Monthly Archives: Jun 2021

လောင်းလုံးမြို့နယ်ကျေးရွာများ ပူးပေါင်းချီတက်၊ စစ်အာဏာရှင်ဖြုတ်ချရေး ချီတက်သပိတ်မှောက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းမှ ကညုံကျွန်း၊ ကထောင်းနီ၊ လေးသွန်းခံ ကျေးရွာမှ ကျောင်းသားပြည်သူများပူးပေါင်းပြီး ဇွန်လ ၁၂ ရက် ညနေက စစ်အာဏာရှင်ဖြုတ်ချရေး ချီတက်ကြွေးကြော်သပိတ်မှောက်ခဲ့ကြသည်။khit thit

သွေးကင်ဆာရောဂါခံစားနေရသည့် NLD ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်ကို ထောင်တွင်း ဆေးကုပေးနေဟု စစ်ကောင်စီပြော

မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေး ကောင်းမွန်နေပြီး အကျဉ်းထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားတယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇွန်လ ၁၂ ရက် ဒီနေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲမှာပြောပါတယ်။  

“မန္တလေး ဗဟိုအကျဉ်းထောင်မှာ ကျနော်တို့ ထိန်းသိမ်းထားရှိတဲ့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ အခြေအနေကတော့ သွေးကင်ဆာ၊ ဆီးချို၊ သွေးတိုးနဲ့ နှလုံး သွေကြောကျဉ်းရောဂါတွေ ရှိနေတယ်ဆိုတာကျနော်တို့ သိရပါတယ်။ ပြင်ပမှာကတည်းက ခံစားနေတာ ဖြစ်ပါတယ်။ အကျဉ်းထောင်မှာလည်း ကျန်းမာရေး ဆက်လက်ကုသခွင့် ပေးထားပါတယ်။ သွေးကင်ဆာအတွက် ဆေးကတော့ ကျနော်တို့ တစ်လကို နှစ်ကြိမ် ထိုးပေးတယ်၊ တစ်လကို တစ်ကြိမ် သွေးစစ်ပေးခြင်းနဲ့ ပြင်ပမှ အထူးကုဆရာဝန်တွေရဲ့ လမ်းညွှန်ချက်များအတိုင်း ဆေးကုသလျက်ရှိကြောင်းသိရပါတယ်။ နေ့စဉ် ပုံမှန် တစ်ရက် တစ်ကြိမ် အကျဉ်းထောင်အုပ်ကြီးက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိတယ်ရှိတယ်လို့ သိရှိရပါတယ်။”

ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ကျန်းမာရေး ဆေးကုသစရိတ်အနေနဲ့  အကျဉ်းထောင်ကနေ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီ အပြည့်အဝ ဆောင်ရွက် ပေးထားတယ်လို့လည်းဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါဝေဒနာခံစားနေရတာကြောင့် အဖမ်းမခံရခင်က ထိုင်းနိုင်ငံမှာ သွားရောက်ဆေးကုသမှုခံယူခဲ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ကို အကြမ်းဖက် စစ်အုပ်စုက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထားတာဖြစ်ပါတယ်။ 

တခြား ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကိုလည်း တပ်မတော်ရိပ်သာတွေမှာ   ထိန်းသိမ်းထားတယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ DVB

မြန်မာ-တရုတ်နယ်စပ်တွင် မြေငလျင်လှုပ်

ဇွန်လ ၁၂ ရက် ဒီနေ့ညနေ ၄ နာရီခွဲကျော်လောက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြေငလျင်စခန်းမှ အရှေ့တောင်ဘက်  မိုင် ၅၀ လောက်ကွာဝေးတဲ့ မြန်မာ- တရုတ်နယ်စပ်ဒေသမှာ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်ရှိ မြေငလျင်လှုပ်သွားတယ်လို့ မိုးဇလ ဌာနက သတင်းထုတ်ပါတယ်။ DVB

ပြည်သူများကို ကယ်ထုတ်ရင်း ကျဆုံးခဲ့သူ ဒုဗိုလ် ရှေးဖဲ

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်းမှ ပြည်သူများကို ဘေးလွတ်ရာသို့ ကယ်ထုတ်ရင်း ဒုဗိုလ် ရှေးရယ်( ရှေးဖဲ) ယမန်နေ့က ကျဆုံးခဲ့ရသည်။ ဇွန်လ ၁၁ရက်၊ မွန်းလွဲပိုင်းက ပြည်သူများကို ကယ်ထုတ်ရင်း ဒီးမော့ဆိုအရှေ့ခြမ်း ဦးတည်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တိုးကာ တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်သည်။

