Monthly Archives: Jun 2021

ဒီပဲယင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး PDF ၁ ဦးကျဆုံး၊ ရွာသားများ ထွက်ပြေးတိမ်းရှောင်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ  အကြမ်းဖက်စစ်တပ်နဲ့ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ် PDF တို့နဲ့ ဇွန်လ ၁၅ ရက် နေ့လယ်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲမှာ PDF အဖွဲ့က  တစ်ဦးကျဆုံး၊  ၁ ဦးဒဏ်ရာရပြီး  ၃ ဦး ဖမ်းဆီးခံရတယ်လို့  ဒီပဲယင်း PDF က ထုတ်ပြန်ပါတယ်။

ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာနဲ့ မူးခတွင်း ကျေးရွာတို့မှာ ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က အကြမ်းဖက်စစ်တပ်က စစ်ကား ၅ စီးနဲ့ရောက်လာပြီး သေနတ် ၁၀ ချက်ထက်မနည်း ပစ်ခတ်နေလို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ညောင်လှရွာမှာ စစ်ကား ၇ စီးနဲ့ မူးခတွင်းရွာမှာ စစ်ကား ၅ စီးတို့က ပစ်ခတ်ခဲ့တဲ့အပြင်  လမ်းသွားလမ်းလာတချို့ကို ဖမ်းဆီးနေတာ မြင်တွေ့ခဲ့ရတယ်လို့ ရွာခံတွေကပြောပါတယ်။ 

“အကြမ်းဖက်စစ်တပ်ပစ်ခတ်မှုကြောင့် ကျေးရွာပေါင်း ၆ ရွာက လူတွေ ထွက်ပြေးနေရတယ်။ အဲဒီရွာတွေက မူးခတွင်း၊ လက်ယက်ကုန်း၊ ညောင်ကြီးကုန်း၊ မဲအိုး၊ ညောင်လှ၊ မရကန်၊ ကုန်းတဲမြင်းတန့်ကျေး၊ တိုင်နက်ရွာတို့ လူဦးရေ ထောင်ကျော်လောက် ထွက်ပြေးနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဒေသခံရွာသား ၇ ဦးကိုလည်း အကြမ်းဖက်စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ညောင်လှရွာ  လူနေအိမ်တွေအတွင်း ဝင်ပြီး PSI စလောင်းတွေ ဖြုတ်ယူသွားသလို ရွာအဝင်ဆန်စက်အတွင်းက ဆန်အိတ်တွေ တင်သွားကြပြီး ရွာအတွင်းကုန်စုံဆိုင်က စားသောက်ကုန်နဲ့ ပစ္စည်းပစ္စယ တွေကိုလည်း အားလုံး ကားနဲ့တင်ပြီးယူသွားကြတယ်လို့ ရွာခံတွေက ပြောပါတယ်။

ဇွန်လ ၁၅ ရက် မနေ့က ဒီပဲယင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ယောက်သေ၊ ၅ ယောက် ဒဏ်ရာရတယ်လို့ ဒီပဲယင်း PDF က ထုတ်ပြန်ထားပါတယ်။DVB

မြိုင်မြို့နယ် မြောက်ပိုင်းဇုန် သပိတ်စစ်ကြောင်း

မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထု ပူးပေါင်းကာ ယနေ့ ဇွန်လ ၁၅ရက်နေ့ ညနေပိုင်းတွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။khit thit

ကန်ကြီးထောင့်တွင် စည်ပင်ကော်မတီဥက္ကဋ္ဌ အိမ်အနီး ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့မှာ  ဇွန်လ ၁၅ ရက် ညပိုင်းက မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌ  နေအိမ်အနီး ဗုံးပေါက်ကွဲခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီကခန့်အပ်ထားတဲ့ စည်ပင်ကော်မတီဥက္ကဋ္ဌ  ဦးလှမြင့်ရဲ့ ကမ်းနားလမ်းက နေအိမ်ဘေးမှာ ညနေ ၆ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ဗုံးပေါက်တာကဟုတ်တယ်။ မိုးတွေတအားရွာနေတဲ့အချိန်ဆိုတော့ အသံသိပ်မကြားကြတာ ထိခိုက်မှုတော့ မရှိဘူးလို့ ကြားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေရောက်ရှိလာပြီ စစ်ဆေးနေပါတယ်။

