ဇွန်လ ၈ ရက်နေ့ မုံရွာ-အမြင့်လမ်းကျေးလက်-ညနေဆည်းဆာသပိတ်




khit thit
khit thit
khit thit
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ယနေ့ (ဇွန် ၈) တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက မင်းတပ်မြို့နှင့် ၁၀ မိုင်အကွာရှိ ဘုရားစခန်းကျေးရွာနှင့် ယှက်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများ အဓိကအသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။“ဒီနေ့ တိုက်ပွဲ ၂ နေရာဖြစ်နေတယ်။
လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ မနက်က ကျွန်တော်တို့ဘက်က တစ်ဦးကျဆုံးပါတယ်။ ဒီနေ့တော့ လေယာဉ်သံမကြားရဘူး။ လက်နက်ကြီးကတော့ အခုပြောနေရင်းတောင် ထုနေတာ” ဟု ယနေ့ မွန်းလွဲပိုင်းဆက်သွယ်မေးမြန်းချိန်တွင် ၎င်းက Myanmar Now ကို ပြောသည်။မင်းတပ်မြို့ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်ခြမ်းတွင် ဖြစ်ပွားခဲ့သော ထိုတိုက်ပွဲများတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အသက် ၁၈ နှစ်အရွယ် ဆလိုင်းလိန်းယောအွမ်ဆိုသူ လူငယ်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူစာရင်းအတိအကျကို အတည်မပြုနိုင်သေးကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ဆိုသည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို စစ်ကောင်စီက မေလလယ်ပိုင်းတွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကာ မင်းတပ်မြို့ခံများ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။ မင်းတပ်မြို့ကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေဆဲဖြစ်ကာ ယနေ့တိုက်ပွဲဖြစ်ပွားသည့် နေရာများမှာ ဒေသခံများထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်စခန်းများနှင့် မိုင်အနည်းငယ်ခန့်သာ ကွာဝေးသည်ဟု သိရသည်။
စစ်ဘေးရှောင်စခန်းများအနီးတွင် စစ်ကောင်စီတပ်က လာရောက်တပ်စွဲနေသဖြင့် စခန်းရှိ ဒေသခံပြည်သူများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကာ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များသာ ကျန်ရှိတော့ကြောင်း လုဆယ်စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက Myanmar Now ကို ပြောသည်။“အကုန်လုံးက ကမောက်ကမနဲ့ ဟိုပြေးဒီပြေးဖြစ်ကုန်ပြီ။
စခန်းနားနီးလာတော့ ပြေးနေကြတာ။ တချို့က စခန်းကနေ ထွက်သွားတယ်။ ဘယ်ထွက်သွားကြမှန်း မသိဘူး။ ဟိုပျံ့ဒီပျံ့ဖြစ်ကုန်ပြီ။ တချို့လည်း တောထဲမှာ ပြေးတယ်။ အခု စခန်းမှာ ဘယ်ပြေးလို့ပြေးရမှန်း မသိတဲ့လူတွေပဲ ကျန်တော့တယ်” ဟု ၎င်းက ပြောသည်။
မင်းတပ်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူ ၈၃၀၀ ကျော်သည် စစ်ဘေးရှောင်စခန်း ၁၈ ခုတွင် ခိုလှုံနေရပြီး စစ်ကောင်စီက ရိက္ခာထောက်ပံ့ရေးလမ်းကြောင်းများ ပိတ်ဆို့ထားသဖြင့် အစားအသောက်၊ ဆေးဝါးနှင့် ရေများ လိုအပ်နေသည်ဟု စစ်ရှောင်စခန်းတာဝန်ရှိများက ဆိုသည်။
