Monthly Archives: Jun 2021

တာမွေ ၁၅၅ လမ်းထိပ် ကားဗုံးပေါက်၊ အနည်းဆုံး လူတစ်ဦး သေဆုံးနိုင် ( video)

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ၁၅၅ လမ်းထိပ်တွင် ဇွန်လ ၁၈ ရက် ယနေ့မွန်းလွဲ ၃ နာရီခွဲဝန်းကျင်က Toyota Vitz အမျိုးအစား အငှားယာဉ်တစီး ဗုံးပေါက်ကွဲပြီး အနည်းဆုံး တစ်ဦးသေဆုံးနိုင်ကြောင်း သတင်းရရှိသည်။

” ပေါက်တာ တော်တော်ပြင်းတယ်၊ လမ်းပေါ်မှာ လက်ပြတ်တွေရော တွေ့ရတယ်၊ ကားနားက လူတစ်ယောက်ကတော့ သေပြီ ထင်တယ်” ဟု မျက်မြင်တစ်ဦးမှ ပြောသည်။ဗုံးပေါက်ကွဲရသည့်အကြောင်းအရင်းကို မသိရှိနိုင်သေးသလို လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနီးအနားတွင် ရောက်ရှိကာ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း သိရသည်။khit thit

တာမွေ၊ ၁၄၇ လမ်းထိပ်တွင် စစ်ကားတစ်စီး ဗုံးခွဲခံရ၊ ၁၅၅ လမ်းထိပ်တွင် တိုယိုတာ ဗစ်ကားနားတွင် ဗုံးကွဲ၊ သေဆုံးမှုတချို့ရှိနိုင် (Video)

ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ဝန်းကျင် တာမွေ ၁၄၇ လမ်းထိပ်တွင် ရပ်တန့်ထားသော စစ်ကားအနီးတွင် ဗုံးပေါက်ကွဲပြီး စစ်ကားမီးလောင်သွားကြောင်း၊ တာမွေ ၁၅၅ လမ်းထိပ်တွင်မူ တိုယိုတာဗစ် Taxi နားတွင် ဗုံးပေါက်ကွဲပြီး ၁ ဦး ထိခိုက်ပြီး ကျန်တစ်ဦးမှာ လက်ပြတ်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဗုံးဖြင့် တိုက်ခိုက်ခံရသော စစ်ကားမှာ မီးလောင်ပြာကျသွားကြောင်း ၊ သေဆုံးမှုတချို့ရှိသည်ဟု ပြောဆိုကြသော်လည်း အတည်မပြုနိုင်သေးပေ။khit thit

ပစ်မှတ်ထားတိုက်ခိုက်ခံနေရသည့် စစ်တပ်၏ ဒေါက်တိုင်ပါတီ

မဲစာရင်းမှားယွင်းမှုကို အကြောင်းပြပြီး စစ်အာဏာသိမ်းခဲ့သည်မှာ ၄ လကျော်ကြာခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီ၏ အဓိကဒေါက်တိုင်ပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် စစ်အာဏာရှင်ဆန့်ကျင်ရေး မြို့ပေါ်ပြောက်ကျားအဖွဲ့ဝင်များ၏ ပစ်မှတ်တစ်ခုဖြစ်လာသည်။

စစ်ကောင်စီအတွက် ဒလန်လုပ်ပေးသည်ဟူသော စွပ်စွဲချက်ဖြင့် နိုင်ငံအနှံ့ ပြည်ခိုင်ဖြိုးပါတီ၏ အဆောက်အအုံများ၊ ပါတီဝင်များသည် နေ့စဉ်နှင့်အမျှ ပစ်ခတ်၊ မီးရှို့၊ တိုက်ခိုက်ခံနေရပြီး သတင်းပေးအဖြစ် စွပ်စွဲခံရသည့် ပါတီဝင်များသည် ထင်ထင်ပေါ်ပေါ် နေထိုင်နိုင်ခြင်း မရှိတော့ဘဲ တိမ်းရှောင်နေကြရသည်။ဇွန် ၁၀ ရက်နေ့ ညနေပိုင်းက ပြည်ခိုင်ဖြိုးပါတီ၏ ရန်ကုန်၊ ဆိပ်ကမ်းမြို့နယ်အမတ်ဟောင်း ဦးနေမျိုးအောင်ကို သေနတ်သမား ၂ ဦးက အနီးကပ်လုပ်ကြံခဲ့သည်။

ဗိုလ်တထောင်ဘုရားအနီး ဦးနေမျိုးအောင် မတ်တပ်ရပ်နေသည့် နိဗ္ဗာန်ကုန်ဆိုင်ရှေ့တွင် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ထိုလုပ်ကြံခံရမှုမှာ ပါတီရင်ဆိုင်ရသည့် ပထမဆုံးဖြစ်ရပ်မဟုတ်ပေ။ မေ ၂၇ ကလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေသည် ၎င်း၏ ခြံသို့ သွားသည့်လမ်းတွင် ပစ်သတ်ခံရသည်။ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင်လည်း ပါတီဝင်တစ်ဦး နေအိမ်တွင် သေနတ်၊ ဗုံးတို့ဖြင့် တိုက်ခိုက်ခံရသည်။

သို့သော်လည်း နေအိမ်မှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ပါတီဝင် အယောက် ၄၀ ကျော်ခန့် လုပ်ကြံခံခဲ့ရပြီး ဥပဒေနှင့်အညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေသည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။

