မွန်ပြည်နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာထပ်တိုးလာသဖြင့် ကုသရေးဆေးရုံပြင်ဆင်

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ ထပ်တိုးလာတာကြောင့် မော်လမြိုင်က ကိုဗစ်ကုသရေးဆေးရုံတစ်ခု ဖြစ်တဲ့ Isolation 3 ကို ပြန်လည်ပြင်ဆင်နေပါတယ်။
မွန်ပြည်နယ်မှာတော့ ဖေဖော်ဝါရီ ၁ ရက် နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ကိုဗစ်အတည်ပြုလူနာတွေနဲ့ သံသယလူနာတွေကို စစ်ဆေးကုသတာတွေ ရပ်ဆိုင်းသွားခဲ့ရပါတယ်။
ဒါပေမဲ့ ကိုဗစ်သံသယလူနာတွေကို ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့စပြီး ပြန်လည်စစ်ဆေးတာတွေ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အခုအခါမှာတော့ ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှု တနေ့ထက် တနေ့ တိုးလာခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ကိုဗစ်အတည်ပြုလူနာတွေ ထပ်တိုးလာရင် ထားရှိဖို့အတွက် မော်လမြိုင်က ကိုဗစ်ကုသရေးဆေးရုံတစ်ခု ဖြစ်တဲ့ Isolation 3 ကို ပြန်လည်ပြင်ဆင်နေရပြီလို့ ကျန်းမာရေးဦးစီးဌာန အရာထမ်းတစ်ယောက်က ပြောပါတယ်။
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုအရ ကွာရန်တင်းစခန်းတွေမှာ စောင့်ကြည့်ထားတဲ့ နိုင်ငံရပ်ခြားက ပြန်လာသူတွေအပြင် ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ မော်လမြိုင်မြို့နယ်တွေမှာလည်း မြို့နယ်အတွင်း တကျော့ပြန် ကူးစက်မှုတွေ ရှိလာခဲ့တာပါ။
လက်ရှိမှာတော့ မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် စုစုပေါင်း အယောက် ၅၀ ထက်မနည်း ရှိလာခဲ့တာပါ။
ဒါကြောင့် ပြည်သူတွေအနေနဲ့ နေအိမ် အပြင်ထွက်တိုင်း Mask ပြန်တပ်ကြဖိုနဲ့ social distancing အရ ခပ်ခွာခွာ ပြန်နေပေးကြဖို့ မွန်ပြည်နယ်နေ ဆရာဝန်တစ်ဦးက ပြည်သူလူထုကို တိုက်တွန်းပြောပါတယ်။
မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ကာလတုန်းက ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို မော်လမြိုင်ကုသရေး ဆေးရုံ ၃ ခုနဲ့ သထုံမြို့နယ်က ဆေးရုံ ၁ ခုမှာ စောင့်ကြည့် ကုသပေးခဲ့တာပါ။ လက်ရှိမှာတော့ မွန်ပြည်နယ်က ကိုဗစ်အတည်ပြုလူနာတွေကို မော်လမြိုင်ရှိ တပ်မတော် ခုတင် ၃၀၀ ဆေးရုံမှာ စောင့်ကြည့်ကုသပေးနေပါတယ်။
မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိမှုအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာပေါင်း ၃၆၀၀ ကျော်အထိ ရှိခဲ့သလို အဲဒီထဲမှာ ၄၆ ဦး သေဆုံးထားပါတယ်။DVB