မင်းတပ်မြို့တွင် ဧပြီလ ၂၄ ရက်က ဆန္ဒပြရင်းအဖမ်းခံရသူ လူငယ် ၇ ဦးကို စစ်ကောင်စီက ပြန်လွှတ်မပေးသည့်ကိစ္စကို အကြောင်းပြု၍ ဒေသခံများက ရိုးရာလက်လုပ်တူမီးသေနတ်များကို အားကိုးကာ ခုခံတော်လှန်ခဲ့ခြင်းဖြစ်သည်။
မေ ၁၃ ရက်မှ ဇွန် ၆ ရက်အထိ မင်းတပ်မြို့နယ်အတွင်း ရွှေအောင်သ၊ မယ်လယ်ကုန်း၊ ယှက်၊ ချောင်းဆုံနှင့် ဘုရားစခန်းကျေးရွာများတွင် အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံးခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ တွင် သတင်းထုတ်ပြန်ထားသည်။myanmar now
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ အကောက်ခွန်ရုံးအနီးရှိ King Bar စားသောက်ဆိုင်ရဲ့ မန်နေဂျာ စိုင်းသန်းထိုက်ဦးကို ဇွန် ၈ ရက် မနက် ၉ နာရီခွဲလောက်က အရပ်ဝတ်နဲ့ရဲတွေ လာရောက်ဖမ်းဆီးသွားတယ်လို့ သူနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မေးစရာရှိတယ်ပြောပြီး ရဲ ၂ ယောက် လာခေါ်သွားတာ။ သူ့ဆိုင်မှာပဲ။ သူအလုပ်လုပ်တဲ့ဆိုင်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့ မိတ်ဆွေတွေက ရဲစခန်းကို လိုက်သွားပေမယ့် တွေ့ခွင့် မရတဲ့အပြင် မိသားစုနဲ့လည်း အဆက်အသွယ် ပြတ်နေတယ်လို့ ဆိုပါတယ်။ ဆိုင်မန်နေဂျာ စိုင်းသန်းထိုက်ဦးကို ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာလည်း မသိရသေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက် မူဆယ်က ပြည်သူ ၄၇ ဦး ဖမ်းဆီးခံရပြီး ၂၁ ဦး ပြန်လွတ်လာကာ ၅ ဦး ပြင်းထန် ဒဏ်ရာရ ၊ ၂ ဦး ကျဆုံးခဲ့ပါတယ်။ DVB
ဗုံးခွဲမှုသံသယနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းက လူငယ်တွေကို ပြန်လွှတ်ပေးမယ်ဆိုပြီး မိသားစုဝင်တွေဆီကနေ အကြမ်းဖက်စစ်အုပ်စုက ပိုက်ဆံတောင်းယူတာတွေရှိနေတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ ဆွေမျိုးတွေထံက သိရပါတယ်။
ဖမ်းဆီးခံလူငယ်တစ်ဦးရဲ့ မိသားစုဝင်က“ သူ့ကို ဗုံးခွဲတယ်ဆိုပြီး ခေါင်းစဉ်တပ်ဖမ်းသွားတာပါ။ အထဲမှာ မသေရုံတမယ် ရိုက်နှက်ခံထားရတယ်လို့ အစ်ကိုတို့ ကြားရတယ်။ ကိုယ်မလုပ်တဲ့ အရာတစ်ခုအတွက် နှိပ်စက်ခံနေရတာ လုံးဝမတရားဘူး။ လွှတ်ပေးမယ် ပိုက်ဆံပေးဆိုလို့ ပိုက်ဆံတွေလည်း တော်တော်ကုန်နေပြီ။ ခုဆို သိန်း ၈၀ နီးပါးတောင်ရှိနေပြီး ခုထိ လွှတ်မပေးသလို ဘာသတင်းမှလည်းမကြားရဘူး” လို့ ပြောပါတယ်။
ထောင်ထဲမှာ ရိုက်နှက်စစ်ကြောမေးမြန်းခံနေရတာနဲ့ ပတ်သက်လို့လည်း မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။
ရန်ကုန်မြို့တွင်းဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်အုပ်စုက တွေ့ရာကြုံရာ အနီးအနားကလူတွေကို တရားခံအဖြစ်ဖမ်းဆီးပြီး မေးမြန်းဖို့ဆိုပြီး ခေါ်သွားတာတွေလည်း အများအပြားရှိနေပါတယ်။
ဖမ်းဆီးခံ တချို့လူငယ်တွေကိုလည်း ပုဒ်မအမျိုးမျိုးတပ်ပြီး စစ်ကောင်စီမီဒီယာတွေကနေ မဟုတ် မမှန်လုပ်ကြံသတင်းတွေနဲ့ ဝါဒဖြန့်နေတာတွေလည်း ရှိနေပါတယ်။DVB
တရုတ်၊ အာဆီယံနဲ့ စစ်ကောင်စီအကြမ်းအဖက်အဖွဲ့တို့ရဲ့ အစည်းအဝေးတွေကနေ မြန်မာပြည်သူတွေ အတွက်မျှော်လင့်စရာ အကျိုးစီးပွားဘာမှမရှိဘူးလို့ မြန်မာ့အရေးလေ့လာသူတွေက သုံးသပ် ပြောကြားလိုက်ပါတယ်။