“ကျွန်တော်တို့ပါတီအနေနဲ့ကတော့ အခြားပြည်သူများနည်းတူ အပ်တိုတစ်ချောင်းတောင်မှ မရှိပါဘူး။ အာဏာလည်း မရှိပါဘူး။ တပ်မတော်ကနေ အာဏာထိမ်းထားခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ကျီးလန့်စာစား ပြည်ခိုင်ဖြိုးများအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးရသူ ၈၆၃ ဦး အနည်းဆုံးရှိနေပြီး အမှန်တကယ်ကျဆုံးသူအရေအတွက် ထိုစာရင်းထက်များပြားနိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP ) က ဇွန် ၁၄ တွင် ထုတ်ပြန်သည်။ စစ်ကောင်စီ၏ ဖမ်းဆီးခံထားရသူ ၄၈၈၀ အထိ ရှိနေပြီဖြစ်သည်ဟု ထိုထုတ်ပြန်ချက်က ဖော်ပြထားသည်။

ထိုသို့ အရက်စက်ဆုံးဖြိုခွင်းပစ်ခတ်မှုများ၊ စစ်ကြောရေးစခန်းအတွင်း နှိပ်စက်ညှင်းပန်းမှုများကြောင့် ဆန္ဒပြ ကျောင်းသားလူငယ်များသည် တိုင်းရင်းသားလက်နက်ကိုင်ဒေသတချို့တွင် စစ်ပညာသင်ယူရန် ကြိုးပမ်းခဲ့ကြသည်။ဒီမိုကရေစီအရေးတောင်းဆိုသည့် ဆန္ဒပြဆိုင်းဘုတ်များနေရာတွင် သေနတ်နှင့် လက်လုပ်ဗုံးများက နေရာယူလာကြပြီး တောတွင်းပြန်လူငယ်များက စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။

“လုံးဝ အုပ်ချုပ်၍ မရစေရ”ဟု ကြွေးကြော်လာကြသည့် ထိုလူငယ်များကလည်း မြို့ပြပြောက်ကျားလှုပ်ရှားမှုများ စတင်နိုင်ရန် လျှို့ဝှက်အဖွဲ့အစည်းများကိုလည်း တည်ထောင်လာကြသည်။ ထိုအဖွဲ့များကို Myanmar Now က ဆက်သွယ်မေးမြန်းရာ စစ်ကောင်စီ၏ ဒေါက်တိုင် သတင်းပေးများ၊ ဒလန်များကို ရှင်းလင်းရသည့်အခါတွင် ပြည်ခိုင်ဖြိုးပါတီနှင့် ဆက်စပ်နေသူများ အများဆုံးပါဝင်နေကြောင်း တူညီသည့် ဖြေကြားချက်ကို တွေ့ရသည်။ပထမအဆင့် သတိပေးခြင်း၊ ဒုတိယအဆင့် ခြောက်လှန့်ခြင်းတို့ကို ပြုလုပ်ပြီး နောက်ဆုံးအဆင့်အနေဖြင့်သာ မလွှဲသာမရှောင်သာအနေဖြင့် သတ်ဖြတ်လုပ်ကြံရခြင်းဖြစ်သည်ဟု ထိုအဖွဲ့ဝင်များက ပြောသည်။

နွေဦးတော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သူ လူငယ်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားကာကွယ်ရေးကွန်ရက် (NDN) သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ချိတ်ဆက်ရန် လက်လှမ်းမမီသည့် လူငယ်များကို စစ်သင်တန်းပေးနေပြီး မြို့ပြပြောက်ကျားလုပ်ငန်းများကို ဖော်ဆောင်နေသည့် မြေအောက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဒလန်များက စစ်ကောင်စီကို မြေပြင်လှုပ်ရှားမှုသတင်း ပေးပို့ခဲ့ခြင်းကြောင့် ကွန်ရက်အဖွဲ့ဝင်တချို့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံနေရသည်ဟု NDNမှ သူ့ကိုယ်သူ ဗိုလ်ရန်နိုင်ဟု မိတ်ဆက်လာသူက ပြောသည်။ဒလန်အများစုမှာ ဧရာဝတီတိုင်း မအူပင်၊ ညောင်တုန်း၊ ပုသိမ်နှင့် ဟင်္သာတရှိ မြို့နယ်နှင့် ရပ်/ကျေးအဆင့် ပါတီအလုပ်အမှုဆောင်များ၊ ၎င်းတို့နှင့် ဆက်စပ်နေသူများသာဖြစ်ကြောင်း ၎င်းက ပြောသည်။“ပထမအဆင့်အနေနဲ့ သတိပေးတယ်။ သတိပေးတာကို မလိုက်နာဘူး၊ စစ်အုပ်စုရဲ့ လက်ပါးစေ ဆက်လုပ်နေမယ်ဆိုရင်တော့ ရှင်းပစ်ဖို့ ရည်ရွယ်ထားတယ်” ဟု ၎င်းက ပြောသည်။

“သူတို့က ကျွန်တော်တို့အတွက် တော်တော်အန္တရာယ်ကြီးတယ်။ ဒါကြောင့် ဒီလိုသတင်းပေးတာမျိုးဆိုရင်တော့ ကျွန်တော်တို့က တစ်မိနစ်၊ တစ်စက္ကန့်တောင်မှ ထားလို့မရဘူး” လက်တလောဖြစ်ပေါ်နေသည့် ပြည်ခိုင်ဖြိုးပါတီဝင်များ လုပ်ကြံ၊ သတ်ဖြတ်ခံရခြင်းများနှင့် ပါတီရုံးများ အဖျက်ဆီးခံနေရခြင်းများနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ဗိုလ်ရန်နိုင်က ဖြေရန် ငြင်းဆိုသည်။

