Monthly Archives: Jun 2021

မင်းလှမြို့အခြေစိုက် DVB CJ သတင်းထောက် ကိုသက်နိုင်ဝင်းကို စစ်ကောင်စီက ထောင် ၃ နှစ်ချ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အခြေစိုက် DVB CJ သတင်းထောက် ကိုသက်နိုင်ဝင်းကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုထားကာ သာယာဝတီထောင်တွင်းတရားရုံးကနေ ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုထံက သိရပါတယ်။

သတင်းထောက် ကိုသက်နိုင်ဝင်းဟာ DVB သတင်းဌာနရဲ့ CJ အဖြစ်လုပ်ကိုင်နေသူဖြစ်ပြီး၊ အရင်က Bago Weekly Journal နဲ့ မြေလတ်အသံ သတင်းဌာနတို့မှာ အလွတ်တန်းသတင်းထောက်အဖြစ် မင်းလှမြို့နယ်အတွင်း သတင်းတွေ ရေးသားပေးပို့နေသူလည်း ဖြစ်ပါတယ်။

ကိုသက်နိုင်ဝင်းကို ဧပြီ ၆ ရက်နေ့က မင်းလှမြို့ထဲက လက်ဖက်ရည်ဆိုင်တဆိုင်မှာ စစ်အုပ်စုက ဖမ်းဆီးသွားတာဖြစ်ပြီး၊ သာယာဝတီထောင်တွင်း ဖမ်းဆီးထိန်းသိမ်းထားကာ ဒီနေ့ ၇ ကြိမ်မြောက် ရုံးချိန်းမှာ ပုဒ်မ ၅၀၅ (က)နဲ့  ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရတာပါ။

ခုလို ထောင်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့  အယူခံဝင်သွားမှာမဟုတ်ဘူးလို့ လည်း မိသားစုဝင်တဦးက  ဒီဗွီဘီကိုပြောပါတယ်။

ပဲခူးတိုင်းအတွင်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့က  ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့  သတင်းထောက် ၄ ယောက်ရှိရာမှာ ပြည်မြို့အခြေစိုက် DVB သတင်းထောက်ကိုမင်းညိုနဲ့  မင်းလှမြို့ အခြေစိုက်ကို DVB CJ သတင်းထောက် သက်နိုင်ဝင်းတို့ ၂ ဦး ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရတာဖြစ်ပါတယ်။DVB

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကဒက်ငယ်ဆိပ်ကျေးရွာသပိတ်စစ်ကြောင်းသည် “ငါတို့ ငြိမ်သက်သွားမှာမဟုတ်” ခေါင်းစဥ်ဖြင့် ဇွန်လ၁၆ရက်နေ့ညနေပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး

khit thit

တရားစွဲခံ သရုပ်ဆောင်များ၏ ကြော်ငြာဆိုင်းဘုတ်များကို စစ်ကောင်စီက ဖြုတ်ခိုင်းနေ

ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် တရားစွဲခံထားရတဲ့ သရုပ်ဆောင်တွေရဲ့ ကြော်ငြာဆိုင်းဘုတ်မှန်သမျှကို စစ်ကောင်စီခန့် မန္တလေးစည်ပင်သာယာ တာဝန်ရှိသူရဲ့အမိန့်နဲ့ နှစ်ရက်အတွင်း အပြီးဖြုတ်ခိုင်းနေတယ်လို့ စည်ပင်ဝန်ထမ်းတွေထံက သိရပါတယ်။

မန္တလေးမြို့မှာ ဇွန်လ ၁၅ ရက်နေ့က စပြီး စည်ပင်သာယာဝန်ထမ်းနဲ့ စည်ပင်ရဲတွေက ကြော်ငြာ ဆိုင်းဘုတ်တွေကို လိုက်လံဖြုတ်သိမ်းနေကြတာဖြစ်ပါတယ်။

ကြော်ငြာ ဆိုင်းဘုတ်တွေကို စည်ပင်သာယာထံ လုပ်ငန်းရှင်တွေက အခွန်ငွေပေးပြီး ထောင်ရတာ ဖြစ်တဲ့အတွက် တချို့လုပ်ငန်းရှင်တွေကတော့ “အခွန်ဆောင်ထားရတာတွေပြန်ပေးမှာလား”လို့ မေးခွန်း ထုတ်နေကြပါတယ်။

လူအသွားအလာများတဲ့ အဓိက လမ်းမကြီးတွေမှာ စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေအတွက် အခွန်ပိုမိုပေးဆောင်ထားရတယ်လို့လည်း သိရပါတယ်။