ဇွန်လ ၈ ရက်နေ့မှာ တရုတ်၊ အာဆီယံနဲ့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်တို့ တရုတ်နိုင်ငံမှာ မဲခေါင် ၆ နိုင်ငံခေါင်းစဉ်နဲ့ အစည်းအဝေးပြုလုပ်နေတာပါ။ ဇွန်လ ၇ရက်နေ့ကလည်း တရုတ်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး တွေ အစည်းအဝေးကိုလည်း ကျင်းပခဲ့ ပါတယ်။
ဒီအစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး တရုတ်က အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကပါဝင်မယ်၊ အာဆီယံနဲ့ပူးပေါင်းမယ်၊ မြန်မာပြည်တွင်းက သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံး နိုင်ငံရေးဆွေးနွေးပွဲပြန်ထိုင်ဖို့လိုမယ်၊ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးဖို့လိုမယ်၊ အကြမ်းဖက်ကိစ္စ တွေအားလုံးရပ်ဆိုင်းဖို့လိုတယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာပြည်အရေး နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေအပေါ်မှာတော့ ပြည်တွင်းရေး စွက်ဖက်တယ်လို့ ဝမ်ယိကဝေဖန်ခဲ့ပြီး ကုလသမဂ္ဂပဋိညာဉ်နဲ့ မကိုက်ဘူးလို့လည်း ဆိုခဲ့ပါတယ်။
အစည်းအဝေးဆွေးနွေးချက်တွေကို ခြုံကြည့်ရင် တရုတ်နဲ့ အာဆီယံရဲ့အကျိုးစီးပွား အပေါ်ရပ်တည်တာချင်းဘက်တူနေပြီး မြန်မာပြည်သူတွေအတွက် မျှော်လင့်စရာ အကျိုးစီးပွားကတော့ ဘာမှမရှိဘူးလို့ တရုတ်နိုင်ငံအခြေစိုက်မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
“ဒီမိုကရေစီပြန်လည်တည်ဆောက်ရေးလုပ်တာတွေ၊ အကြမ်းဖက်မှုတွေလျှော့ဖို့ကတော့ စစ်ကောင်စီကို ဇက်သတ်နိုင်မယ်လို့ထင်ပါတယ်။ သူတို့အတွက်လုပ်ချင်တိုင်းလုပ်လို့တော့ သိပ်မဖြစ်ဘူးထင်တယ်။ မြန်မာပြည်သူတွေဘက်က ဒီထက်ပိုလိုချင်တာဖြစ်တော့ မြန်မာပြည်သူတွေဘက်ကလည်း အားမလိုအားမရတော့ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တရုတ်တို့ အာဆီယံတို့ဘက်ကလည်းသူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာကြည့်မြင်မှုနည်းနာတွေ သေနင်္ဂဗျူဟာ အမြင်တွေအောက်ကလုပ်တာဖြစ်တော့ သူတို့လည်း ဒီထက်ပိုလုပ်ဖို့ရည်ရွယ်ပုံမရဘူး။ တရုတ်ကိုလည်းဘက်စုံကအနောက်နိုင်ငံတွေက တိုက်နေတာပဲ။ အာဆီယံမှာလည်း နိုင်ငံမျိုးစုံပါနေတယ်။ ဒီမိုကရေစီသက်သက်နိုင်ငံချည်းပဲမဟုတ်ဘူး။ ဘုရင်စနစ်နိုင်ငံတွေပါတယ်။ ကွန်မြူနစ်နိုင်ငံတွေပါတယ်။ အာဏာရှင်တပိုင်းကနေပြောင်းလာတဲ့ နိုင်ငံတွေလည်းပါတယ်။ သူတို့ကလည်း သူတို့အကျိုးစီးပွားတွေအပေါ်မှာမူတည်ပြီးတော့ မြန်မာပြည် အရေးအခင်းကို ဖြေရှင်းရာမှာ သူတို့နိုင်ငံတွေအကျိုးစီးပွားအပေါ်ရပ်ပြီးတော့မှ ကြည့်တာဖြစ်တဲ့အတွက် မြန်မာပြည်သူစိတ်ကြိုက်တော့မဖြစ်နိုင်ဘူး”။
မြန်မာပြည်သူအရေးကို အဆုံးအဖြတ်ပေးမှာက မြန်မာပြည်သူလူထုပဲဖြစ်တယ်၊ ကိုယ့်ပြည်တွင်းကိစ္စကို ကိုယ့်ဘာသာဆုံးဖြတ်ကြရာမှာဖြစ်ပြီး တခြားဘယ်နိုင်ငံကမှ လာကူညီမှာ မဟုတ်လို့ ပြည်သူလူထုကသာ ပြည်သူတွေရဲ့ အကျိုးစီးပွားအပေါ် မတ်မတ်ရပ်ပြီး ဆက်လက်စဉ်းစားလုပ်ဆောင်ဖို့လိုတယ်လို့လည်း ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပတဲ့ အာဆီယံခေါင်းဆောင်များအစည်းအဝေးကနေ အချက်ငါးချက်ပါ တဲ့ သဘောထားတစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။
