Monthly Archives: Jun 2021

မိုးကုတ်မြို့တွင် အမျိုးသမီး ၁ ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွား

မန္တ​လေးတိုင်း၊ မိုးကုတ်မြို့မှ  ဇွန်လ ၁၇ ရက် နေ့ခင်း ၁ နာရီဝန်းကျင်က အမျိုးသမီးတစ်ဦးကို  အရပ်ဝတ်နဲ့ အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ရွှံ့ပန်းရပ်ကွက်နေ ဒေါ်စိုးစိုးရီကို သူ့ရဲ့ နေအိမ်မှာလာရောက်ဖမ်းဆီးတာဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးသလဲဆိုတာကိုတော့ မသိရဘူးလို့ဆိုပါတယ်။ 

မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက စစ်သားတွေက ယူနီဖောင်းမဝတ်ဘဲ အရပ်ဝတ်နဲ့ သေနတ်ကိုင်ပြီး မြို့ထဲပတ်သွားတာ ၊ လမ်းမှာစစ်ဆေးတာတွေ တင်းကျပ်လုပ်ဆောင်နေပါတယ်။ 

မိုးကုတ်မြို့အ​နောက်ပိုင်းမှာ ဇွန်လ ၁၆ ရက် ည ၈ နာရီဝန်းကျင်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီး ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။ DVB

ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာရှိ စာသင်ကျောင်းဝင်းအတွင်း ကြိုးတုတ်ကာ မီးရှို့သတ်ခံထားရသည့် အလောင်း ၄ လောင်း ထပ်တွေ့

ဇွန်လ ၁၇ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာ အထက်တန်းကျောင်းဝင်းအတွင်း ကြိုးတုတ်လျက် သတ်ဖြတ်ခြင်းခံထားရသည့် ဒေသခံပြည်သူ ရုပ်အလောင်း လေးလောင်းကို ဒေသခံများထပ်မံတွေ့ရှိခဲ့သည်။khit thit

မကွေးမြို့နယ် နတ်ကန်ရွာသား ၁ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး

မကွေးမြို့နယ်၊ နတ်ကန်ကျေးရွာက ပြည်သူတစ်ယောက်ကို ဇွန်လ ၁၇ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက  ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နတ်ကန်​ကျေးရွာက ​​ဝပ်ရှော့လုပ်ငန်းလုပ်တဲ့ ကိုကျော်​ဇေယျ (ခ) ​မောင်​ကျော်ကို ဒလန်တွေက လက်နက်ရှိတယ်ဆိုပြီး  သတင်းပေးလိုက်တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက် ဖမ်းဆီးသွားတာလို့ နတ်ကန်ရွာသားတစ်ယောက်က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေဟာ စစ်ကား ၁ စီး၊ ရဲကား ၁ စီး ၊ အင်အား ၂၀ ​လောက်နဲ့  နတ်ကန်ရွာကိုလာရောက်ပြီး  ကိုကျော်​ဇေယျ  နေအိမ်ကို ဝင်ရောက်ဖမ်း ဆီးသွား​တာလို့ ဆိုပါတယ်။

ဒါအပြင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့တွေဟာ နတ်ကန်ကျေးရွာမှာရှိတဲ့ နေအိမ် ၄ အိမ်လောက်ကိုလည်း မွှေနှောက်ရှာဖွေသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။DVB

မြင်းခြံ ကွမ်းစိုက်ရွာ ကြံ့ခိုင်ရေးပါတီဝင်ဟောင်း ဦးမြင့်ကျော်ဓားထိုးခံရမှုအတွက် စစ်တပ်က စစ်ဆေးစဉ် ကွမ်းစိုက်ရွာသား ၂ ဦး သေဆုံးသွား

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဇွန်လ ၁၅ ရက်နေ့ ကြံ့ခိုင်ရေးပါတီဝင်ဟောင်း ဦးမြင့်ကျော် ဓားထိုးခံရမှုအတွက် စစ်တပ်က ကျေးရွာသား ၃၈ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ စစ်ကြောရေးမှာ ကျေးရွာသား ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံ တွေက ရန်ကုန်ခေတ်သစ်ကို သတင်းပေးပို့လာပါတယ်။

