူ၏ အိမ်နီးချင်းတစ်ဦးက ပြောသည်။

လွတ်မြောက်လာသူ၏ ခန္ဓာကိုယ်အနှံ့တွင် အရိုက်ခံရသည့် ဒဏ်ရာအများအပြားတွေ့ရပြီး လက်ရှိတွင် ဘေးလွတ်ရာသို့ တိမ်းရှောင်သွားပြီဟု ၎င်းက ဆက်ပြောသည်။“လက်မှာ ကြိုးနဲ့ချည်ထားတဲ့ အရာတွေရော။ ထမင်းစားလို့မရတဲ့အခြေအနေထိဖြစ်တယ်။ ကျောကုန်းမှာလည်း အကန်ခံရတဲ့ဒဏ်ရာတွေ အများကြီးပဲ။ ခေါင်းပိုင်းရယ် အံသွားတို့ဘာတို့ ခြေထောက်နဲ့ကန်ခံရလို့ တော်တော်ထိတယ်။ ဘယ်ဘက်မျက်လုံးက ရောင်ကိုင်းပြီး ညိုမဲစွဲနေတယ်” ဟု လွတ်မြောက်လာသူ၏ အိမ်နီးချင်းက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံးလေးဦးသေဆုံးခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်‌ ဒေသခံနေအိမ်များပျက်ဆီးခဲ့ကြောင်း၊ ပြည်သူအများအပြားထပ်မံဖမ်းဆီးခံရကြောင်း MBPDF က ထုတ်ပြန်သော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ (ဇွန် ၅)အထိ ဒေသခံကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတို့အကြား မိုးဗြဲ၌ တိုက်ပွဲပိုမိုပြင်း ထန်ခဲ့သော်လည်း အသေးစိတ်အခြေအနေများကိုမူ မသိရသေးပေ။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှာစ၍ ဇွန်လ ၃ ရက်အထိ ကယားပြည်နယ်တွင် စစ်ကောင်စီတပ်လက်ချက်ကြောင့် ပြည်သူနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၄၀ ခန့် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားသည်။myanmar now

ကယားပြည်နယ်တွင် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်နေ

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေသော ကယားပြည်နယ်တွင် ဓာတ် ဆီ၊ ဒီဇယ်ဆီနှင့် ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ပြတ်လပ်နေပြီး ကုန်ဈေးနှုန်းများမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

လွိုင်ကော်မြို့နယ်အတွင်း ဓာတ်ဆီ၊ ဒီဇယ်ဆီဈေး သုံးဆခန့် မြင့်တက်နေပြီး ဆိုင်အများစုတွင် ဝယ်ယူ၍ပင်မရတော့ကြောင်း၊ ဆန်ဈေးလည်းတက်သွားပြီး လယ်ယာလုပ်ငန်းသုံးပစ္စည်းများပါမကျန် ဈေးကြီးမြင့်ကုန်ကြောင်း ဒေသခံများက ဆိုသည်။

လွိုင်ကော်တွင် လွန်ခဲ့သော တစ်ပတ်ခန့်မှစ၍ ရွှေရင်အေးဆန်တစ်အိတ်ကို ပုံမှန်သုံးသောင်းခွဲရှိရာမှ ငါးထောင်ဈေးတက်သွားပြီး ဓာတ်ဆီတစ်လီတာ တစ်ထောင်ကျပ်မှ နှစ်ထောင်ကျပ်အထိ ပေးဝယ်ရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးဖြစ်သည့် နော်ဂျူးက Myanmar Now ကို ပြောသည်။“တချို့ပစ္စည်းတွေ တော်တော်များများ မရနိုင်တော့ဘူး၊ ကုလားပဲတွေ အခြောက်အခြမ်းတို့ ဝယ်ရင်တောင်မှ ကုန်စုံဆိုင်တွေမှာ မရှိတော့ဘူး။ အသားဗူး ငါးဗူးတွေလည်း မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။