အာဆီယံသဘောထားငါးချက်မှာ ပါဝင်တဲ့အချက်တွေဟာ မြန်မာပြည်သူတွေ မျှော်လင့်သလိုမဖြစ်ခဲ့တဲ့ အပြင် တရုတ်ရဲ့နိုင်ငံခြားရေးမူဝါဒဟာ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းကသူတွေအချင်းချင်း ကိုရန်တိုက်ပေးပြီး သူ့လက်အောက်ရောက်အောင် ဆွဲထည့်တာမျိုး သမိုင်းကြောင်းတွေရှိခဲ့တယ်လို့ နိုင်ငံတကာရေးရာလေ့လာသူ ဦးအေးမောင်ကျော်က ပြောပါတယ်။
ဒီမူဝါဒကိုတရုတ်က ဆက်ပြီးကျင့်သုံးမကျင့်သုံးဆိုတာ မသေချာပေမယ့် အစည်းအဝေးတွေ သွားတက်နေတဲ့ စစ်ကောင်စီက သိနားလည်ဖို့လိုတယ်လို့ ဆိုပါတယ်။
အစည်းအဝေးတွေမှာ NUG အစိုးရနဲ့ဆက်ဆံရေးမလုပ်ဘဲ စစ်ကောင်စီနဲ့ပဲ ဆက်ဆံနေတာဟာ တရုတ်နဲ့ အာဆီယံက စစ်ကောင်စီကို အသိအမှတ်ပြုဖို့ ကြိုးစားတဲ့သဘောသက်ရောက်နေတယ်လို့ နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်ကလည်း သုံးသပ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အစိုးရနှစ်ရပ်စင်ပြိုင်ဖြစ်နေချိန်မှာ စစ်ကောင်စီကို အသိအမှတ်ပြုဖို့ကြိုးစားတဲ့ အစည်းအဝေးတွေဟာ မြန်မာပြည်သူတွေအတွက် ဘာအကျိုးစီးပွားမှမရှိနိုင်ဘူးလည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။
တရုတ်နိုင်ငံက မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေက ဝင်ရောက်ပတ်သက်တာကိုမနှစ်သက်တာဟာ သူ့ရဲ့လွှမ်းမိုးမှုကိုထိခိုက်တာကြောင့်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
အာဆီယံစတင်ဖွဲ့စည်း ကတည်းကချမှတ်ထားတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူအရ မြန်မာပြည်အရေးမှာလည်း သူတို့ပါဝင်စွက်ဖက်ဖို့ မဖြစ်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။
ဇွန်လ ၄ ရက်နေ့က အာဆီယံကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး စစ်ကောင်စီအကြမ်းဖက်အဖွဲ့ခေါင်းဆောင်နဲ့သာတွေ့ဆုံခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တွေ့ဆုံတာမရှိခဲ့တဲ့အတွက် ဝေဖန်တာတွေရှိခဲ့ပါတယ်။DVB
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို ဇွန်လ ၇ ရက် ညနေ ၄ နာရီက ပြင်ဦးလွင်လမ်းကနေ ပြန်လာတဲ့ လူငယ် ၆ ယောက်နဲ့ကားသမားတို့ကို မိုင်းလုံလမ်းခွဲ စစ်ဆေးရေးဂိတ်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားပါတယ်။
ကားသမားကိုတော့ ပြန်လွှတ်ပေးပြီး ခရီးသွားလူငယ် ၆ ယောက်ကိုတော့ အကြမ်းဖက်စစ်အုပ်စုက ဆက်လက်ဖမ်းဆီးထားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ မြို့ခံ တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ လူငယ်တွေက မိုးကုတ်မြို့မှာနေထိုင်သူတွေဖြစ်ပြီး ဖမ်းဆီးခံရတာကို ကားသမားလွတ်လာချိန် မိသားစုဝင်တွေကို ပြန်ပြောမှသိခဲ့ရပြီး ဖမ်းဆီးခံရတဲ့အကြောင်းရင်းကို မသိဘူးလို့ ဆိုပါတယ်။