ဒေသတွင်း မြို့နယ်နှင့် ရပ်/ကျေး အလုပ်အမှုဆောင်တချို့ ခြိမ်းခြောက်ခံနေရပြီး ရှောင်နေရသည်ဟု ပြောရေးဆိုခွင့်ရှိသူမဟုတ်သောကြောင့် အမည်မဖော်လိုသည့် ဧရာဝတီတိုင်း ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်တစ်ဦးက ပြောသည်။ ပါတီဝင်များက စစ်ကောင်စီကို သတင်းပေးနေသည်ဟူသော စွပ်စွဲချက်ကို ၎င်းက ငြင်းဆိုသည်။

“ဒီလိုကိစ္စမျိုးတွေကို ပါတီက ညွှန်ကြားထားတာမျိုး မရှိပါဘူး” ဟု ၎င်းက ပြောသည်။ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း၊ အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာမောင်သင်းကလည်း ပါတီဝင်တို့ ဒလန်မလုပ်ကြဟု ဆိုသည်။ “ဒါကတော့ စွပ်စွဲချက်ပဲ ဖြစ်ပါလိမ့်မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်တို့အချင်းချင်း ဒီဥစ္စာကို ဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါ ဆိုတာမျိုး ဘာမှမရှိဘဲနဲ့ ကိုယ်တို့လူတွေကကြီးပဲ အသားလွတ်ခံနေရတဲ့ အနေအထားမျိုးကြီးပဲ ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

ပါတီဝင်တစ်ဦး သေဆုံးပါက ကူငွေ ၅သိန်း၊ ဒဏ်ရာရရှိသူကို ကူငွေ ၃ သိန်း ထောက်ပံ့ပေးနေကြောင်း၊ လုံခြုံရေးအခြေအနေ စိုးရိမ်ရသည့် ပါတီဝင်များကိုလည်း စိတ်ချရသည့် နေရာများသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း ပါတီပြောရေးဆိုခွင့် ဦးနန္ဒာလှမြင့်က ဇွန် ၁၀ တွင် ဧရာဝတီသတင်းဌာနကို ဖြေကြားထားသည်။အရှုံးကြီးရှုံးခဲ့သည့် ပြည်ခိုင်ဖြိုးစစ်အစိုးရလက်ထက်က လူမှုရေးအသင်းအဖြစ် တည်ထောင်ခဲ့ပြီး စစ်အာဏာရှင်အလိုကျ ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီတစ်ခုအဖြစ် တရားဝင်ရပ်တည်လာခဲ့သည့် ပြည်ခိုင်ဖြိုးပါတီသည် စစ်တပ်နှင့် ကျောချင်းကပ် ဆက်ဆံရေးမျိုးကို တည်ဆောက်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သပိတ်မှောက်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးက အစိုးရဖွဲ့နိုင်ခဲ့သည်အထိ ရွေးကောက်ပွဲရလဒ်ကောင်းခဲ့သည်။ သို့သော်လည်း ပြည်ခိုင်ဖြိုး၏ နိုင်ငံရေးအရ အမှောင်မိုက်ဆုံးနေ့ရက်များသည် NLD လွှတ်တော်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလမှ စတင်ရင်ဆိုင်လာခဲ့ရသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ထိုင်ခုံ ၆၆၄ နေရာရှိသည့် ပြည်ထောင်စုလွှတ်တော်တွင် ပြည်ခိုင်ဖြိုးက ၄၁ ခုံသာ ရသည်အထိ ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့ရသည်။

NLD အစိုးရဖွဲ့နိုင်ခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးသည် ခေတ်မစားတော့သည့် အမျိုးသားရေးဝါဒကို ကိုင်ဆောင်လာသည်၊ အမျိုးသားရေးလှုပ်ရှားမှုများ၊ တပ်မတော်ထောက်ခံပွဲများကို ငွေပုံအောသုံး ပြုလုပ်ပြီး ပါတီထောက်ခံသူ တိုးပွားလာရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးသည် NLD ကို မရှုမလှ ထပ်ရှုံးပြန်သည်။ ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးတွင် အမတ်နေရာ ၃၃ နေရာသာ ရရှိခဲ့သည်။

NLD ပါတီက ၃၉၆ နေရာထိ ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်သည့် အမတ်အရေအတွက်ကို ကျော်သွားသည်။တရားမျှတသည့်ရွေးကောက်ပွဲဟု လေ့လာသူတို့က ဆိုကြသော်လည်း ပြည်ခိုင်ဖြိုးကမူ မျှတမှုမရှိဟု အကြိမ်ကြိမ် ထုတ်ဖော်ကြေညာခဲ့သည်။“ဒီရလဒ်ကို ကျွန်တော်တို့ အသိအမှတ်မပြုပါဘူး”ဟု ပြည်ခိုင်ဖြိုးပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်က ၂၀၂၀ ဒီဇင်ဘာ ၁၁ နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။အာဏာသိမ်းမှု နောက်ကွယ်၂၀၁၆ မှ အစပြုသည့် တပ်ထောက်ခံပွဲများ၊ အမျိုးသားရေးအစွန်းရောက်တို့၏ ဘာသာရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာစေရန် ပြည်ခိုင်ဖြိုးပါတီဝင်များက ငွေပေးစည်းရုံးခဲ့သည်ဟူသော အချက်ကို ပါတီဗဟိုက ငြင်းဆိုသော်လည်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများနှင့် ပါတီဝင်များက Myanmar Now ကို ဝန်ခံပြောဆိုခဲ့ကြသည်။