ဇွန်လ ၁၅ ရက်နေ့မှာ မြင်းခြံ၊ ကွမ်းစိုက်ရွာမှာ ကြံ့ခိုင်ရေးပါတီဝင်ဟောင်းလည်းဖြစ်၊ စစ်တပ် အမာခံသတင်းပေးဖြစ်တယ်လို့ ရပ်ရွာက သတ်မှတ်ခံထားရသူ ဦးမြင့်ကျော်ကို လူ ၂ ဦးက ဓားနဲ့ ထိုးခဲ့ရာမှာ ဦးမြင့်ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနောက် စစ်တပ်က ကျေးရွာသား ၃၈ ဦးကို အဲဒီနေ့မှာပဲ ဖမ်းဆ်ီးသွားခဲ့ပြီး စစ်ကြောရေး လုပ်ခဲ့တာလို့ သိရပါတယ်။ ဇွန်လ ၁၆ ရက်နေ့မှာတော့ ဖမ်းဆီးခံရသူ ၃၈ဦးထဲမှ ကိုချစ်ကို ၃၆နှစ်၊ ဦးစိန်ဝင်း ၅၅နှစ် တို့ စစ် ကြောရေးတွင် သေဆုံးသွားခဲ့ပီး ကျန် ၃၆ဦး ပြန်လွတ်လည် လွတ်မြောက်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သေဆုံးသူ ၂ ဦးအနက်မှ ကိုချစ်ကိုရဲ ဖခင်က NLD ရပ်ကျေးဥက္ကဋ္ဌ ဖြစ်ပြီး မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျေးရွာသားတွေထံမှ သိရပါတယ်။”အလောင်းပြန်မပေးဘဲ တစ်ခါတည်း သဂြိုလ်လိုက်တယ်ပြောတယ်။

သေသွားပြီဆိုတာတော့ သတင်းပေးတယ်။ စစ်ကြောရေးမှာပဲ ဆုံးတယ်လို့ ပြန်လွတ်လာတဲ့သူတွေက ပြောတယ်” လို့ ကျေးရွာသားတစ်ဦးကဆိုပါတယ်။khit thit

ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းဖြင့် ရွာသားများကို ဖမ်းဆီးနေ

စစ်ကိုင်းတိုင်း‌၊ ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာတွေမှာ  ဇွန် ၁၇ ရက်မနက် ၅ နာရီက စပြီး အကြမ်းဖက်စစ်တပ်က စစ်ကားတွေနဲ့ ရွာထိပ်မှာရပ်ပြီး သေနတ်ပစ်ဖောက် ခြေလျင်ဝင်ကာ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနက် ၅ နာရီကစပြီး စစ်ကား ၁၆ စီးလောက်လာပြီး ယဉ်ကျေးရွာ တောကျောင်း ဘုန်းကြီးကျောင်း၊မြို့ကြီး၊တည်တော၊သပြေကုန်း၊အုပ်ဆည်၊အင်ပင်လေး၊မြင်းတန့်ကျေးရွာတွေကို စစ်အင်အား ၄၀၀ လောက်နဲ့ ဝင်ရောက်စီးနင်းပြီး၊ အိမ်တွေထဲက ပစ္စည်းတွေကိုလည်း မွှေနှောက်ယူ သွားကြတယ်။ တည်တောရွာက ယမကာ ဆိုင်ဆိုရင် အရက်ပုလင်းနဲ့ဘီယာဖာတွေ အားလုံးယူသွားတယ်”လို့ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မနက် ၁၁ နာရီလောက်က  စစ်ရဟတ်ယာဉ်တစ်စင်းနဲ့ ဒီပဲယင်းမြို့နယ်အနှံ့ ဝဲပတ်ပျံသန်း နေခဲ့တယ်လို့လည်းသိရပါတယ်။

အခု ညနေ ၄ နာရီ လောက်အထိ  တောတွေထဲ အကြမ်းဖက်စစ်တပ်က တပ်ဖြန့်ရှာဖွေ လုပ်နေတဲ့အတွက် ဒီပဲယင်းနယ်အရှေ့ဘက်ခြမ်းက ကျေးရွာပေါင်း ၁၅ ရွာလောက်က ဒေသခံပြည်သူတွေဟာ သူတို့ရဲ့နေအိမ်တွေဆီကို မပြန်နိုင်ဘဲ တိမ်းရှောင် နေကြရပါတယ်။ DVB

