Monthly Archives: Jun 2021

စစ်အာဏာရှင်ဖြုတ်ချရေး ကံပေါက်ပြည်သူများ ချီတက်ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် ဆန္ဒပြပြည်သူ ၈၀ ခန့်က စစ်အာဏာရှင် ဖြုတ်ချရေး ဇွန်လ ၇ ရက် ယနေ့ မွန်းလွဲပိုင်းတွင် ကြွေးကြော်ချီတက်ဆန္ဒပြခဲ့ကြသည်။မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား အမြန်ဆုံးပြန်လွှတ်ပေးရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်းနှင့် စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ကြွေးကြော်ခဲ့ကြသည်။khit thit

မြောက်ဥက္ကလာတွင် နာရီပိုင်းအတွင်း ပြည်သူ့ဆိုင်ကယ် အစီး ၃၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ပြ ခြိမ်းခြောက် လုယူ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများ၏ ဆိုင်ကယ် အစီးရေ ၃၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ရဲတပ်ဖွဲ့ဝင်များမှ လက်နက်ပြခြိမ်းခြောက်ကာ လုယူဖမ်းဆီးသွားသည်ဟု ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ အတည်ပြု ပြောဆိုသည်။ဇွန်လ ၇ ရက် ယနေ့နံနက် ၁၁ နာရီ ၂၀ မိနစ် ဝန်းကျင်တွင် ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ ၃ ရပ်ကွက်ရှိ အောင်ဘရားသား လက်ဖက်ရည်ဆိုင်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ် ၁၁ စီးကို အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များမှ သေနတ်ထောက် ခြိမ်းခြောက်ပြီး အဓမ္မလုယူခဲ့သည်။

“ကျွန်တော်တို့သူငယ်ချင်းတွေ အောင်ဘရားသားဆိုင်မှာ ထိုင်နေတာ ၁၁နာရီမခွဲခင် သူတို့ ကား၂စီးနဲ့ ရောက်လာတယ်၊ ဘာမပြောညာမပြောနဲ့ ဆိုင်ကယ်ပိုင်ရှင်တွေ သော့တွေပေးဆိုပြီး သေနတ်ထောက်ပြီး တောင်းတာ၊ပိုင်ရှင်တွေကလည်း သော့ပေးလိုက်ပေမယ့် ဘာလို့လဲဗျာဆိုလို့ “ဖမ်းတာ” ဆိုတဲ့စကား ၂ လုံးထဲပြောပြီးသိမ်းသွားတာ” ဟု အဆိုပါဖြစ်စဉ်တွင် လက်ဖက်ရည်ဆိုင်အတွင်းရှိနေသော လူငယ်တစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။

ဆိုင်ကယ်များကို ကားပေါ်သို့တင်ပြီး သယ်သွားကြောင်း၊ ကားမဆံ့တော့လို့ အကြမ်းဖက် ရဲတပ်ဖွဲ့ဝင်များက ကိုယ်တိုင်မောင်းသွားကြောင်း ၎င်းက ဆက်ပြောသည်။

“လာဖမ်းတဲ့ ရဲတွေက ဒီက ရဲတွေမဟုတ်ဘူး၊ မြောက်ဥက္ကလာပ မြရတနာထိပ်က အမှတ် (၉) ရဲစခန်းကလို့တော့ ကြားတယ်၊ ဒီမှာဖမ်းပြီးတော့ သူတို့ အထက ၂ ဘက်ကို ထပ်သွားတယ်၊ အဲဒီမှာ ထပ်ဖမ်းတာ အစီး ၂၀ ကျော်တယ်၊ မုန့်ဆိုင်တွေမှာ ရပ်ထားတာတွေရော၊ တားပြီး ဖမ်းတာတွေရော” ဟု အဆိုပါ လူငယ်မှ ပြောသည်။

အကြမ်းဖက် စစ်ကောင်စီလက်ပါးစေ ရဲတပ်ဖွဲ့ဝင်များသည် ရန်ကုန်တိုင်းတွင်း မြို့နယ်များတွင် ရပ်ထားသော ဆိုင်ကယ်များမှ ပစ္စည်းများ ခိုးယူခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက်ပြီး ပြည်သူများ စီးနင်းလာသည့် ဆိုင်ကယ်များကို အဓမ္မခြိမ်းခြောက် လုယူခြင်းများကို ပြုလုပ်နေကြသည်။khit thit

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကျည်းပင်ရွာနဲ့ဖလံရွာ နှစ်ရွာကြားမှာ ဇွန် ၇ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ပုလဲမြို့ခံတွေဆီက သိရပါတယ်။