ဖမ်းဆီးခံ လူငယ်တွေကို မိသားစုဝင်တွေက အဆက်သွယ်မရသလို ဘယ်ကိုဖမ်းသွားတယ်ဆိုတာလည်း မသိရသေးပါဘူး။
မိုးကုတ်မြို့အဝင်နေရာတွေမှာ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက နေရာ ၄ နေရာလောက်မှာ ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို မှတ်ပုံတင် စစ်ဆေးနေပါတယ်။DVB
ကချင်ပြည်နယ်၊ ရွှေကူမြို့အဝင် ကျောက်တလုံးကျေးရွာအနီးတဝိုက်မှာ ဇွန်လ ၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က အကြမ်းဖက်စစ်ကောင်စီ စစ်သားတွေ လိုက်ပါလာတဲ့ ‘ပဒိုင်း’သင်္ဘော ပစ်ခတ်တိုက်ခိုက်ခံရပါတယ်။
ကချင်ပြည်နယ်ထဲအဝင်မှာ အခုလို ပစ်ခတ်ခံရတာလို့ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးကပြောပါတယ်။
“နှစ်ဘက် အပြန်အလှန်ပစ်နေကြတာ။ လက်နက်ကြီးတွေရော ပါတယ်။ ဒေသခံ တော်တော်များများကတော့ ကြောက်လန့်ပြီး ပြေးနေကြတယ်” လို့ ပြောပါတယ်။
ရွှေကူမြို့နယ်ကိုဖြတ်ပြီး ကချင်ပြည်နယ်ထဲကို ဝင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သင်္ဘောတွေဟာ အမြဲတမ်းလိုလို ပစ်ခတ်တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။
အခုပစ်ခတ်ခံခဲ့ရတဲ့ သင်္ဘောဟာ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲက မိုးတားကျေးရွာ မြစ်ကမ်းဘေးမှာ ရေချိုးနေတဲ့ ပြည်သူတွေကို အကြောင်းမဲ့ သေနတ်နဲ့ ပစ်ခတ်သွားတဲ့ သင်္ဘာဖြစ်ပါတယ်။DVB
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်မှာ KTV ဆိုင်တစ်ဆိုင်ကို သွားရောက် မူးယစ်ရမ်းကားခြိမ်းခြောက်ကာ ဆိုင်ဖွင့်ခိုင်းခဲ့တဲ့ ရဲအရာရှိ ၅ ယောက်ကို စစ်တပ်က ဝိုင်း၀န်းရိုက်နှက်အရေးယူခဲ့ပါတယ်။
ဇွန်လ ၆ ရက်က ညမထွက်ရအမိန့်ကို ကျော်လွန်ပြီး ရဲအရာရှိ ၅ ယောက်က KTV ကို သွားရောက်ကာ မူးယစ်ရမ်းကားခဲ့တာလို့ ကျောက်မဲ ဒေသခံတွေထံက သိရပါတယ်။
စစ်တပ်ကရိုက်နှက်ခဲ့တဲ့ ရဲအရာရှိတွေကတော့ နောင်ချိုမြို့နယ်က ဒိုးပင်ရဲစခန်းက စခန်းမှူး၊ အမှုစစ်ဒုရဲအုပ်၊ နယ်ထိန်းခေါင်းဆောင်၊ ကျောက်မဲမြို့နယ် နောင်ပိန်ရဲစခန်းက စခန်းမှူးနဲ့ အမှုစစ်ဒုရဲအုပ်တို့ ဖြစ်ပါတယ်။
အဆိုပါ ရဲ ၅ ယောက်ကို ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။DVB
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ယဉ်ကျေးရွာမှာ ဇွန် ၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားနေတယ်လို့ ဒီပဲယင်း PDF က ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဖွဲ့ဝင် ၇၀ လောက်က မနက် ၇ နာရီဝန်းကျင်ကစပြီး ကျေးရွာအတွင်းကို ဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့ရာက တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး အခုနေ့လယ်အထိ နှစ်ဘက် အပြန်အလှန်ပစ်ခတ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ လောက်လိုက်ပါတဲ့ ကား ၃ စီးပါ ယာဉ်တန်းဟာ ယဉ်ကျေးရွာအနီး လမ်းမပေါ်မှာ မိုင်းခွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အကျအဆုံးမရှိဘူးလို့ ဆိုပါတယ်။DVB