Monthly Archives: Jun 2021

ကြံ့ခိုင်ရေးပါတီကို အကြမ်းဖက်အုပ်စုဝင်အဖြစ်သတ်မှတ်တိုက်ခိုက်မည်ဟု မင်းကင်း PDFကြေညာ

လူသတ်အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ငန်းတွေမှာ ကြံ့ခိုင်ရေးပါတီဝင်တွေ ပြောင်ပြောင်တင်းတင်း ပါဝင်နေကြတဲ့အတွက် ကြံ့ခိုင်ရေးပါတီကို အကြမ်းဖက်အုပ်စုဝင်အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်သွားမယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၁၂ရက်မှာ ကြေညာပါတယ်။DVB

မြန်မာ စစ်အာဏာရှင် ဖြုတ်ချ​ရေး ကမ္ဘာလုံးဆိုင်ရာ ​နွေဦး​တော်လှန်​ရေး သပိတ် ပြင်သစ်နိုင်ငံရောက် မြန်မာများ ပါဝင်

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ပြင်သစ်ရောက်မြန်မာများအဖွဲ့ (La Communauté Birmane de France) ဦးစီးပြီး မြန်မာပြည်သူများ၊ တိုင်းရင်းသားများ၊ ပြင်သစ်များနှင့်ပြင်သစ်မီဒီယာသမားတချို့ တက်ရောက်ခဲ့ကြပါတယ်။ဆန္ဒထုတ်ဖော်ပွဲမှာ တိုင်းရင်းသားများ၏ရင်တွင်းစကားပြောကြားခြင်း နှင့် NUG ဝန်ကြီးများအကြောင်းကို သရုပ်ဖော်တင်ပြခြင်းများ အဓိကပါဝင်ခဲ့ပါတယ်။khit thit

လွိုင်​ကော်တွင် စစ်​ဘေး​ရှောင်အတွက် ပစ္စည်း လာသယ် ယူသူ လူငယ် ၂ ဦးကို အကြမ်းဖက်စစ်​ကောင်စီက ဖမ်းဆီး

ကယားပြည်နယ်၊ လွိုင်​ကော် အ​ဝေး​ပြေး ကားဂိတ်တွင် စစ်​ဘေး​ရှောင်များအတွက်ပစ္စည်းများကို လာ​ရောက် သယ်ယူသူ လူငယ် ၂ ဦးကို အကြမ်းဖက် စစ်​ကောင်စီက ဖမ်းဆီးသွား​ကြောင်း ​သိရှိရသည်။ဇွန်လ ၁၂ ရက်​နေ့ နံနက် ၈နာရီဝန်းကျင်တွင် စစ်ဘေးရှောင်တွေအတွက် လွိုင်ကော်အဝေးပြေးကားဂိတ်သို့ အလှူရှင်များက ပေးပို့လာသောပစ္စည်းများကိုသွားယူစဥ် ကိုသက်မှုးအောင်နှင့်ကိုမင်းဦးတို့ ၂ ဦးကို အကြမ်းဖက် စစ်​ကောင်စီက ဖမ်းဆီးသွားခြင်း ဖြစ်​ကြောင်း PKPF က သတင်းထုတ်ပြန်သည်။khit thit

ယောကျ်ားဆန်ဆန် တိုက်ခိုက်ရန် စစ်ကောင်စီကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် သတိပေး

စစ်ရေးဥပဒေများကိုလိုက်နာပြီး သတ္တိရှိရှိ၊ ယောကျ်ားဆန်ဆန် တိုက်ခိုက်ရန် အကြမ်းဖက် စစ်ကောင်စီကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MPDF) က ယနေ့ ထုတ်ပြန်သတိပေးသည်။

ဇွန်လ ၇ရက်က စစ်ကောင်စီအနေနှင့် စစ်ဘေးရှောင်များရှိရာ တောင်ကြားအထိ ထိုးစစ်ဆင်ပြီး စစ်ရှောင်များ၏ ရိက္ခာ၊ ဆေးဝါး၊ လူနာတင်ကားကို မီးရှို့ဖျက်ဆီးခဲ့၍ ယင်းသို့ သတိပေးခြင်းဖြစ်သည်။

ယင်းသို့ အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရိက္ခာနှင့်ဆေးဝါး စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၅၀ဖိုးကျော်နှင့် လူနာတင်ကားတစ်စီးပါ ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

ယင်းနေ့က မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်နှင့် အကြမ်းဖက်စစ်ကောင်စီတို့ မိုးဗြဲ လွယ်ယင်းတောင်တစ်ဝိုက်တွင် တစ်နေကုန်နီးပါးတိုက်ပွဲပြင်းထန်ခဲ့ကြောင်း MPDF က ဖော်ပြသည်။