စည်ပင်ကော်မတီဥက္ကဋ္ဌ  ဦးလှမြင့်ဟာ ကန်ကြီးထောင့်က CDM ဝန်ထမ်းတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးဖို့ အကြမ်းဖက်စစ်ကောင်စီကို သတင်းပေးနေသလို ကိုယ်တိုင်ပါဝင်ဖမ်းဆီးတာတွေကြောင့် ခုလို သတိပေး ဗုံးခွဲတာဖြစ်နိုင်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။DVB

” ဖက်ဆစ်စစ်တပ် အမြစ်ဖြတ် ” အာဏာရှင်တော်လှန်ရေး ဆန္ဒပြသပိတ်စစ်ကြောင်း

စစ်ကိုင်း၊ ဆားလင်းကြီးမြို့နယ် ဖောင်းကားကျေးရွာ ပြည်သူများက ” ဖက်ဆစ်စစ်တပ် အမြစ်ဖြတ် ” ဆိုပြီး ကြွေးကြော်သံများနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။khit thit

တိုက်ပွဲကြောင့် ချင်းပြည်နယ်မှ လူပေါင်း ၁၈,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ဟု ကုလထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်မှာ  ဒေသခံ လူပေါင်း ၁၈,၀၀၀ လောက်ဟာ နေရပ်စွန့် ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA)က ထုတ်ပြန်ပါတယ်။

စစ်ဘေးရှောင်ဒေသခံတွေဟာ ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ ဟားခါး၊ မတူပီ၊ ထန်တလန်မြို့တွေနဲ့ မကွေးတိုင်း ဆောမြို့က ယာယီစခန်း ၇၄ ခုမှာ နေထိုင်နေကြရကြောင်းနဲ့ သူတို့ဟာ ချင်းပြည်နယ်မှာ မေ ၁၂ ရက်ကတည်းကနဲ့ မကွေးတိုင်းမှာ ဇွန် ၆ ရက်နေ့ကတည်းက နေရပ်ရွှေ့ပြောင်းနေထိုင်ခဲ့ကြရတာလို့ ဆို ပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုတွေကြောင့် မေ ၁၂ ရက်ကတည်းက လူထောင်ပေါင်းများစွာလည်း တောတောင်တွေထဲကို ထွက်ပြေးသွားကြပြီ ဖြစ်ပါတယ်။

ချင်းပြည်နယ် တချို့နေရာတွေက လုံခြုံရေးအခြေအနေတွေဟာ စိုးရိမ်စရာ ဖြစ်နေပြီး ကန်ပက်လက်၊ မင်းတပ်၊ မတူပီနဲ့ ထန်တလန်မြို့နယ်တွေအပြင် နယ်နမိတ်ချင်း ဆက်စပ်နေတဲ့ မကွေးတိုင်းက မြို့နယ်တချို့မှာလည်း အကြမ်းဖက်စစ်ကောင် စီတပ်တွေနဲ့ ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF)ကြားက တိုက်ပွဲတွေပုံမှန် ဖြစ်နေတယ်လို့လည်း UNOCHA က ဆိုပါတယ်။

ဒေသခံမိတ်ဖက်တွေအဆိုအရ တိုက်ပွဲတွေကြောင့် ဇွန် ၁၁ ရက်နေ့မှာ ထန်တလန် မြို့က ခန့်မှန်းခြေလူပေါင်း ၈၂၀ လောက်ဟာ အနီးအနားက တောတောင်တွေဆီကို ထွက်ပြေးတိမ်းရှောင်သွားပြီး သူတို့ဆီ အကူအညီတွေ အမြန်ဆုံးရောက်ရှိဖို့ လိုအပ် နေတာပါ။