၂၀၁၉ ဇွန်လက ရန်ကုန်မြို့တွင် ဖမ်းဝရမ်းထုတ်ခံခဲ့ရသည့် အမျိုသားရေးအစွန်းရောက် ဦးဝီရသူထောက်ခံပွဲကို ပြည်ခိုင်ဖြိုးပါတီဝင်များက ဦးဆောင်ခဲ့ပြီး ဆန္ဒပြပွဲလာရောက်ရန် ကျေးလက်ဒေသတွင် ငွေပေးစည်းရုံးခဲ့ကြောင်း Myanmar Now က ဖော်ထုတ်နိုင်ခဲ့သည်။ ထိုလှုပ်ရှားမှုများသည် NLD အစိုးရအုပ်ချုပ်မှုယန္တရားမတည်ငြိမ်စေရန် ရည်ရွယ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ လပိုင်းအလိုတွင်လည်း ပြည်ခိုင်ဖြိုးဦးဆောင်သည့် ပါတီ ၃၄ ခုက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ သွားပြီး ရွေးကောက်ပွဲမျှတမှုမရှိပါက ဖြေရှင်းပေးရန် အကူအညီတောင်းကြရာ စစ်ဗိုလ်ချုပ်က “ကျွန်တော်မလုပ်ရဲတာ ဘာမှမရှိဘူး”ဟု တုံ့ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုကို ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များက ထောက်ခံကြသည်။

အာဏာသိမ်းမှုဆန့်ကျင်သည့် ပြည်သူတို့ကို တန်ပြန်သည့် ဆန္ဒပြပွဲများတွင် ပြည်ခိုင်ဖြိုးပါတီဝင်များက ဦးဆောင်ပါဝင်ခဲ့ကြပြန်သည်။အာဏာသိမ်းပြီးနောက်တစ်ရက်အကြာ ဖေဖော်ဝါရီ ၂ တွင် အာဏာသိမ်းစစ်ကောင်စီကို ဖွဲ့စည်းရာ ပြည်ခိုင်ဖြိုးနှင့် ၎င်း၏ မိတ်ဖက်ပါတီအများအပြားမှာ အဖွဲ့ဝင်များဖြစ်လာကြသည်။

ဦးသိန်းစိန်အစိုးရလက်ထက် ဝန်ကြီးများဖြစ်ခဲ့သည့် ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်ဟောင်းများကို စစ်ကောင်စီတွင် ထည့်သွင်းခြင်းမရှိသော်လည်း ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဟောင်း စိုင်းလုံဆိုင်သည် စစ်ကောင်စီအဖွဲ့ဝင်ဖြစ်လာသည်။ထို့ပြင် ပြည်ခိုင်ဖြိုးမိတ်ဖက်များဖြစ်သော၊ NLD ပါတီကို အစဉ်တစိုက် ဆန့်ကျင်လာခဲ့ကြသော အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွန့်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ဦးခင်မောင်ဆွေတို့မှာလည်း စစ်ကောင်စီတွင် ပါဝင်လာကြသည်။

ဦးသိန်းညွန်နှင့် ဦးခင်မောင်ဆွေတို့ ၂ ဦးမှာ NLD ပါတီဝင်ဟောင်းများဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် NDF ကို တည်ထောင်ခဲ့သူများဖြစ်သည်။စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီးအများစုကိုလည်း အလားတူ ရွေးချယ်ခဲ့သည်။ ဦးသိန်းစိန်အစိုးရကာလ နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးဝဏ္ဏမောင်လွင်ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဖြစ်လာသည့် ဗိုလ်မှူးကြီးဟောင်း ဦးကိုကိုလှိုင်၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဦးဝင်းရှိန်တို့သည် ဦးသိန်းစိန်အစိုးရလူဟောင်းများဖြစ်သည်။

ရန်ကုန်တွင် အာဏာသိမ်းမှုထောက်ခံခြင်းအတွက် လိုအပ်သည့် လူအင်အားကို ပြည်ခိုင်ဖြိုး မြို့နယ်အဆင့်တာဝန်ယူထားသူများက စီစဉ်ကြသည်။ဖေဖော်ဝါရီ ၂၅ က ရန်ကုန်မြို့လယ်တွင် တပ်ထောက်ခံပွဲပြုလုပ်နေသူတို့က အငှားယာဉ်ပေါ်မှ လက်သုံးချောင်းထောင်သည့် သင်္ကေတကို ဖော်ပြခဲ့သည့် အမျိုးသမီးနှင့် ၎င်း၏ အဖော်များကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။ထိုရိုက်နှက်မှုတွင် ပါဝင်သူများကို ပြည်သူလူထုက ဖမ်းဆီးစစ်ဆေးမေးမြန်းရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်သည့် ဦးစိုးစိုးနှင့် ဒေါ်မာမာဝင်းတို့က ခေါ်ယူသောကြောင့် တပ်ထောက်ခံပွဲတွင် ပါဝင်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