မနေ့ညက စစ်ကောင်စီကခန့်တဲ့ ကျောင်းဆရာနဲ့ ကျည်းပင်ရွာခံက လူငယ်တွေစကား များပြီး ကျောင်းဆရာရဲ့ သတင်းပေးတိုင်ကြားချက်ကြောင့် စစ်ကောင်စီတပ်တွေက လူငယ်တွေကို လာရောက်ဖမ်းဆီးရာမှ တိုက်ပွဲဖြစ်ခဲ့တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ 

“ရွာကကလေးတွေကိုဖမ်းလို့ စစ်ကောင်စီတပ်တွေနဲ့ ဒီနေ့ နေ့လယ်တစ်နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေးတဖွဲ့နဲ့တိုက်ပွဲ ဖြစ်တာဗျ”။ 

တိုက်ပွဲဖြစ်ပွားရာမှာ ပြည်သူဘက်ကတော့ ထိခိုက်အကျအဆုံးမရှိဘဲ စစ်ကောင်စီဘက်ကတော့ ရဲနှစ်ယောက်အပြင်းထန်ဒဏ်ရာရလို့ ပုလဲ ပြည်သူ့ ဆေးရုံမှာတင်ထားရတယ်လို့လည်း ပြောပါတယ်။ DVB

မကွေးတိုင်းဝန်ကြီးချုပ်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ် ချ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ဇွန် ၇ ရက်မှာ  ထောင်ဒဏ် ၂ ချမှတ်လိုက်တယ်လို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။

ဒေါက်တာအောင်မိုးညိုကို ဖေဖော်ဝါရီ ၁ ရက်မှာ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နေအိမ်အကျယ်ချုပ်ကနေ မကွေးအကျဉ်းထောင်ကို ရောက်ရှိသွားတာပါ။

သူ့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ၊ဘေးစီမံ ပုဒ်မ-၂၅တို့နဲ့ တရားစွဲခဲ့တာဖြစ်ပြီး ဒီကနေ့မှာ ပုဒ်မ – ၅၀၅ (ခ)အတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

မကွေးမြို့မှာ အကြမ်းဖက်စစ်ကောင်စီက ဝန်ကြီးချုပ်အပါဝင် တိုင်းဒေသကြီးဝန်ကြီးတွေ၊ ကျောင်းသားတွေနဲ့ ဒေသခံပြည်သူ ရာဂဏန်းအထိ ဖမ်းဆီးတရားစွဲဆိုထားပြီး သူ့တို့အတွက် မကွေးမြို့နယ်ရှေ့နေများအသင်းက အခမဲ့ လိုက်ပါအကျိုးဆောင်ပေးနေတယ်လို့ သိရပါတယ်။DVB

ကနီမြို့အနီး ရွှေသိမ်တော်ကြိုးပြင်ကာကွယ်တောတွင် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ရွှေသိမ်တော်ကြိုးပြင်ကာကွယ်တောအတွင်းမှာ ဇွန်လ ၇ ရက် ဒီနေ့မနက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်‌ရေးတပ် (ကနီ-PDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အကျအဆုံးမရှိဘဲ စစ်ကောင်စီတပ်ဘက်က ၄ ယောက်ထက်မနည်း သေဆုံးကာ ဒဏ်ရာရရှိတဲ့သူတွေလည်း ရှိတယ်လို့ ကနီမြို့နယ်ဒေသခံ တစ်ဦးက ပြောပါတယ်။

ကနီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တစ်ရွာဝင်တစ်ရွာထွက်ရှာဖွေမှု့တွေ နေ့စဉ်ရက်ဆက်ပြုလုပ်နေပါတယ်။

မနေ့ကလည်း ကနီမြို့နယ် ကျွန်းရွာမှာရှာဖွေကာ အပစ်မဲ့ပြည်သူတွေရဲ့ပစ္စည်းတွေ၊အခြေခံစားသောက်ကုန်တွေယူကာ ကြက်၊ ဆိတ်၊ ဝက်တွေ ပစ်သတ်ပြီး ချက်စားသွားပါတယ်။DVB

ရိက္ခာနှင့် ဆေးဝါး ပြတ်လပ်တော့မည်ဟု ဒေါ်အောင်ဆန်းစုကြည် အသိပေး

အသုံးစရိတ်၊ ရိက္ခာနှင့် ဆေးဝါး ပြတ်လပ်တော့မည်ဖြစ်၍ ကူညီနိုင်မည့်နည်းလမ်းရှာဖွေပေးရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်သည်ဟု နေပြည်တော်၌ ယနေ့ (ဇွန် ၇) ပြုလုပ်သည့် ရုံးချိန်အပြီး တရားလွှတ်တော်ရှေ့နေများက ပြောသည်။