ပုံမှန်အားဖြင့် ကျပ်နှစ်သောင်းကျော်ပေးဝယ်ရသည့် ဓာတ်မြေဩဇာတစ်အိတ်ကို ယခုအခါ ကျပ်သုံးသောင်းခွဲအထိ ပေးဝယ်နေရသလို ယခင်က ကျပ်တစ်သောင်းနှုန်းသာရှိသည့် လေးဂါလံခွဲဆန့် ဒီဇယ်ဆီတစ်ပုံးမှာ ကျပ်နှစ်သောင်းခွဲအထိဈေးတက်သွားကြောင်း လွိုင်ကော်မြို့နယ်၊ ဒေါတနောရွာမှ တောင်သူတစ်ဦးက ပြောသည်။

“ဓာတ်မြေဩဇာမတန်တဆ ဈေးတက်ကုန်တယ်။ စိုက်နေတာ တစ်ဝက်ကျော်ပြီ၊ ပြီးခါနီးပြီ။ မြေဩဇာ လိုချင်သလောက်လည်းမရ၊ ဒီဇယ်လိုချင်သလောက်လဲမရ၊ အဲဒီလိုဖြစ်နေတယ်” ဟု လွိုင်ကော်မြို့နယ်၊ ဒေါတနောရွာမှ တောင်သူတစ်ဦးကပြောသည်။ဇွန်လ မိုးဦးကျသည် တောင်ယာလုပ်ငန်းများ စတင်ချိန်ဖြစ်သော်လည်း ဓာတ်မြေဩဇာနှင့် စက်သုံးဆီများ ဝယ်ယူ၍မရခြင်း၊ စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များအကြား ပစ်ခတ်မှုများရှိ၍ ထွက်ပြေးတိမ်းရှောင်နေရခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းပါ ထိခိုက်နေကြောင်း တောင်သူတို့က ဆိုသည်။

“တချို့လဲ မနက်ပိုင်းရတဲ့အချိန် သွားစိုက်နေကြတယ်။ နေ့လည်မတိုင်ခင်ပြန်လာ အသံ(ပစ်ခတ်သံ) တွေကြားရင် ပြန်လာနဲ့ အဲဒီလိုဖြစ်နေတယ်။ စိုက်သာစိုက်နေရတာ အခြေအနေက ဘယ်လိုမှန်းမသိ ရမ်းသမ်းစိုက်နေရတာ” ဟု လွိုင်ကော်ဒေသခံ အခြားတောင်သူတစ်ဦးက ပြောသည်။ မြို့နယ် ၇ ခုရှိသည့် ကယားပြည်နယ်အတွင်း စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးအဖွဲ့တို့အကြား တိုက်ပွဲများစတင်ချိန် မေ ၂၁ နောက်ပိုင်းတွင် ပြည်နယ်တွင်း သွားလာနေသည့် ယာဉ်လိုင်းများလည်း ရပ်နားထားရသဖြင့် ကူးသန်းသွားလာမှု မရှိသလောက်ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်နယ်၏ အတွင်းပိုင်းကျပြီး သတ္တုမိုင်းများရှိသည့် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင်လည်း ဆန်နှင့် စက်သုံးဆီများပြတ်လပ်နေကြောင်း သတ္တုမိုင်းလုပ်သားအချို့က ပြောသည်။“လွိုင်ကော်ကနေ ဒီဘက်ကို ကုန်ကားတွေ တက်မလာတာပေါ့။ ကျွန်တော်တို့ ကြားရတာက (ဆန်တွေကို) မယ်စဲ့ (ထိုင်းနယ်စပ်)ကနေ သွားဝယ်နေရတယ် ပြောတယ်။ ဒီဇယ်တွေ ဓာတ်ဆီတွေ ပြတ်တာနဲ့ စက်တွေက အလုပ်လုပ်လို့မရတော့ အလုပ်တွေပါ နားလိုက်ရတော့ အိမ်မှာနေလိုက်ရတာ” ဟု သတ္တုမိုင်းလုပ်သား ကိုသန်းလွင်က Myanmar Now ကို ပြောသည်။