လတ်တလောမှာတော့ လူသားချင်းစာနာမှု ဆောင်ရွက်သူမိတ်ဖက်တွေအနေနဲ့ ထွက်ပြေးသွားသူတွေ၊ အကြမ်းဖက်ဒဏ်ခံစားရသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးဖို့ ကြိုးပမ်းနေပေမယ့်  သွားလာမှုဆိုင်ရာစိန်ခေါ်မှုတွေက အကူအညီ‌ပေးရေးအတွက် အနှောင့်အယှက်‌ဖြစ်နေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာပြေးရသူလူဦးရေ ၉,၈၅၀ ဟာ ချင်းပြည်နယ်ပလက်ဝမြို့က ယာယီစခန်း ၂၇ ခုမှာ အခုချိန်အထိ နေထိုင်နေရဆဲ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။DVB

စစ်ကောင်စီကို ချေမှုန်းနိုင်ရေး ဆောင်ရွက်နေသော်လည်း အကုန်ချပြ၍ မရသဖြင့် ပြည်သူက အားမရဖြစ်နေဟု NUG ဝန်ကြီးချုပ်ပြော

အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်နေသော် လည်း ပြည်သူများကို အကုန်ချပြ၍ မရသဖြင့် ပြည်သူများအားမလို အားမရဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

ယနေ့ ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၁၀/၂၀၂၁)တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ပြည်ထောင်စု ဝန်ကြီးချုပ်က မနက်ဖြန်ဆိုလျှင် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ရဲ့သက်တမ်းဟာ ၂ လပြည့်ပြီဖြစ်ကြောင်း၊ ၂ လ အတွင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကြိုးစားဆောင်ရွက်နေကြသော်လည်း ပြည်သူများ နေ့စဉ်ခံစားနေရတဲ့ဒုက္ခများက ကြီးမားလွန်း၍ အစိုးရအဖွဲ့အနေဖြင့် လုပ်ဆောင်ချက်များကို ယခုထက်ပို၍ မြန်မြန်ဆန်ဆန် ရလဒ်များထွက်အောင်လုပ်ဆောင်စေချင်ကြောင်း၊ တချို့ကိစ္စများတွင် NUG အနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်နေတာတွေရှိသော်လည်း ပြည်သူများကို အကုန်ချပြ၍ မရသေးတာတွေရှိနေ တာကြောင့် ပြည်သူများဘက်ကကြည့်လျှင် အားမလိုအားမရဖြစ်နေတာများကိုလည်းတွေ့ရကြောင်း ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပြည်သူများအတွက် စာနာထောက်ထားမှုအကူအညီများ ကူညီထောက်ပံ့ ခြင်းကိုပင် ဖျက်လိုဖျက်ဆီးလုပ်နေသော အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်များဟာ ဆိုးဝါးလွန်းလှကြောင်းကို ဇွန်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော မိုးဗြဲမြို့နယ်ဖြစ်စဉ်တွင် တွေ့နိုင်ကြောင်း၊ ဒီလိုကိစ္စရပ်တွေ အတွက်သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတကာကပါ သိအောင် ဆောင်ရွက်ပေးဖို့တိုက်တွန်း ကြောင်း ပြောဆိုသွားသည်။

ဒုတိယ သမ္မတ ဒူဝါလရှီလကမူ G 7 အစည်းအဝေးက ထွက်ပေါ်လာချက်တွေဟာ အကျိုးရှိပေသော်လည်း ပိုမိုထိရောက်မှုရှိရန် လိုကြောင်း။ နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုတွေအပိုင်းမှာ ပိုမို အားကောင်းလာတာ ကိုတွေ့ရကြောင်း၊ တော်လှန်ရေးအတွက် ပြည်သူတွေက ညီညီညွတ်ညွတ်ကြိုးစားနေကြသလို အစိုးရအဖွဲ့အနေနဲ့ လည်း ညီညွတ်တဲ့အစိုးရဖြစ်ဖို့ပိုမို အားစိုက်ဖို့လိုကြောင်းပြောဆိုကြောင်း NUG က ထုတ်ပြန်ထားသည်။khit thit