နေရာအတိအကျဆိုလျှင် ဒေါခူလီရွာ အရှေ့ဘက် (၂)မိုင်ခန့်တွင် ၃နာရီကျော်ကြာဖြစ်ပွားသည့် တိုက်ပွဲအတွင်း ကရင်နီပြည်သူများကို ကာကွယ်ရင်း ဒုဗိုလ် ရှေးဖဲ ကျဆုံးခဲ့ရခြင်းဖြစ်သည်။

ဒုဗိုလ် ရှေးဖဲသည် ဒီးမော့ဆိုအရှေ့ခြမ်းဇာတိဖြစ်ပြီး ကရင်နီတပ်မတော်သို့ ၂၀၁၃ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး အခြေခံစစ်ပညာ၊ အရာရှိသင်တန်း၊ စွမ်းရည်မြှင့်သင်တန်းများ တက်ရောက်ခဲ့သူဖြစ်သည်။

ကရင်နီတပ်မတော် အမှတ်(၂)တပ်ရင်း၊ တပ်ခွဲ(၂)တွင် တာဝန်ထမ်းနေသူဖြစ်ပြီး လတ်တလော ကရင်နီပြည် တိုက်ပွဲပြင်းထန်နေချိန် ပြည်သူများကို ဘေးလွတ်ရာသို့ ကယ်ထုတ်ရေး တာဝန်ယူရသူဖြစ်သည်။

ဒု-ဗိုလ်ရှေးဖဲမကျဆုံးမီအထိ ၎င်းအနေနှင့် တိုက်ပွဲအတွင်း တာဝန်ထမ်းဆောင်နေစဉ် စစ်ဘေးရှောင်ကရင်နီပြည်သူ (၁၀၀) ကျော်ကိုဘေးကင်းလုံခြုံရာ နေရာသို့ပို့ဆောင်နိုင်ခဲ့သည်။ ဒီးမော့ဆိုသို့တာဝန်ဖြင့် ပြန်ရောက်လာသည်မှာ ရက်ပိုင်းသာရှိပြီး ကျဆုံးချိန်တွင် အသက် (၃၀) နှစ်ရှိပြီး ဇနီးသည်နှင့် ရင်သွေးငယ် သားတစ်ဦး ကျန်ရစ်ခဲ့ကြောင်း ကရင်နီပြည် လူငယ်သမဂ္ဂက ဖော်ပြသည်။khit thit

အမ်းမြို့နယ်တွင် အေအေနှင့်ဆက်နွှယ် ဖမ်းဆီးတရားစွဲခံရသူ ၄ ဦး ပြန်လွတ်လာ

ရခိုင်ပြည်နယ်မှာ  အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး  သံသယနဲ့ဖမ်းဆီး တရားစွဲဆိုခံရသူ  ၄ ဦးရဲ့ အမှုကို စစ်တပ်က  ပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက် ဇွန်လ ၁၁ ရက်နေ့မှာ အမ်းမြို့နယ်တရားရုံးက ပြန်လွှတ်ပေးလိုက်ပါတယ်။

ပြန်လွတ်လာတဲ့သူတွေက ကိုကျော်စိုးဝင်း၊ ကိုမောင်ကျော်၊ ကိုအောင်သိန်းထွန်းနဲ့ ကိုအောင်မိုးထွန်းတို့ဖြစ်ကြပြီး သူတို့အမှု တစ်နှစ်ခွဲလောက်ကြာမှာ ပြန်လွတ်လာတာလို့ အခမဲ့လိုက်ပါအကျိုးဆောင်ပေးနေတဲ့ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ  ရှေ့နေတစ်ယောက်က ပြောပါတယ်။ 

“မနေ့က အမ်းမြို့နယ်တရားရုံးက အကြမ်းဖက်ဥပဒေနဲ့ တရားစွဲထားတဲ့ ၄ ဦးကို ပြန်လွှတ်ပေးလိုက်တယ်။ သူတို့ရဲ့အမှုတွေကို ပြန်ရုပ်သိမ်းပေးလိုက်တာပေါ့။ သူတို့ ၄ ယောက်ထဲက ၃ ယောက်ကတော့ စွဲချက်မတင်မီ တရားရှင်လွှတ်ပေးလိုက်တယ်။ ကျန် ၁ ယောက်ကတော့ စွဲချက်တင်ပြီးမှ တရားသေပြန်လွှတ်ပေးလိုက်တယ်”။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့အကြား  ၂ နှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကာလမှာ  အေအေနဲ့ ဆက်နွှယ်သံသယနဲ့ စစ်တပ်က ဖမ်းဆီးအမှုဖွင့်ခဲ့သူပေါင်း  ၂၀၀ ကျော်ထိရှိကာ တချို့ကိုတော့ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။DVB

