မဲဆောက်တွင် ၂ ပတ်ကြာပိတ်မိနေသည့် နေရပ်ပြန် ရွှေ့ပြောင်းမြန်မာလုပ်သားများ ပြန်ဝင်ခွင့်ရ

မြန်မာ-ထိုင်းနယ်စပ် အမှတ်၂ ချစ်ကြည်ရေးတံတား ကရင်ပြည်နယ်၊ မြဝတီမြို့ တစ်ဘက်ကမ်း မဲဆောက်ဘက်မှာ ၂ ပတ်ကြာပိတ်မိနေတဲ့ နေရပ်ပြန် ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို ဇွန်လ ၁၅ ရက် မွန်းလွဲ ၁ နာရီလောက်က မြန်မာနိုင်ငံဘက်ကို ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။
ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ ဇွန် ၁ ရက်ကစပြီး၊ နေရပ်ပြန်ခွင့် မရဘဲ ထိုင်းဘက်ကမ်းမှာသောင်တင်ကျန်ရစ်သူ မြန်မာနိုင်ငံသား အယောက် ၆၀၀ လောက်ကို ဦးစားပေးပြီး ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ တစ်ရက်ကိုလူဦးရေ ၂၀၀ နဲ့ တစ်ရက်ခြားစီ လက်ခံ ကြိုဆိုပေးသွားမှာဖြစ်ပါတယ်။
ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သက်ဆိုင်ရာဌာနတွေကို ညွှန်ကြားချက်တစုံတရာထပ်မပေးမချင်း ဆက်လက်ကြိုဆို လက်ခံပေးသွားမယ်လို့ သိရပါတယ်။
ဇွန်လ ၁၅ ရက်ဒီနေ့မှာ အမှတ်၂ ချစ်ကြည်ရေးတံတား မြဝတီ BCF Zone ကိုရောက်ရှိလာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ ကျန်းမာရေးစစ်ဆေးမှုခံယူကြပြီး ရွှေမြစန္ဒီ ကွာရန်တင်း စင်တာကို အရင်ပို့ဆောင်ထားပြီး ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရင်တော့ positive မဲကနယ်ကိုဗစ်စင်တာသို့ ပို့ဆောင်ကုသသွားမယ်လို့ သိရပါတယ်။DVB