လမ်းဘေးဆိုင်တွေမှာလည်း အဆိုပါ သရုပ်ဆောင်တွေ ပါဝင်တဲ့ ဗီနိုင်းဆိုင်းဘုတ်တွေနဲ့ ကြော်ငြာထားတာ မှန်သမျှ ဖြုတ်ကြဖို့ စည်ပင်ကဝန်ထမ်းတွေ လိုက်ပြောနေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေ အဓိက ဖြတ်သန်းသွားလာရာ အဓိကနေရာတွေဖြစ်တဲ့ မန္တလေးမြို့ ၇၈ လမ်း တစ်လျှောက်၊ ၈၄ လမ်း တလျှောက်၊ ၇၃ လမ်းနဲ့ လမ်း ၃၀ စတဲ့ လမ်းတွေကို အရင်ဆုံး လိုက်လံဖြုတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

အလားတူ ရန်ကုန်မြို့မှာလည်း အများပြည်သူ ဖြတ်သန်းသွားလာရာ အဓိကလမ်းမကြီးတွေပေါ်က တရားစွဲခံ သရုပ်ဆောင်တွေရဲ့ ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေလည်း မရှိသလောက်နည်းပါးသွားပါတယ်။

ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံပါဆိုင်းဘုတ်တွေလည်း ဖြုတ်သိမ်းခံထားရသလို  သမ္မတ ဦးဝင်းမြင့်နေထိုင်ရာ တာမွေမြို့နယ်ရှိ ခြင်းလုံးရုံမှာ ချိတ်ဆွဲထားတဲ့ ခြင်းလုံးခတ်နေတဲ့ဓာတ်ပုံတွေကိုပါ စစ်အုပ်စုက လိုက်လံ ဖြုတ်သိမ်းထားပါတယ်။DVB

စစ်ကိုင်းမြို့နယ်၌ ဘိသိက်ဆရာ ၁ ဦးနှင့် ကျောင်းဆရာမ ၁ ဦးကို စစ်တပ်က ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လယ်ကြီးရွာနေ ဘိသိက်ဆရာတစ်ယောက်နဲ့  ကျောင်းဆရာမတစ်ယောက်ကို ဇွန်လ ၁၆ ရက်က မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။

ကျောင်းဆရာမ ဒေါ်ဆူဇီနဲ့ ဘိသိက်ဆရာ ကိုမြတ်သူတို့ကို သူတို့ရဲ့ နေအိမ်မှာ စစ်တပ်က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာလို့  ဒေသခံတစ်ဦးကပြောပါတယ်။

 “ဒီနေ့ နေ့လယ် ၁၂ နာရီခွဲလောက် သူတို့နေအိမ်မှာ အကြမ်းဖက်စစ်တပ်တွေ ဝင်ရောက်ဖမ်းစီးသွားတယ်။ သေနတ် ၇ ချက်ဖောက်ပြီး  ရွာသူရွာသားတွေကို ခြောက်လှန့်သွားတယ်။”

ဒီနောက် ကျောင်းသားတွေနဲ့ ရွာသားတွေက ဆရာမဒေါ်ဆူဇီကို ပြန်လည်တောင်းခံခဲ့ရာမှာ ဆရာမကို ပြန်လွှတ်ပေးခဲ့ပြီး တောထဲတစ်နေရာမှာ သတိမေ့မြောလျှက် ပြန်တွေ့ခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။

စစ်တပ်က ဘိသိက် ဆရာ ကိုမြတ်သူကိုတော့ လွှတ်မပေးဘဲ ဆက်ခေါ်ဆောင်သွားသလို ရွာက ဆိုင်ကယ် ၃ စီးကိုလည်း ယူသွားတယ်လို့ ဒေသခံတွေပြောပါတယ် 

စစ်တပ်က ကျောင်းဆရာမနဲ့ ဘိသိက်ဆရာကို ဘာကြောင့် ခုလိုဖမ်းဆီးတယ်ဆိုတာကို တော့ မသိရသေးပါဘူး။ DVB

ပုသိမ်တွင် အကြမ်းဖက်စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ် ၁ ဦးသေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ဝန်ကြီးများအိမ်ရာဝင်းထဲမှာ ဇွန်လ ၁၄ ရက် ညနေပိုင်းက အကြမ်းဖက်စစ်သားအချင်းချင်း စကားများပြီး ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အရက်သေစာ သောက်စားရာကနေ စကားများပြီး ပစ်ခတ်ခဲ့ကြတာလို့ လုံခြုံရေးတာဝန်ကျတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ “အဲဒီညက ၆ နာရီကျော်လောက်ရှိပြီ အချင်းချင်း စကားများတာ အမှန်က။ ပစ်တာက ရန်ဖြစ်လို့ ရှင်းပြီးမှ ထပ်ဖြစ်ပြီ ပစ်တာ’”လို့ ပြောပါတယ်။