လူထု၏ ဆန္ဒပြပွဲများမှာ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေသည်ဟု ပြည်ခိုင်ဖြိုးပါတီဝင်တို့က လူမူကွန်ရက်မီဒီယာများတွင် ကန့်ကွက်ရေးသားကြသည်။ဆန္ဒပြပွဲများစတင်ပြီး ၄ ရက်အကြာ ဖေဖော်ဝါရီ ၁၀ တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များ၏ ပစ်ခတ်မှုကြောင့် နေပြည်တော်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် သေဆုံးခဲ့ရသည်။ “မြသွဲ့သွဲ့ခိုင်လို နောက်တစ်ယောက်ဖြစ်အောင်တော့ မြှောက်မပေးနဲ့၊ ဇရှိရင် အစိုးရစင်ပြိုင်ထောင်နေတဲ့ အာဏာရူးတွေ ကလေးလေးတွေကို မြှောက်ပေးနေတဲ့ သက်ကြားအိုတွေ လမ်းပေါ်အရင်ထွက်ကြ” ဟု ပါတီပြောခွင့်ရ ဒေါ်နန်းမြမြမီမီဇော်က ၎င်း၏ Facebook တွင် ရေးသားခဲ့သည်။

‘ပြည်ခိုင်ဖြိုးတွေကို ဒလန်ပါလို့ဆိုပြီး အကြောင်းရှာ လက်ညိုးထိုးသတ်နေတာကို လက်ပိုက်ကြည့်မနေနိုင်ဘူး’ ဟု ဇွန် ၃ ရက်နေ့တွင် ရေးသားထားပြီး ဇွန် ၁၃ တွင် ပစ္စတိုတစ်လက်ပုံ တင်ထားသည်ကို တွေ့ရသည်။စစ်ပွဲအတွင်းက ပြည်ခိုင်ဖြိုး ဒလန်မလုပ်ပါဟု ပါတီခေါင်းဆောင်ပိုင်းက ငြင်းသော်လည်း မြေပြင်တွင်မူ ပါတီဝင်များနှင့် အာဏာရှင်ဆန့်ကျင်သူများကြား ပဋိပက္ခကြီးမားလာသည်။မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)က ပြည်ခိုင်ဖြိုးပါတီဝင်များသည် စစ်တပ်နှင့်အတူ လူထုကို အန္တရာယ်ပေးနေသည့်အတွက်ကြောင့် ပြည်ခိုင်ဖြိုးကို အကြမ်းဖက်အုပ်စုဝင်အဖြစ် သတ်မှတ်ကြောင်း ဇွန် ၁၂ က ကြေညာချက်ထုတ်သည်။

ပါတီဝင်များမှာ တိုက်ပွဲဝင်စစ်ဝတ်စုံများဖြင့် ပေါ်ပေါ်ထင်ထင်ပါဝင်လာပြီး နေအိမ်များကို ဝင်ရောက်ဖျက်ဆီးရာတွင် စစ်တပ်နှင့်အတူ ပါဝင်နေကြောင်း၊ အမာခံပြည်ခိုင်ဖြိုးများကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ပြီး သာမန်ပါတီဝင်များ၏ အသက်အန္တရာယ်ကိုလည်း အာမမခံနိုင်ကြောင်း ကြေညာချက်က ဆိုသည်။ထိုကြေညာချက်နှင့် ပတ်သက်ပြီး မင်းကင်းမြို့နယ်အမတ် ဦးမောင်မြင့်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် မဖြေကြားလိုကြောင်း ပြောသည်။

ဧရာဝတီတိုင်းအတွင်း ပေးနေသော စစ်သင်တန်းနှင့် ဆက်စပ်နေသည့် ပြည်ခိုင်ဖြိုးပါတီဝင်အမည်စာရင်းကို စုဆောင်းထားကြောင်း တိုင်းအတွင်း မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။“တစ်ခုခုဖြစ်လာရင် ဒီကောင်တွေက အတွင်းကနေ ပတ်မွှေမှာ။ ဒီကောင်တွေက ကျွန်တော်တို့ကို အဓိကပုံဖျက်မှာပဲ။ တချို့ အဖျက်အမှောင့်လုပ်ငန်းတွေဆိုတာကလည်း ဒီကောင်တွေကပဲ ဦးဆောင်လုပ်နေတာပါ” ဟု ၎င်းက ပြောသည်။

ထိုစစ်သင်တန်းပေးမှုများကို ပါတီဗဟိုက ညွှန်ကြားထားခြင်းမရှိသလို သိလည်းမသိရှိကြောင်း မိတ္ထီလာအမတ် ဒေါက်တာမောင်သင်းက ငြင်းဆိုသည်။“တစ်ခုတော့ ရှိတာပေါ့။ ကိုယ့်လုံခြုံရေးအတွက် ကိုယ်က ဟိုဟာဖြစ်ရင်တော့ စောစောစီးစီး တတ်နိုင်သမျှ အသက်အန္တရာယ်မရှိအောင် နေဖို့ထိုင်ဖို့အတွက် ဒါပဲ ပြောတာပဲ။ ကျန်တာတော့ ကိုယ်တို့ ဘာမှမပြောဘူး” ဟု ဒေါက်တာမောင်သင်းကပြောသည်။ ဌာနချုပ်မှ အဓိကပုဂ္ဂိုလ်များကသာ တိုက်ရိုက်ကိုင်တွယ်သော အရေးကြီးသည့် လှုပ်ရှားမှုများဆိုလျှင် ပြည်နယ်၊ တိုင်းနှင့် မြို့နယ်အဆင့်များပင် မသိရကြောင်း အာဏာသိမ်းပြီးနောက် ပါတီမှ ထွက်ထားသည့် လူငယ်တစ်ဦးက ပြောသည်။