မန္တလေး မဟာမိတ် တပ်ပေါင်းစု သပိတ်စစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်

မန္တလေး မဟာမိတ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းသည် ဇွန်လ ၁၅ ရက်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ကြောင်း သိရှိရသည်။khit thit

မဲဆောက်တွင် ၂ ပတ်ကြာပိတ်မိနေသည့် နေရပ်ပြန် ရွှေ့ပြောင်းမြန်မာလုပ်သားများ ပြန်ဝင်ခွင့်ရ

မြန်မာ-ထိုင်းနယ်စပ်  အမှတ်၂ ချစ်ကြည်ရေးတံတား ကရင်ပြည်နယ်၊ မြဝတီမြို့ တစ်ဘက်ကမ်း မဲဆောက်ဘက်မှာ ၂ ပတ်ကြာပိတ်မိနေတဲ့ နေရပ်ပြန် ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို ဇွန်လ ၁၅ ရက် မွန်းလွဲ ၁ နာရီလောက်က မြန်မာနိုင်ငံဘက်ကို ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။

ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ ဇွန် ၁ ရက်ကစပြီး၊ နေရပ်ပြန်ခွင့် မရဘဲ ထိုင်းဘက်ကမ်းမှာသောင်တင်ကျန်ရစ်သူ မြန်မာနိုင်ငံသား အယောက် ၆၀၀ လောက်ကို  ဦးစားပေးပြီး   ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ တစ်ရက်ကိုလူဦးရေ ၂၀၀ နဲ့ တစ်ရက်ခြားစီ လက်ခံ ကြိုဆိုပေးသွားမှာဖြစ်ပါတယ်။

ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သက်ဆိုင်ရာဌာနတွေကို  ညွှန်ကြားချက်တစုံတရာထပ်မပေးမချင်း ဆက်လက်ကြိုဆို လက်ခံပေးသွားမယ်လို့ သိရပါတယ်။

ဇွန်လ ၁၅ ရက်ဒီနေ့မှာ အမှတ်၂ ချစ်ကြည်ရေးတံတား မြဝတီ BCF Zone ကိုရောက်ရှိလာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ ကျန်းမာရေးစစ်ဆေးမှုခံယူကြပြီး ရွှေမြစန္ဒီ ကွာရန်တင်း စင်တာကို အရင်ပို့ဆောင်ထားပြီး ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရင်တော့  positive မဲကနယ်ကိုဗစ်စင်တာသို့  ပို့ဆောင်ကုသသွားမယ်လို့ သိရပါတယ်။DVB

မော်လမြိုင်က အထက်တန်းကျောင်းသူ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိ

မွန်ပြည်နယ်၊ မော်လမြိုင် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းက ၁၀ တန်းကျောင်းသူ တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့တယ်လို့ ကိုဗစ် အရေးကူညီနေသူတွေက ပြောပါတယ်။

အဲဒီကျောင်းသူမှာ ကိုဗစ်ရောဂါ လက္ခဏာတွေ့ရှိခဲ့လို့ ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှ ဇွန်လ ၁၅ ရက်နေ့ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက်ကြောင့် မိသားစုဝင်တွေကို ကို‌ဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှာ အဘိုးဖြစ်သူမှာလည်း ရောဂါပိုး ထပ်မံ တွေ့ရှိခဲ့တာပါ။

အဆိုပါ ၁၀ တန်းကျောင်းသူမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့လို့ သူရဲ့ ထိစပ်ခဲ့တဲ့ ဆရာမတွေနဲ့ အတန်းဖော် ကျောင်းသား ကျောင်းသူ  ၃၅ ဦးကိုလည်း ရောဂါပိုး စစ်ဆေးသွားဖို့ ရှိနေပါတယ်။

မွန်ပြည်နယ်မှာတော့ ဇွန်လ ၁၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၃၃ ဦး ထိ ရှိလာခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ ၃ ဦး သေဆုံးထားပါတယ်။DVB

« Older Entries