“ကိုယ့်ဟာကိုယ် ငွေထုတ်သုံးနေတာ၊ ဘာအထောက်အပံ့မှမယူဘူး။ တစ်လတစ်လပေါ့။ အဲဒီဟာနဲ့ ပတ်သက်လို့ အလျင်မီအောင် ဘယ်လိုလုပ်ပေးမလဲပေါ့ဗျာ။ နည်းလမ်းရှာဖို့ပြောပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က Myanmar Now ကို ပြောသည်။ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကတည်းက စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် အမှုငါးခုနှင့် ပတ်သက်၍ ယနေ့တွင် တစ်နာရီခန့်ကြာ ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းမတိုင်မီ ရှေ့နေအဖွဲ့နှင့် အချိန်နာရီဝက်ခန့် တွေ့ဆုံခွင့်ရစဉ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ်သည်။ “(ဒေါ်အောင်ဆန်းစုကြည်နှင့်) အတူနေတဲ့ မိသားစုစားဝတ်နေရေးအတွက် ငွေလည်းနည်းသွားပြီ။ ဆေးတွေလည်း လိုအပ်တဲ့ဆေးလေးတွေ၊ နှစ်ပတ်တစ်ခါ သူတို့(စစ်ကောင်စီ)သက်ဆိုင်ရာဌာနကတော့ ပြောပါတယ်၊ သူတို့စီစဉ်ပေးမယ်လို့။ အမေ(ဒေါ်အောင်ဆန်းစုကြည်) ကတော့ အဲဒီလို မလိုချင်ဘူးပေါ့နော်”ဟု ရှေ့နေအဖွဲ့ဝင် ဒေါ်မင်းမင်းစိုးကလည်း သတင်းထောက်များကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အခြားသူရှစ်ဦး၊ ၎င်း၏ အချစ်တော်ခွေးကလေး တိုက်ချီဒိုတို့ပါ စစ်ကောင်စီက တစ်ပါတည်းဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး မည်သူတို့ဖြစ်သည်၊ မည်သည့်နေရာတွင် ထားရှိသည်ကို အတည်မပြနိုင်သေးဟု ရှေ့နေအဖွဲ့က ပြောသည်။

“ကလေးလေးတစ်ယောက်လည်းပါတယ်။ နို့မှုန့်တွေဘာတွေမှာတယ်”ဟု ဦးခင်မောင်ဇော်က Myanmar Now ကို ပြောသည်။ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေမိသားစုအတွက် အရေးပေါ်အသုံးစားရိတ် ကျပ်သိန်းငါးဆယ်၊ နှစ်ပတ်တစ်ခါရရန်လိုသည့် စားနပ်ရိက္ခာ၊ ပုံမှန်သောက်နေကျဆေးဝါး လိုအပ်ကြောင်းသိရပြီး ဖြည့်ဆည်းပေးနိုင်ရန် စစ်ကောင်စီဘက်နှင့် ညှိနှိုင်းရဦးမည်ဖြစ်ကြောင်းလည်း ရှေ့နေများက ပြောသည်။“ဘာဆေးတွေလဲဆိုတာ(ဒေါ်အောင်ဆန်းစုကြည်ထံမှ) စာရင်းမရသေးဘူး”ဟု ဦးခင်မောင်ဇော်က ပြောသည်။

ထို့ပြင် ယနေ့ရုံးချိန်းတွင် ဆေးဝါးလိုအပ်နေကြောင်း အသိပေးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်မှာ ရွှင်ရွင်လန်းလန်းတွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။“ကျန်းမာရေးကတော့ သာမန်အားဖြင့် ကောင်းပါတယ်” ဟု ဦးခင်မောင်ဇော်က ပြောသည်။နေပြည်တော်ကောင်စီဝင်းအတွင်းရှိ အဆောက်အဦးအမှတ် ၁ တွင် ပြုလုပ်သည့် ယနေ့ရုံးချိန်းတွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ပြုလုပ်နိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အမှုငါးမှုစလုံးကို ရက်ပေါင်း ၁၈၀ (ခြောက်လ)အတွင်း အပြီးစစ်ဆေးရန် ဆုံးဖြတ်နိုင်ခဲ့ကြောင်း ရှေ့နေများက ပြောသည်။ထို့အတူ လာမည့်ရက်သတ္တပတ်ရုံးချိန်းမှစ၍ အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့တိုင်း တစ်ပတ်လျှင်နှစ်ကြိမ် ရုံးထုတ်စစ်ဆေးရန်၊ တရားလိုကို ဇွန် ၂၈တွင် အပြီးစစ်ရန် အထူးတရားရုံးကို ကြီးကြပ်သည့် တရားသူကြီးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