“ပါတီဖြစ်မှပါလာတဲ့သူမျိုးတွေမဟုတ်ဘဲနဲ့ အသင်းကာလကတည်းက ပါတီနဲ့ လှုပ်ရှားခဲ့ဖူးတဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက်ကတည်းက အသင်းအနေနဲ့ လှုပ်ရှားခဲ့ဖူးတဲ့ လူတွေရဲ့ လမ်းကြောင်းတွေဖြစ်မယ်” ဟု ၎င်းက သုံးသပ်သည်။ရွေးကောက်ပွဲအပြီး လမ်းပေါ်ထွက်လှုပ်ရှားမှုများတွင် ၎င်းတို့မသိရှိလိုက်ဘဲ ဌာနချုပ်က လုပ်ဆောင်သွားသည်မျိုးကိုလည်း ကြုံတွေခဲ့ဖူးသည်ဟု ၎င်းက ပြောသည်။“ဒီဟာကြီးတစ်ခုလုံး ဖြစ်မြောက်ဖို့အတွက် ဘယ်အဖွဲ့တွေ၊ ဘယ်အဖွဲ့တွေ ခေါ်မယ်၊ ဘယ်သူတွေနဲ့ ဆက်သွယ်မယ်ဆိုတဲ့ networking (ကွန်ရက်ချိတ်ဆက်မှု) ရှိနိုင်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီကို ပြည်ခိုင်ဖြိုးမကျေနပ်ပစ်မှတ်ထားတိုက်ခိုက်ခံရမှုများကြောင့် ပါတီဝင်များ၊ တပ်ထောက်ခံသူများ၊ ဒလန်များ စိုးရိမ်လာကြပြီး သူတို့အတွက် လုံခြုံရေးမပေးနိုင်ခြင်းကို မချိတင်ကဲ ပြောဆိုရေးသားလာကြသည်။ဇွန် ၁၂ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် တပ်ထောက်ခံသူတစ်ဦးက လက်နက်ကိုင်ခွင့် တောင်းခဲ့သည်။

“မိမိကိုယ်ကိုယ် ပြည့်ဝစွာ ခုခံကာကွယ်နိုင်တဲ့၊ မိမိတို့ရဲ့ အသက်အန္တရာယ်ကို ကာကွယ်နိုင်တဲ့ လက်နက်မျိုးကို ကိုင်ဆောင်ခွင့်ပြုပါလို့ ကျွန်မတို့ တောင်းဆိုချင်ပါတယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။တပ်ထောက်ခံသူဟု ထိုပွဲတွင် မိတ်ဆက်ပြောဆိုခဲ့သော်လည်း ၎င်း၏ အမည်မှာ ဒေါ်ဆွေဇင်ဦးဖြစ်ကြောင်း Myanmar Now က စုံစမ်းသိရှိရပြီး Linlonn Thanzin အမည် အသုံးပြုသည့် ၎င်း၏ Facebook တွင် ပါတီတံဆိပ်ပါ အင်္ကျီဝတ်ထားသည့် ၎င်း၏ဓာတ်ပုံအများအပြားကို တွေ့ရသည်။

အနယ်နယ်အရပ်ရပ်တွင် အံတုမှု၊ တိုက်ခိုက်မှုတို့နှင့် ရင်ဆိုင်နေရသော အာဏာသိမ်းစစ်တပ်၏ အခြေအနေမှာလည်း ဒလန်ဟု စွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တပ်မတော်ထောက်ခံသူ ၁၇၀ ဦးအထိ ရှိနေပြီဖြစ်ကြောင်း၊ အန္တရာယ်ပြုခံနေရသည်ဟု အကြောင်းကြားလာပါက အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ပေးနေကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“ကျွန်တော်တို့ ဝန်ခံပါတယ်။ လူတစ်ဦးချင်း၊ တစ်ဦးချင်းကိုတော့ ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်း မရှိပါဘူး” ဟု စစ်ကောင်စီ၏ ပြန်ကြား ရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်သည်။

ထိုသို့ပြောဆိုပြီး သိပ်မကြာမီရက်ပိုင်းအတွင်း အရပ်ဝတ်လက်နက်ကိုင်များက မန္တလေးမြို့ရှိ NLD ပါတီရုံးချုပ်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ နေအိမ်နှင့် ရန်ကုန်ရှိ NLD ပါတီရုံးချုပ်တို့ သေနတ်ပစ်ခြင်းနှင့် ဗုံးခွဲတိုက်ခိုက်ခြင်းတို့ စတင်ဖြစ်ပေါ်လာသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရီးထွေးရွာတွင် ဇွန် ၁၆ရက်နေ့၌ ပြည်ခိုင်ဖြိုးပါတီဝင်များက လက်နက်ကိုင်ခြိမ်းခြောက်၍ NLD ပါတီထောက်ခံသူများ၏ နေအိမ်လေးလုံးကို ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။myanmar now

တာမွေမှာ ဗုံးတွေ ဆင့်ပေါက်၊ မီးခိုးလုံးများတက်လာ

တာမွေမြို့နယ်၊ တာမွေစျေးအနီးမှာ ဒီနေ့ ညနေ ၃ နာရီ ၂၀ မိနစ်ဝန်းကျင် ဗုံး ၂ လုံးဆင့်ပေါက်ပြီး မီးခိုးလုံးတွေတက်လာတာ မြင်ရကြောင်း၊ ထိခိုက်သေဆုံးမှု ရှိတယ်လို့ သတင်းတွေ ကြားရကြောင်း တာမွေဒေသခံတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို သတင်းပေးပို့ပါတယ်။