ကလေးမြို့တွင် ကိုဗစ်-၁၉ လူနာ ၁ ဦး ထပ်မံသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ဆေးရုံကြီးမှာ ကိုဗစ်- ၁၉ လူနာ တစ်ယောက်  ဇွန် ၁၇ ရက် မနက်ပိုင်းက သေဆုံးခဲ့တယ်လို့ ကလေးမြို့ခံ ပရဟိတလုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။ 

အပြင်မှာသေဆုံးတာ ၆ ယောက်လို့ ကြားရပေမဲ့ အတည်ပြုလို့ မရပါဘူး။  ကလေးမြို့ ဆေးရုံမှာ အောက်ဆီဂျင်လုံလောက်မရှိပေမဲ့  ကူးစက်လူနာတွေ များလာတယ်လို့လည်း ပရဟိတလုပ်နေသူက ပြောပါတယ်။

Stay at Home ကြေညာထားတဲ့ ကလေးမြို့က ကိုဗစ်- ၁၉ စင်တာမှာ ကိုဗစ်ပိုးတွေ့လူနာ ၂၁၆ ဦး ရှိပြီး ပြည်သူ့ဆေးရုံကြီးမှာ ၈ ဦးရှိကာ  သေဆုံးသူစုစုပေါင်း အယောက် ၃၀ ကျော် ရှိပြီ လို့သိရပါတယ်။DVB

ခင်ဦးမြို့နယ် တဲစုကျေးရွာတွင် အကြမ်းဖက်စစ်ကောင် စီ တပ်များ ဝင်ရောက်ဖျက်ဆီး၊ ရွှေခြောက်ကျပ်သားနှင့် ငွေသားများ တန်ဖိုးကြီးပစ္စည်းများ လုယက်ခိုးယူသွား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်တိုင်းကြီးကျေးရွာအုပ်စု၊ တဲစုကျေးရွာတွင် ဇွန်လ ၁၇ ရက်​နေ့ မွန်းလွဲပိုင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်များက နေအိမ် တချို့ကို ဝင်ရောက်ဖျက်ဆီးပြီး ရွှေခြောက်ကျပ်သားနှင့် ငွေသား နှစ်သောင်းကျော်အပြင် အခြားတန်ဖိုးရှိပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသခံ​ကျေးရွာသားတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

” မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်မှာ သူတို့ ရွာထဲဝင်လာတာ။ အရက်မူးနေတဲ့ ရွာသားတစ်ယောက်ကို ရိုက်ပြီး ဒလန်က စာရင်းပေးထားတဲ့ အိမ်တွေကို လိုက်ပြခိုင်းပြီး ဝင်မွှေတာ” ဟု ရွာသားတစ်ဦးမှ ပြောသည်။

အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာအတွင်းရှိ ဂဟေဆိုင်ရှိတဲ့ အိမ်တစ်လုံးကို ဝင်ပြီး တန်ဖိုးရှိသည်များကို ခိုးယူကာ၊ ကျန်ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း၊ လမ်းဘေးအကြော်ဆိုင်မှ ငွေ နှစ်သောင်းကျော်နှင့် ဆိုင်ကယ်တစ်စီးကို တားဆီးပြီး တူးဘောက်စ် တခုအတွင်းမှ ရွှေခြောက်ကျပ်သားကိုပါ ခိုးယူသွားကြောင်း၊ ညနေ ၄ နာရီ ဝန်းကျင်မှာ ခင်ဦးမြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။khit thit

CDM ပညာရေးဝန်ထမ်းများအား ငွေကျပ် ၂၆၃ သိန်းထောက်ပံ့

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ပညာရေးဝန်ကြီးဌာန CDM သူရဲကောင်းဝန်ထမ်းတွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့ CDM Supporting Team ကနေ ငွေကျပ် ၂၆၃ သိန်း ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဇွန် ၁၆ ရက်နေ့က လှူဒါန်းလိုက်တဲ့ CDM သူရဲကောင်းတွေထဲမှာတော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း ပညာရေးဝန်ကြီးဌာနက CDM ဝန်ထမ်းတွေ၊ အရေးတကြီး လိုအပ်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေ အသီးသီး ပါဝင်နေပါတယ်။

ပါဝင်ကူညီလှူဒါန်းပေးကြတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပါဝင်ပေးကြတဲ့ ပြည်သူ့ ဝန်ထမ်းတွေကိုလည်း CRPH-CDM Supporting Team အနေနဲ့ ကျေးဇူးတင်ဂုဏ်ပြု ကြောင်း ဖော်ပြထားပါတယ်။DVB

« Older Entries