မော်ချီးတွင် လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ ဆန်ဈေးမှာ သုံးဆကျော်၊ ဓာတ်ဆီဈေးမှာ ငါးဆခန့် တက်သွားခဲ့ပြီး လုံလုံလောက်လောက်ပင်ဝယ်မရတော့ဟု ၎င်းက ဆက်ပြောသည်။ပုံမှန် ဆန်တစ်အိတ် ကျပ်လေးသောင်းခွဲမှ တစ်သိန်းသုံးသောင်းအထိ ပေးဝယ်ရပြီး ဓာတ်ဆီတစ်လီတာလျှင် ခြောက်ထောင်ကျပ်အထိ ပေးဝယ်နေရသည်ဟု ၎င်းက ဆိုသည်။

မေလ ၂၈ မှစ၍ ကယားပြည်နယ်တွင်း အဓိကအဝင်လမ်းဖြစ်သည့် အောင်ပန်း-လွိုင်ကော်လမ်းပိုင်းကို စစ်ကောင်စီက ပိတ်ချလိုက်ခြင်း၊ ဇွန်လ ၁ ရက်နေ့တွင် လွိုင်ကော်-တောင်ငူလမ်းပိုင်းရှိ သောက်ရေခပ်တံတားပြိုကျခဲ့ခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေးရပ်တန့်သွားခြင်းဖြစ်သည်။ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးအဖွဲ့တို့၏ တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆိုနှင့ ဖရူဆိုမြို့နယ်တို့မှ ပြည်သူတစ်သိန်းခန့် နေအိမ်စွန့်ခွာနေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ဆိုသည်။

ကယားပြည်နယ်သည် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူတို့ကို ရက်ရက်စက်စက်နှိမ်နှင်းသည့် စစ်ကောင်စီတပ်ဖွဲ့များကို ခုခံရာတွင် နာမည်ကြီးပြီး အထင်ရှားဆုံးမှာ မေ ၂၅ ရက်က မိုးဗြဲရဲကင်းစခန်းကို ဒေသခံတို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

ယင်းနောက်တွင် စစ်ကောင်စီက ကယားပြည်နယ်အတွင်း ပြည်သူ့ခုခံမှုများကို အင်အားသုံးနှိမ်နင်းနေပြီး ဒီမော့ဆိုတွင် မေ ၃၁ ရက်က စစ်သုံးရဟတ်ယာဉ်နှစ်စီးဖြင့် ဗုံးကြဲခြင်းအပြင် ၁၂၀ မမ အမြှောက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့သည်။myanmar now

မိုးဗြဲတွင် ပြည်သူများ၏​နေအိမ်များကို အကြမ်းဖက်စစ်​ကောင်စီတပ်က ညအချိန်အထိ မီးရှို့​ပြီး ပစ္စည်းများခိုးယူ

အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲတွင် ညအချိန်အထိ ပြည်သူနေအိမ်များကို မီးလိုက်ရှို့ ​နေပြီး ကုန်စုံဆိုင်များကို သော့ရိုက်ဖွင့်ပြီး ပစ္စည်းတွေကို ကားပေါ်တင်ခိုးယူသွား​ကြောင်း ကရင်နီလူငယ်အစည်းအရုံး UKSY က ​သတင်းထုတ်ပြန်သည်။khit thit

NLD အစိုးရလက်ထက်စိုက်ထူခဲ့သော ကရင်ပြည်နယ်ရှိ အာဇာနည်ကျောက်တိုင်များကို စစ်ကောင်စီက လုံခြုံရေးအင်အားအပြည့်ဖြင့် ယခုည ဖြိုဖျက်

ဓာတ်ပုံ- ဘားအံရှိ အာဇာနည်အထိမ်းအမှတ်ကျောက်တိုင်

ကရင်ပြည်နယ်တွင် NLD အစိုးရလက်ထက် စိုက်ထူခဲ့သော ဘားအံမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြ၀တီနှင့် ကော့ကရိတ်မြို့နယ်တို့ရှိ အာဇာနည်အထိမ်းအမှတ်ကျောက်တိုင်များကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယခုည လုံခြုံရေးအင်အားအပြည့်ဖြင့် ဖြိုဖျက်လျက်ရှိကြောင်း ဒေသခံများ၏ လူမှုကွန်ရက်တွင် ရေးသားချက်အရ သိရှိရသည်။