“အသံကျယ်ကြီးပဲ နှစ်ချက်၊ တိုက်တွေတောင် တုန်တယ်။ ပြီးတော့ မီးခိုးတွေလည်း မြင်ရတယ်။ တာမွေစျေးနားကို ဖုန်းဆက်မေးကြည့်တော့ ခွေးတွေကားနားမှာ ဗုံးပေါက်တယ်လည်း ပြောတယ်။

အခုတော့ ခွေးတွေ အများကြီး ခြေလျင်တက်လာတယ်။ လမ်းတွေလည်း ပိတ်ကုန်ပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ လတ်တလော ဗုံးပေါက်မှုကြောင့် သေဆုံးထိခိုက်မှု တချို့ရှိသည်ဟု ပြောဆိုကြသော်လည်း ရန်ကုန်ခေတ်သစ်က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။khit thit

ကလေးမြို့တွင် ကိုဗစ်-၁၉ လူနာ ၂ ဦး ထပ်မံ သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇွန်လ ၁၇ ရက် ညက ကိုဗစ်- ၁၉ အတည်ပြု လူနာ  ၂ ဦး ထပ်မံ သေဆုံးသွားတယ်လို့ ကလေးမြို့ ပရဟိတလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။ 

ဒီနေ့ မနက်က ကလေးမြို့ဆေးရုံကြီးမှာ  ကိုဗစ်ပိုးစစ်ဆေးသူ ၄၅ ယောက်ရှိတဲ့အထဲ ၂၅ ယောက်မှာ ပိုးတွေ့ပြီး ကုတင်၁၀၀ စစ်ဆေးရုံမှာ ၉ ယောက်  ကိုဗစ်-၁၉ ပိုးစစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒီနေ့ တစ်ရက်ထဲ ကလေးမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း ၃၄ ယောက်ရှိတယ်လို့  ကလေးမြို့ ပရဟိတလုပ်ကိုင်သူတစ်ဦးကပြောပါတယ်DVB

ဒီပဲယင်းတွင် စစ်ကောင်စီခန့် သရက်ကန်အနောက်ရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရ၊ အကြမ်း ဖက်စစ်ကောင်စီတပ်များက ရွာကိုဝင်စီး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် သရက်ကန်အနောက်ရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးသည် ယနေ့ ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် အသတ်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များက သရက်ကန်အနောက်ကျေးရွာသို့ စစ်ကား ၇ စီးဖြင့် ဝင်ရောက်လာကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်ပြောဆိုသည်။

“ဒလန် သတင်းပေး စစ်တပ်က ခန့်ထားတဲ့ အုပ်ကြီး အောင်မြင့်စိုး အသတ်ခံရတယ်။ ဓားနဲ့ ထိုးပြီး အသတ်ခံရတာ။ အဲဒါ ရွာကလူတွေနဲ့တော့ အဆက်အသွယ်မရတော့ဘူး။ အကုန်ပြေးကြပြီ။ ကျနော်တို့ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်တွေ အကုန်လုံး သရက်ကန်အနောက်ရွာဘက်ကို သွားနေကြပြီ။ ရွာတော့ အဖိခံရမယ်ထင်တယ်” ဟု သပြေကန်ကျေးရွာမှာ ဒေသခံတစ်ဦးက ရှင်းပြသည်။

သရက်ကန်အရှေ့ရွာမှ ဒေသခံတစ်ဦးကလည်း စစ်သားများသည် ခြေလျင်ဖြင့်လည်းကောင်း၊ စစ်ကားဖြင့်လည်းကောင်း သရက်ကန်အနောက်ရွာဘက်သို့ သွားနေကြသည်ဟုဆိုသည်။

“ကျနော်တို့ရွာနားမှာလည်း အင်အားတချို့ချန်ခဲ့တယ်။ ခြေလျင်တက်လာတဲ့လူတွေရော၊ စစ်ကားနဲ့ တက်လာတဲ့လူတွေရော မနည်းဘူး။ လူသတ်မှုဖြစ်တာက သရက်ကန်အနောက်ရွာမှာပါ။

အုပ်ကြီးအသတ်ခံရတာပြောတယ်။ အဲဒီရွာဘက်ကို အခု သွားလို့မရတော့ဘူး ။ ရွာခံတွေလည်း လူသတ်မှု ဖြစ်ပြီးကတည်းက ပြေးနေရပြီ” ဟု သရက်ကန်အရှေ့ရွာ ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် ဒီပဲယင်းတစ်မြို့နယ်လုံးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် တပ်စွဲထားပြီး ကျေးရွာများသို့ ဝင်ရောက် စစ်ဆေးခြင်း၊ ရိုက်နှက်ဖမ်းဆီးခြင်း၊ နေအိမ်များကို ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။khit thit

နမ္မတူတွင် ကျောင်းဆရာမ ၃ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ထဲမှာ ကျောင်းဆရာမ ၃ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားတာတွေ့ရှိရပြီး သူတို့နဲ့ ထိစပ်တဲ့ ပညာရေးဝန်ထမ်း၊ ကျောင်းသား ကျောင်းသူတွေနဲ့ မိဘတွေအားလုံး အသွားအလာကန့်သတ်နေနေရပါတယ်။ 

အဆိုပါဆရာမတွေဟာ မြေပြန့်ဒေသကနေ နမ္မတူမြို့နယ် ကျေးရွာမူလတန်းကျောင်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာကာ လောလောဆယ် နယ်မြေမအေးချမ်းတာကြောင့် နမ္မတူ အလက (၂) ကျောင်းမှာ တာဝန်ထမ်းဆောင်နေကြတာပါ။