စစ်အာဏာရှင်ဖြုတ်ချရေး သင်းကျွန်းကျေးရွာပြည်သူများ ချီတက်ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာမှ ကျောင်းသားပြည်သူများသည် ဇွန်လ ၁၂ ရက် ညနေက စစ်အာဏာရှင်ဖြုတ်ချရေး သပိတ်စစ်ကြောင်း ချီတက်ခဲ့ပြီး အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ကာ ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။khit thit

ရန်ကုန်တိုင်းအတွင်း သေဆုံးအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက ကျပ်ငါးသိန်းစီထောက်ပံ့

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် အုပ်ချုပ်ရေးမှူးများအတွက် အာဏာသိမ်းစစ်ကောင်စီက တစ်ဦးလျှင် ကျပ်ငါးသိန်းစီ သတ်မှတ်ကာ ကျန်ရစ်သူမိသားစုများထံ ပေးအပ်ခဲ့ကြောင်း ယနေ့ (ဇွန် ၁၂) ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ကြံသတ်ဖြတ်ခံရမှု ခပ်စိပ်စပ်ဖြစ်လာပြီးနောက် ရန်ကုန်တိုင်းအတွင်း ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ယမန်နေ့တွင် တွေ့ဆုံခဲ့ပြီး အသတ်ခံရသူအုပ်ချုပ်ရေးမှူးများအတွက် ထိုသို့ ကျပ်ငါးသိန်းစီ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းအတွင်း လုပ်ကြံသတ်ဖြတ်ခံရသဖြင့် ငွေကျပ်ငါးသိန်းစီ လက်ခံရရှိခဲ့သူ အုပ်ချုပ်ရေးမှူး ၇ ဦးအထိရှိသည်။ ရန်ကုန်တိုင်းတွင် ရပ်ကွက်ပေါင်း ၇၄၃ ခုရှိပြီး ကျေးရွာအုပ်စု ၆၂၁ ခုထိရှိထားသော်လည်း စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံပွဲ တက်ရောက်လာသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးရေမှာ ရာဂဏန်းပင် မပြည့်သည်ကို မြဝတီရုပ်မြင်သံကြားသတင်းတွင် တွေ့ရသည်။

ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် လုံခြုံရေးကိစ္စများကိုသာ အဓိကဆွေးနွေးခဲ့ကြောင်း သိရှိရသည်။“ဘာမှ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြဖို့နဲ့ ရပ်ကွက်ရုံးလုံခြုံရေး လုံလုံလောက်ချထားပေးမယ် ဆိုတာမျိုးလောက်ပါဘဲ” ဟု ထိုတွေ့ဆုံပွဲကို တက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။

လုပ်ကြံသတ်ဖြတ်ခံရသည့် အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက ထောက်ပံ့ကြေး ကျပ်ငါးသိန်းပေးအပ်မှုအပေါ် မေးမြန်းရာတွင် မပြောလိုကြောင်း အုပ်ချုပ်ရေးမှူးတချို့က ဆိုသည်။

၎င်းတို့အနေဖြင့် ရပ်ကွက်နေပြည်သူနှင့် အဆင်ပြေအောင် နေထိုင်နေရသဖြင့် အချို့ရပ်ကွက်များတွင် စစ်ကောင်စီ၏ အမိန့်ညွန်ကြားချက်များအတိုင်း အကောင်အထည်မဖော်နိုင်ကြောင်း အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။ဇွန် ၈ ရက်က သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံခဲ့ရသူ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်မှာ တပ်ထောက်ခံသူတစ်ဦးဖြစ်ကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“သူလုပ်သွားတဲ့ နှစ်လလောက်မှာတော့ ရပ်ကွက်အတွက် ဘာမှ ထူးထူးခြားခြား မတွေ့ရပါဘူး။ ဒီ အုပ်ချုပ်ရေးမှူးလုပ်တယ်ဆိုတာကလည်း သူ့အကျိုးစီးပွားရလို့ အချောင်ရလို့ လုပ်တာနေမယ်။ ပြီးတော့ သူက ဒီရပ်ကွက်သားလည်း မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။ဒေါ်စိုးစိုးလွင်သည် ကျားကွက်သစ်ရပ်ကွက်အတွင်း၌ လူနေအဆောင်ဖွင့်၍ စီးပွားရေးလုပ်ကိုင်သူဖြစ်ကာ သေနတ်ဖြင့် လုပ်ကြံမခံရမီ ရက်ပိုင်းအလိုက ၎င်းပိုင်တိုက်ခန်းအရှေ့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