လူ၊ လက်နက်ကြီးအင်အားအဆမတန်သုံးစွဲပစ်ခတ်သောကြောင့် ညနေ ၅နာရီခန့်တွင် MPDF က လွယ်ယင်းတောင်ခြေမှ ယာယီတပ်ဆုတ်ပေးခဲ့ရပြီး MPDF မှ ရဲဘော်သုံးဦး လက်နက်ကြီးထိမှန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ အကျအဆုံးများရှိသော်လည်း ခန့်မှန်းနိုင်ခြင်းမရှိကြောင်းနှင့် ၁၀နာရီခန့်ကြာ တိုက်ပွဲပြင်းထန်ပြီးနောက် MPDF က လွယ်ယင်းတောင်ကို စွန့်လွှတ်ခဲ့ရသည်။ ထို့နောက် စစ်ကောင်စီစစ်သားများက စစ်ဘေးရှောင်များရှိရာ တောင်ကြားအထိ ထိုးစစ်ဆင်ခဲ့၍ စစ်ဘေးရှောင်များ အရေးပေါ် ထပ်မံပြောင်းရွှေ့ခံရကြောင်း MPDF က ဖော်ပြသည်။khit thit

ခင်ဦးမြို့နယ် စည်ပင်ရုံး ဗုံးပစ်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ ဇွန်လ ၁၃ ရက် နေ့လယ် ၁၂  နာရီလောက်က  မြို့နယ်စည်ပင်သာယာရုံးအတွင်းကို ဆိုင်ကယ်စီးလူနှစ်ဦးက ဗုံးနဲ့ပစ်ပေါက်သွားလို့ ပေါက်ကွဲမှုဖြစ်ပြီး ရုံး အုတ်နံရံအက်ကွဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ စည်ပင်သာယာရေးကော်မတီဟာ စည်းကြပ်ခွန်၊ လိုင်စင် စတဲ့ အခွန်အမျိုးမျိုးကို အတင်းအကျပ် ကောက်ခံနေတဲ့အပြင်၊ လိုင်စင်မဲ့ သားသတ်တာတွေကိုလည်း အတင်းအဓမ္မလိုက်လံဖမ်းဆီးပြီး အဆမတန်ဒဏ်ငွေရိုက်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စည်ပင်ရုံးပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက်ကိုင် စစ်တပ်နဲ့ရဲတွေ ရောက်လာပြီး စစ်ဆေးနေပါတယ်။DVB

EAOs အချို့ မိုင်းထောင်ဖောက်ခွဲရေးလုပ်ရန် သင်ကြားပေးနေဟု စစ်ကောင်စီ စွပ်စွဲ

မြန်မာနိုင်ငံတွင်းမှာ စာသင်ကျောင်းတွေအပါအဝင် အများပိုင်အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ မိုင်းထောင် ဖောက်ခွဲရေးတွေလုပ်ဖို့ တိုင်းရင်းသားလက်နက်ကိုင် (EAOs) အဖွဲ့ တချို့က အတိုက်အခံတွေကို လေ့ကျင့်သင်ကြားပေးနေတယ်လို့ စစ်ကောင်စီက  စွပ်စွဲပြောကြားလိုက်ပါတယ်။

မြန်မာအကြမ်းဖက်စစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က  နိုင်ငံတော်အာဏာကို မတရား သိမ်းယူပြီးနောက် ခုချိန်အထိ အုပ်ချုပ်ရေးအာဏာတည်စေဖို့ ရုန်းကန်နေရပြီး ဗုံးပေါက်ကွဲမှုတွေကလည်း နေ့စဉ်လိုလို ဖြစ်နေတာပါ။

သင်တန်းပေးခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဖြစ်တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဇွန်လ ၁၂ ရက် ကနေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲပြောဆိုသွားတာပါ။

“EAOs  အဖွဲ့တချို့အနေနဲ့ ၄င်းတို့ သင်ကြားပေးလိုက်တဲ့ မိုင်းဖောက် မိုင်းခွဲ သင်ခန်းစာတွေကို သုံးပြီး စာသင်ကျောင်းတွေ၊ အများပိုင်၊ ပြည်သူပိုင် အဆောက်အအုံတွေကို ဖောက်ခွဲဖျက်ဆီးနေကြတယ်ဆိုတာ သိရှိဖို့လိုပါတယ်။ အဖွဲ့အားလုံးမဟုတ်ဘဲ အဖွဲ့အချို့ထဲကမှ တပ်မဟာ သို့မဟုတ် တပ်ရင်းအဆင့်တချို့ဟာ ဒီအကြမ်းဖက်အားပေးတဲ့ လုပ်ရပ်တွေကို လုပ်နေကြကြောင်း ကျနော်တို့ အသိပေးလိုပါတယ်”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကနေ လေ့ကျင့်သင်ကြားပေးထားသူတွေနဲ့  လက်နက်ပစ္စည်းကိရိယာတွေကို ဖမ်းဆီးရမိတာကနေ  ဒီသတင်းအချက်အလက်တွေကို ရရှိတာလို့လည်း စစ်ကောင်စီကပြောပါတယ်။

ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ ပြန်လည် တုံ့ပြန်ကြေညာတာ မရှိသေးပါဘူး။DVB

တောင်တွင်းကြီးမြို့ပညာရေးဌာနတွင် CDM ပညာ​ရေးဝန်ထမ်း​နေရာ အစားထိုးရန် စစ်​ကောင်စီကြိုးပမ်း

တောင်တွင်းကြီးမြို့၊ မြို့နယ်ပညာရေးမှူးရုံးမှာ ရာထူးတိုး၊ ရာထူးပြောင်းရွှေ့ နေရာ ခေါ်ယူနေသည့်အတွက် လျှောက်ထားသူများပြားလျှက်ရှိကြောင်း သိရပါတယ်။

”ပြီးခဲ့တဲ့နှစ်တွေကဆိုရင် ဒီဇင်ဘာလမှခေါ်တာ အခုနှစ်ကစောတယ်။ CDM မှာပါလို့ အလုပ်ထုတ်ခံရတဲ့သူတွေနေရာမှာ အစားထိုးဖို့ စစ်ကောင်စီက ကြိုးစားနေတာပေါ့။

လျှောက်တဲ့သူတွေကလည်း အငမ်းမရ လျှောက်ကြတာ တော်တော်များတယ်။ စစ်အာဏာရှင်ရဲ့စနစ်အောက်မှာ အလုပ်မလုပ်ချင်လို့ CDM မှာပါပြီး အလုပ်ထုတ်ခံရတဲ့သူတွေကိုမှ အားမနာဗျာ။ ရှက်ဖို့ကောင်းတယ်” လို့ အလုပ်ထုတ်ခံရတဲ့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

CDM မှာပါဝင်တဲ့ ဆရာမတစ်ဦးကလည်း ”ငကန်းသေ ငစွေပေါ်လိမ့်မယ်လို့ ပညာရေးမှူးကပြောလို့များ ငမ်းငမ်းတက်လျှောက်နေကြတာလားမသိဘူး။ အဲ့လိုလူမျိုးတွေရှိလို့လည်း စစ်ကျွန်သက်ရှည်နေတာ” လို့ ပြောပါတယ်။

မြို့နယ်ပညာရေးမှူးရုံးရဲ့မှထုတ်ပြန်တဲ့ စာရင်းများအရ တောင်တွင်းကြီးမြို့မှာ စာသင်ကျောင်းပေါင်း ၂၅၂ ကျောင်းနှင့် ပညာရေးဝန်ထမ်းပေါင်း ၂၄၀၀ ကျော်ရှိပြီး အာဏာဖီဆန် (CDM) လှုပ်ရှားမှုမှာပါဝင်တဲ့အတွက် အလုပ်ထုတ်ခံရသူ ၃၉၅ ဦးရှိကြောင်းသိရပါတယ်။khit thit

သထုံအမတ်နှင့် ခင်ပွန်းတို့ကို အကြမ်းဖက်စစ်အုပ်စုက ပုဒ်မ ၅၀၅ (က) ဖြင့် စွဲချက်တင်

မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သထုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ သူ့ရဲ့ခင်ပွန်းတို့ကို သထုံမြို့နယ် တရားရုံးက ပုဒ်မ ၅၀၅(က) နဲ့ စွဲချက်တင်လိုက်တယ်လို့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်းပွန်ဖြစ်သူ သထုံမြို့နယ် အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ထွန်းတို့ကို ဝန်ထမ်းတွေ CDM မှာ ပါဝင်ဖို့ လှုံ့ဆော်တာ၊ စစ်အာဏာရှင်ဆန္ဒပြပွဲ ဦးဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဇွန်လ ၁၁ ရက်နေ့မှာ စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။

ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းတို့ကို  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က စစ်ကောင်စီတပ်တွေက နေအိမ်မှာ လာရောက် ဖမ်းဆီးသွားပြီးနောက် ကျိုက်မရောအကျဉ်းထောင်မှာ ထိန်းသိမ်းခံနေရစဉ် တရားရင်ဆိုင်နေရတာပါ။ လက်ရှိမှာတော့ သူတို့ နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။

မိဘနှစ်ပါးလုံး  ပုဒ်မ ၅၀၅ (က) နဲ့ စွဲချက်တင်ခံရတဲ့အတွက် အမှုအတွက် တရားခံပြ သက်သေတွေ တင်သွင်းသွားမယ်လို့ သမီးဖြစ်သူ   မစုနိုဗယ်ထွန်းက ပြောပါတယ်။DVB

« Older Entries