အကြမ်းဖက်စစ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ချိန်ဟာ မိုးတအားရွာနေချိန်ဖြစ်တာကြောင့် အပြင်ဘက်က ပြည်သူတွေ သိပုံမရဘူးလို့ ဆိုပါတယ်။

ဝန်ကြီးများအိမ်ရာဝင်းထဲမှာ  စစ်အာဏာသိမ်းတဲ့နေ့က စတင်ပြီး ဒေသခံ စစ်တပ်က တပ်စွဲထားတာ ဖြစ်ပါတယ်။

ပုသိမ်မြို့မှာ မေ ၂၉ ရက်ကလည်း တိုင်းရဲ ရုံးက ရဲအရာရှိနဲ့ ရဲဒုတပ်ကြပ်တို့ စကားများရာကနေ အချင်းချင်းပစ်ခတ်လို့ ရဲဒုတပ်ကြပ် ၁ ဦးသေဆုံးခဲ့ပါသေးတယ်။DVB

မှိုသွားရှာတဲ့ ကလေးမိခင်အပါအဝင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ တပ်သားတချို့က အဓမ္မပြုကျင့်

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်ထဲက လီဆူတိုင်းရင်းသား အမျိုးသမီး ၂ ဦး မိသားစုစားဖို့ မှိုသွားရှာရင်း ဇွန်လ ၁၄ ရက်မှာ စစ်ကောင်စီတပ်သားတချို့ရဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရတယ်လို့ သိရပါတယ်။

မိသားစုစားဖို့ တောထဲမှိုသွားရှာတဲ့အချိန်မှာ အသက် (၂၆)နှစ် ဝန်းကျင်ရှိတဲ့ ကလေးမိခင်နဲ့ အသက် (၂၀)အရွယ် အမျိုးသမီးတို့ကို အဓမ္မပြုကျင့်ခဲ့တာပဲ ဖြစ်ပါတယ်။မန်တုံမြို့ခံတစ်ဦးက “အခု ဒီလိုဖြစ်သွားတာ အမျိုးသမီးတွေအတွက် လုံခြုံမှု မရှိတော့ဘူး။

ဖြစ်သွားတဲ့ ကိစ္စကိုလည်း ဖြေရှင်းပေးဖို့ အကူအညီလိုအပ်နေတယ်” လို့ ရွှေဖီမြေကို ဒီနေ့မှာ ပြောပါတယ်။ကျူးလွန်တဲ့ တပ်သားအရေအတွက်၊ တပ်ရင်းတပ်ဖွဲ့ကိုတော့ မသိရှိကြောင်း ၎င်းက ​ဆိုပါတယ်။

လက်ရှိမှာတော့ ၎င်းအမျိုးသမီး ၂ ဦး လုံခြုံရေးအတွက် သီးသန့်နေရာတစ်ခုမှာ ထားရှိလိုက်တယ်လို့ သိရပါတယ်။အလားတူ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်သားတစ်ဦး (၁၃)နှစ်အရွယ် သီလရှင်တစ်ပါးကို အဓမ္မပြုကျင့်မှုလည်း ဇွန်လ ၁၀ ရက်မှာ သတင်းပေါက်ကြားပြီးနောက် စစ်ကောင်စီဘက်က ငြင်းဆိုထားပါတယ်။khit thit

တိုက်ပွဲများကြောင့် ကရင်ပြည်နယ်၌ လူပေါင်း ၄၇,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရ

စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်မှာ  လူပေါင်း ၄၇,၀၀၀ ကျော်ဟာ နေရပ်စွန့် ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး(UNHCR)က ထုတ်ပြန်ပါတယ်။

ဒုက္ခသည် အများစုဟာ အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အမိုးအကာ ပစ္စည်းတွေ ရရှိနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေမျိုးမှာ နေထိုင်နေကြရပြီး  ကူညီမှုတွေရောက် ရှိနိုင်ဖို့ အခက်အခဲတွေ ရှိနေပေမဲ့ UNHCR အနေနဲ့ နေရပ်စွန့်ခွာမိသားစုတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ပေးအပ်နေတယ်လို့ ဆို ပါတယ်။

နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ အခြေအနေတွေ ပိုမိုတင်းမာလာနေပါတယ်။

ကရင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေ အရှိန်အဟုန်နဲ့ ဆက်လက်ဖြစ်ပွားနေပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးကာလဟာ ၄ လခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးပြည်သူပေါင်း ၈၆၀ ကျော် ရှိလာပြီး  မတရားဖမ်းဆီးထောင်ချခံရသူတွေ၊ ဖမ်းဝရမ်းထုတ်ခံရသူတွေ၊ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေရသူတွေ လည်း ရှိနေပါတယ်။DVB

« Older Entries