ဘားအံမြို့နယ်ရှိ အာဇာနည်အထိမ်းအမှတ်ကျောက်တိုင်ကို ယခုည ၈ နာရီ ၄၅ မိနစ်တွင် လွန်ဖြင့် ဖောက်ဖျက်ဖြိုချကြောင်း ဒေသခံများ၏ လူမှုကွန်ရက် သတင်းဖော်ပြချက်နှင့် ဒေသရင်းမြစ်သတင်းများတွင်ဖော်ပြသည်။

အလားတူ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အာဇာနည် အထိမ်းအမှတ်ကျောက်တိုင်ကိုလည်း ယနေ့ည ၈ နာရီတွင် ဖြိုဖျက်လိုက်ကြောင်း သိရှိရသည်။ဒေသခံများ၏ အဆိုအရ ဘားအံ၊ မြ၀တီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့ရှိ အာဇာနည်အထိမ်းအမှတ်ကျောက်တိုင်များကို ဖြိုဖျက်ခြင်းဖြစ် ကြောင်း သိရှိရသည်။khit thit

ယနေ့ဇွန်လ ၆ ရက်နေ့ ညပိုင်းမိုးညှင်းမြို့တွင် ကျောင်းသားလူငယ်အဖွဲ့အစည်းများပူးပေါင်း ၍ အာ ဏာရှင်ပြုတ်ကျရေး ညသပိတ်လုပ်ဆောင်ခဲ့ကြ

khit thit

မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ယ​နေ့ ဖွဲ့စည်း ​ကြောင်း ​ကြေညာ

မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Monywa People Defence Force – MPDF) ကို မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ပါဝင်သင့်ပါဝင်ထိုက်သည့် နိုင်ငံရေးအင်အားစုများ နှင့် အကြမ်းဖက်စစ်ကောင်စီအား ဆန့်ကျင်တော်လှန်လျက်ရှိသော ရဲဘော်များ စုစည်းညှိနှိုင်း၍ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့တွင် အောက်ပါ ရည်ရွယ်ချက်များဖြင့် စတင်ဖွဲ့စည်းတည်ထောင်လိုက်​ကြောင်း MPDF က ထုတ်ပြန်​ကြေညာသည်။

MPDF သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အလျင်အမြန် တည်ဆောက်နိုင်ရေ

းစစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်၍ ထိရောက်သောတော်လှန်ရေးတိုက်ပွဲများ အရှိန်အဟုန်ဖြင့်ဖော်ဆောင်နိုင်ရေး

၃။ မုံရွာဒေသမှ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား အကြမ်းဖက်စစ်ကောင်စီတပ်များ၏ရန်မှ အကာအကွယ်ပေးနိုင်ရေး

NUG, CRPH, အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ တို့နှင့် ချိတ်ဆက်လျက် ဟန်ချက်ညီသော နိုင်ငံရေး၊ စစ်ရေးတိုက်ပွဲများ စနစ်တကျ ဖော်ဆောင်နိုင်ရေး ​ဆောင်ရွက်မည်ဟု ​ကြေညာချက်တွင် ​ဖော်ပြထားသည်။khit thit

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ တက်ကောင်းကျေးရွာ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးညသပိတ် နှင့် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအတွက် ဆုတောင်းပွဲ

khit thit

စစ်ကိုင်းတိုင်းတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနုတ်ထွက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဦးမြို့နယ်နဲ့ ကလေးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တာဝန်ပေး ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ အသီးသီးနုတ်ထွက်နေကြပါတယ်။ 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ဥယျာဉ်ကျေးရွာက ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးကျော်ဦးဟာ အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့အတွက်  ဇွန် ၆ ရက်နေ့က  နုတ်ထွက်စာတင်လိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး  ၆ ယောက်လည်း အလားတူ နုတ်ထွက်စာတင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက် နေကြသလို အကြမ်းဖက် စစ်အုပ်စုကို ဩဇာခံ ဒလန်သတင်းပေးလုပ်နေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာတွေလည်း ရှိနေပါတယ်။DVB

« Older Entries