ဆရာမတွေဟာ အနံ့မရလို့ နမ္မတူဆေးရုံမှာ ဆေးစစ်ရာက ဇွန်လ ၁၆ ရက်နေ့မှာ ပိုးတွေ့ကြောင်းအဖြေထွက်တာလို့ ကိုဗစ်-၁၉ အရေးကူညီဆောင်ရွက်ပေးနေတဲ့ နမ္မတူမေတ္တာရှင်လူမှုကူညီရေးအသင်းမှ ကိုချစ်မွှေးက ဒီဗွီဘီကို ပြောပါတယ်။ 

“ဆရာမတွေက မြေပြန့် မိတ္ထီလာ၊ ပခုက္ကူကနေ လားရှိုး၊ လားရှိုးကနေ နမ္မတူ အဲလို ဆင့်ကဲဆင့်ကဲကားစီးပြီးရောက်လာတာ၊ ရွာမှာ အခြေအနေအရ ကျောင်းတွေမဖွင့်နိုင်သေးတော့ အလက ၂ မှာယာယီတွဲဘက်ထားထားတယ်၊  ဆရာမတွေက အနံ့မရလို့ဆိုပြီး ၅ ယောက်ကို ဆေးစစ်လိုက်တာမှာ ပြီးခဲ့တဲ့ ၁၆ ရက်နေ့က ၃ ယောက် ပိုးတွေ့တယ်လို့ အဖြေထွက်တယ်ခင်ဗျ၊ နမ္မတူဆေးရုံမှာဘဲ မြို့နယ်ဆရာဝန်ကြီးကစစ်ပေးတာပါခင်ဗျ၊  ၂ ယောက်မှာ ၁ ယောက်က ကိုဗစ်ကာကွယ်ဆေးထိုးထားတယ်၊ ၁ ယောက်က မထိုးထားဘူး၊ ကျန်းမာရေးအခြေအနေ ကတော့ ကောင်းပါတယ်၊ လူကောင်းပုံစံအတိုင်းဘဲ၊ ဘာလက္ခဏာမှမပြသေးပါဘူး”။

ပိုးတွေ့တဲ့ ဆရာမတွေနဲ့ နီးစပ်ထိတွေ့မှုရှိခဲ့တဲ့ အလက ၂ က ဆရာဆရာမတွေ၊ ကျောင်းထဲက တခြားဝန်ထမ်းတွေ၊ ကျောင်းသားကျောင်းသူ ၃၃ ယောက်နဲ့ မိဘအုပ်ထိန်းသူတွေကို နေအိမ်မှာ ကွာရန်တင်းလုပ်ပြီး အသွားအလာကန့်သတ်ထားတယ်လို့ သူကဆက်ပြောပါတယ်။ 

နမ္မတူမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၈ ယောက်ရှိခဲ့ပြီး နမ္မတူဆေးရုံကြီးမှာဘဲ ကုသပျောက်ကင်းလို့ ဆေးရုံဆင်းကုန်ပြီလို့ ဆိုပါတယ်။ DVB

ကျောက်တော်မြို့နယ်၌ မြေမြှုပ်မိုင်းကွဲပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ဇွန်လ ၁၇ ရက် မနက်က  မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရသွားပါတယ်။

ယိုးချောင်းဒေသ ငှက်ပျော့ချောင်းကျေးရွာနေ ဒေါ်အေးမြဟာ မနေ့ မနက်က တောထဲကို မျှစ်(ဝါးတုတ်)ခူးသွားရင်း မိုင်းနင်းမိကာပေါက်ကွဲမှုကြောင့် ဘယ်ဘက်ခြေထောက်မှာ ပြင်းထန်စွာဒဏ်ရာရရှိလို့ စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်ထားရတယ်လို့ ရခိုင်တိုင်းရင်းမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“သူက စားဝတ်နေရေးအတွက် တောထဲမှာမျှစ်သွားခူးတယ်။ အဲဒီမှာ မြေမြှုပ်မိုင်းနင်းမိပြီးတော့ ပေါက်ကွဲသွားတဲ့အတွက် ဘယ်ဘက်ခြေကျင်းဝတ်အောက် ပြတ်ထွက်သွားခဲ့တယ်။ ဒဏ်ရာကပြင်းတဲ့အတွက် စစ်တွေဆေးရုံကိုယူလာပြီးတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေပါပြီ” ။

ဒေါ်အေးမြဟာ လက်ရှိဆေးရုံမှာ ဆေးကုသမှုခံယူရာမှာ ကုန်ကျစရိတ်တွေအတွက်  လာရောက်ကူညီထောက်ပံ့ပေးကြသလို အခမဲ့ဆေးကုသပေးတဲ့အတွက် အဆင်ပြေပေမဲ့  ဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရတဲ့ မုဆိုးမ တစ်ဦးဖြစ်ကာ သမီး တစ်ယောက်က တက္ကသိုလ်တက်နေတာကြောင့်  ဘဝရေရှည်ရပ်တည်ရေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ငှက်ပျော့ချောင်းကျေးရွာအနီးမှာ အရင်ကလည်း မိုင်းပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ ၂ နှစ်ကျော်ကြာတိုက်ပွဲဖြစ်ပြီးနောက် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေပေါက်ကွဲမှုကြောင့် ၂၀၂၁ ခုနစ် ဇွန်လ ၆ ရက်အထိ သေဆုံးသူ ၄၉ ဦးနဲ့ ဒဏ်ရာရသူ ၇၉ ဦးရှိပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။DVB

« Older Entries