လမ်းမတော်မြို့နယ် အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်နှင့် ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းရီဆိုသူတို့လည်း သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရကာ လှိုင်သာယာမြို့နယ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းမှာမူ ဓါးထိုးခံရပြီး သေဆုံးခဲ့သည်။

ဇွန် ၁ ရက်နေ့ကလည်း ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းလင်းဇော် ကားပေါ်၌ပင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

၎င်းမှာ ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်းဖြစ်သကဲ့သို့ လက်ရှိတွင် စစ်အာဏာသိမ်းမှုကိုထောက်ခံသော PPP ပြည်သူ့ရှေ့ဆောင်ပါတီဝင်လည်းဖြစ်သည်။

၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးလျှင် တစ်လ ကျပ်ခုနစ်သောင်းကျပ်နှုန်း လစာခံစားခွင့်ရှိသည့်အပြင် သက်တမ်းအပြည် (၅)နှစ် တာဝန်ထမ်းဆောင်ပါက တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ ထပ်မံရရှိမည်ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တပ်ထောက်ခံသူအချို့သည် ရပ်ကျေးအုပ်ချုပ်ရေးမှူးဖြစ်လာသော်လည်း ရပ်ကွက်နေပြည်သူများက နည်းမျိုးစုံဖြင့် ဆန့်ကျင်နေ၍ အာဏာသိမ်းပြီး သုံးလကြာအထိ ၎င်းတို့အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်သေးကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောကြားထားသည်။myanmar now

ထီးချိုင့်မြို့နယ်၊ မြတောင်ရွာမှ ကျောင်းသားပြည်သူများ စစ်အာဏာရှင် ဖြုတ်ချရေး ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မြတောင်ရွာမှ မိဘ၊ ဆရာ၊ ကျောင်းသား/သူများ၏အသံမတိတ် အလံမလိပ် စစ်အာဏာရှင်ဖြုတ်ချရေးသပိတ်စစ်ကြောင်း ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် မိုးရေထဲ ကြွေးကြော်ချီတက်ဆန္ဒပြခဲ့ကြသည်။khit thit

မော်လမြိုင်တော်လှန်ရေးတပ်ဖွဲ့ ဖွဲ့စည်း

အာဏာသိမ်း စစ်ကောင်စီနဲ့ လက်ပါးစေတွေရဲ့ ဘေးရန်ကနေ ပြည်သူကို ကာကွယ်ဖို့အတွက် မော်လမြိုင်တော်လှန်ရေးတပ်ဖွဲ့ကို  ဖွဲ့စည်းလိုက်ကြောင်း ဇွန်လ ၁၂ ရက်မှာ ကြေညာလိုက်တာပါ။

မော်လမြိုင်တော်လှန်ရေးတပ်ဖွဲ့ဟာ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မော်လမြိုင် လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

မော်လမြိုင်တော်လှန်ရေးတပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လမ်းညွှန်ချက်နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲ့ ကာကွယ်ရေးဆိုင်ရာ မူဝါဒအတိုင်း လိုက်နာသွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဒါအပြင်အပြစ်မဲ့ ပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေကို အာဏာသိမ်း စစ်ကောင်စီနဲ့ လက်ပါးစေတွေ ကျူးလွန်နေတဲ့ လုပ်ရပ်တွေကို ရရာနည်းလမ်းနဲ့ ကာကွယ်တိုက်ခိုက်သွားမယ်လို့ ကြေညာထားပါတယ်။

မော်လမြိုင်မှာတော့ မြို့ခံ ပြည်သူ့ကာကွယ်ရေး  PDF တပ်ဖွဲ့၊ အခု မော်လမြိုင်တော်လှန်ရေးတပ်ဖွဲ့ အပါအဝင်တပ်ဖွဲ့ ၂ ခု ရှိလာပြီ ဖြစ်ပါတယ်။DVB

« Older Entries