သို့သော် မည်သည့်အမှုကို တနင်္လာ၊ မည်သည့်အမှုကို အင်္ဂါနေ့တွင် အပတ်စဉ်စစ်မည်ဟု ခွဲခြားမှတ်သားရန် ခက်ခဲကြောင်း ရှေ့နေများက ပြောသည်။“သက်သေတွေအပေါ်မှာ တည်တယ်ဗျ၊ သက်သေတူတဲ့အမှုတွေကို နေ့ခွဲပြီးပေါင်းမှာ”ဟု ဦးခင်မောင်ဇော်က Myanmar Now ကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပါ ပုဒ်မများဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။နိုင်ငံတော်သမ္မဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့နှင့် ပူးတွဲဖွင့်လှစ်ခံထားရသည့် ပုဒ်မ ၅၀၅ (ခ)အမှုကိုမူ အပတ်စဉ် တနင်္လာနေ့တိုင်းတွင် စစ်ဆေးရန် တရားရုံးက ဆုံးဖြတ်ထားကြောင်း ဦးခင်မောင်ဇော်က ပြောသည်။

သို့သော် မူလက ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် စစ်ကောင်စီက လျှို့ဝှက်ချက်အက်ဖြင့် စွဲဆိုထားသည့်အမှုကို နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ပြောင်းရွှေ့စစ်ဆေးမည်ဆိုသော ကိစ္စကိုမူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မသိကြောင်း ၎င်းက ဆက်ပြောသည်။အဆိုပါအမှုကို ဇွန် ၂၃ရက်တွင် စတင်စစ်ဆေးမည်ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မေ ၃၁ ရက်စွဲဖြင့် ကြေညာထားခြင်းဖြစ်ပြီး အမှုတွင်လိုက်ပါမည့် ရှေ့နေများစာရင်းကို ဖော်ပြမထားဘဲ စွပ်စွဲခံရသူကိုယ်တိုင် လျှောက်လဲမည်ဟု ရေးသားထားသည်။

“ဒေါ်အောင်ဆန်းစုကြည်က သူမသိဘူးလို့ ပြောပါတယ်။ ကိုယ်တိုင်ဆိုပြီး သူမပြောဘူး။ သူ့ကိစ္စတွေအကုန်လုံးကို ရှေ့နေတွေနဲ့ဆောင်ရွက်ဖို့ မူရှိတဲ့အတွက် အမြဲတမ်းလည်းပြောထားပါတယ်။ သူ့ဆီကိုလည်း ဒီဆင့်စာ မရောက်ပါဘူးတဲ့။ ဒီဥစ္စာက လွဲနေတယ်လို့ ပြောပါတယ်”ဟု ဦးခင်မောင်ဇော်က Myanmar Now ကို ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ စစ်ကောင်စီနှင့် တရားရေးအာဏာပိုင်များထံမှ တိတိကျကျစုံစမ်းသိရှိ၍ခြင်း မရှိသေး၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆင့်ခေါ်ထားသည့် ဇွန် ၂၃ရက် ရုံးချိန်းကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။နေပြည်တော်ကောင်စီဝင်းအတွင်း ဖွင့်လှစ်ထားသည့် အထူးတရားရုံးက ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေတို့ဖြင့် အမှုဖွင့်ခံထားရသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နည်းတူ တစ်ပတ်လျှင်နှစ်ရက် ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။

ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နှင့်အတူ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားရင်ဆိုင်နေရသည့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်ကိုလည်း ရုံးထုတ်စစ်ဆေးခဲ့ပြီး သုံးဦးစလုံး ကျန်းမာရေးကောင်းမွန်ကြောင်းရှေ့နေများက ပြောသည်myanmar now

ကွတ်ခိုင်တွင် ကိုးကန့်MNDAA နှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ပွဲ စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းမိ

ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့် MNDAA နှင့် အကြမ်း ဖက်စစ်ကောင်စီတပ်များ ဇွန်လ ၅ ရက်နေ့နှင့် ဇွန်လ ၆ ရက်နေ့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ တပ်မ ၉၉ ဘက်မှ ၉ ဦးသေဆုံးပြီး စစ်လက်နက်ပစ္စည်းများ သိမ်းဆည်းမိကြောင်း ကိုးကန့်သတင်းဌာနက သတင်းထုတ်ပြန်သည်။khit thit

« Older Entries