Monthly Archives: Jun 2021

ရန်ကုန် ကန်တော်ကြီးပတ်လမ်းမှာ အိမ်စီးကားတစ်စီး ပေါက်ကွဲမှုဖြစ်ပြီး လူ ၁ ဦးထိခိုက်ရာရဟုဆို

ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းမှာ ဇွန်လ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၂၀ ဝန်းကျင်က အိမ်စီးကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ သတင်းပေးပို့ပါတယ်။

“အသံလည်း အရမ်းကျယ်တယ်။ မီးခိုးတွေ အတော်များတယ်။ ကားက ပွင့်ထွက်သွားတယ် ။

ဗုံးပေါက်တယ်လို့ ထင်တယ်။ သေချာတော့ မသိဘူး။ အခုတော့ စစ်တပ်က လာစစ်နေပြီ။ ကားထဲပါတဲ့ သူတစ်ဦး ထိခိုက်တယ်လို့ သိရပါတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ကန်တော်ကြီးပတ်လမ်းမှာ ဂျပန်သံရုံး၊ UN ရုံး အပါအဝင် ရုံးတွေ ရှိနေပြီး အခုဖြစ်ပွားတဲ့နေရာက UN ရုံးနဲ့ သိပ်မကွာဘူးလို့လည်း သိရပါတယ်။khit thit

မန္တလေးအခြေစိုက် တက္ကသိုလ် ကျောင်းသားသမဂ္ဂများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး “ပန်းသပိတ်” လှုပ်ရှားမှု

ယနေ့ ဇွန်လ ၁၉ ရက်တွင်ကျရောက်သော ​လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် “ကြောက်ခေတ်ကို မှောက်ပစ်” “Freedom from Fear” စတဲ့ ကြွေးကြော်သံတွေ ရဲရဲတောက် ကြွေးကြော်ရင်း လူထု သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့ကြသည်။khit thit

တရုတ်လက်အောက်ခံ အာဆီယံကြောင့် ထိခိုက်မှုများလာနေသည့် မြန်မာ့နိုင်ငံရေးအကျပ်အတည်း

Quad အဖွဲ့ဝင်နိုင်ငံများအနေနှင့် ဒေသတွင်းလုံခြုံရေးအတွက် နည်းလမ်းသစ်များစဉ်းစားသင့်

========================================================================

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့သည် ပူးပေါင်းလုပ်ဆောင်သည်ဟုပင် ပြော နိုင်လုနီးနီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုရေး ခြေလှမ်းများတိုးလာနေသည်။ အာဏာသိမ်း စစ် ကောင်စီကို အသိအမှတ်ပြုလက်ခံသည့် ၎င်းတို့၏ အရေးပါသောခြေလှမ်းများမှာ ဇွန်လ အစောပိုင်းကစတင်၍ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။

မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင် နှင့် တရုတ်သံအမတ်တို့ တွေ့ဆုံပြီးနောက် ရန်ကုန်မြို့ အခြေစိုက် မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်သောထုတ်ပြန်ချက်တစ်စောင်တွင် အကြမ်းဖက်စစ်ခေါင်းဆောင်ကို ‘မြန်မာ ခေါင်းဆောင်’ဟု ရည်ညွှန်းသုံးစွဲခဲ့သည်။ ထိုအချိန်တွင် အာဆီယံကလည်း တိုက်ရိုက်မဟုတ်သည့် အခြားနည်းလမ်းအားဖြင့် လက်ခံအသိအမှတ်ပြုမှု တစ်ရပ် ရှိလာသည်။

အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်၏ အောင်မြင်မှုရှိသည်ဆိုသော မြန်မာနိုင်ငံ နေပြည်တော် ခရီးစဉ်အကြောင်း အကျဉ်းချုပ်ထုတ်ပြန်ချက်တွင် အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်း အောင်လှိုင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့သည်။ ယင်းထုတ်ပြန်ချက်ကြောင့် အာဆီယံနိုင်ငံအများအပြား၏ ပြင်းထန်သော ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့အပြင် စစ်ကောင်စီကကျူးလွန်နေသည့် အကြမ်းဖက်မှုများရပ်တန့်ရေး မြန်မာ့အရေး တွန်းအား ပေး ဆောင်ရွက်ရန် ကတိပြုထားသောအချက်ငါးချက်အပါအဝင် အာဆီယံ၏ နှေးကွေးလှသော သံတမန်ရေးဆိုင်ရာ လုပ်ဆောင်ချက်များအပေါ် မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်စရာလည်း ဖြစ်လာခဲ့သည်။

အထွေထွေအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် နောက်ပိုင်းတွင် အဆိုပါထုတ်ပြန်ချက်ကို အင်တာနက် စာ မျက်နှာပေါ်က ပြန်ဖြုတ်ချခဲ့ပြီး လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်အပေါ်တွင်လည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ မင်းအောင်လှိုင်မှာ အာဆီယံလုပ်ငန်းစဥ်အပေါ်တွင် ခိုင်ခိုင်မာမာ ထိန်းချုပ်ထားနိုင်ကြောင်း မြန်မာ့ အရေးဆိုင်ရာနိုင်ငံတကာအဝန်းအဝိုင်းကြားတွင်လည်း ရှင်းရှင်းလင်းလင်း သိမြင်လာစေသည်။

ထိုသို့သော အခြေအနေများကို မကြာသေးမီက တရုတ်နိုင်ငံ ချောင်ချင်းမြို့တွင် ပြုလုပ်ခဲ့သော အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင်လည်း တွေ့နိုင်သည်။

မြန်မာနိုင်ငံအတွက် အရေးပေါ် ကာလကြာမြင့်ချိန်နှင့် ရွေးကောက်ပွဲအစီအစဉ်တို့အကြောင်း ရှင်းပြခြင်းဖြင့် မြန်မာအကြမ်းဖက်စစ်တပ်က ၎င်းတို့ရေးဆွဲထားသော အချက်ငါးချက်ပါ စည်းကမ်းပြည့်၀သော ဒီမိုကရေစီကို အဆိုပါအစည်းအဝေးတွင် ထုတ်ပြန်စည်းရုံးခဲ့သည်။

ယင်းအစီအစဉ်မှာ အာဆီယံ ခေါင်းဆောင်များ ဧပြီလအတွင်းက ဂျာကာတာမြို့တွင် တွေ့ဆုံခဲ့စဉ် မြန်မာ့အရေး အကြပ်အတည်းပြေလည်စေရေး လုပ်ဆောင်ရန် ထုတ်ပြန်ထားသည့် အချက်ငါးချက်ပါ သဘောတူညီချက်နှင့် ချိန်သားကိုက်ဖြစ်မနေဘဲ ကို့ရို့ကားရား ဖြစ်နေသည်။ မြန်မာအကြမ်းဖက် စစ်ခေါင်းဆောင်၏ အာဏာဥသုံပိုင်စိုးရေး အစီအစဉ်ကို ပိုမိုလက်ခံနိုင်ဖွယ် ကဲ့သို့ ဖြစ်နေသည်မှာ ၎င်း၏ သံတမန်ရေး ကျွမ်းကျင်မှုထက် အာဆီယံ၏ အလုပ်မဖြစ်ညံ့ဖျင်းမှုကြောင့်က ပိုကဲနေသည်။

ထိုအခြေအနေတွင် တရုတ်နိုင်ငံက ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ အခြားအကြောင်းကြောင့် ဖြစ်စေ အာဆီယံ၏ မူလကတည်းက အကွဲကွဲအပြားပြားဖြစ်နေသော ညီညွတ်မှုကို အားလျော့စေခဲ့ပြီးလည်း ဖြစ်သည်။ တရုတ် အစိုးရက အာဆီယံအတွင်း မည်မျှ ထိုးဖောက်ဝင်ရောက်နေရာယူထားသည်ကို ချောင်ချင်းအစည်းအဝေးတွင် တွေ့နိုင်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ တုံ့ပြန်ဆောင်ရွက်ပုံကို ထောက်ရှုခြင်း အားဖြင့် အာဆီယံ၏ဒေသတွင်း ပြိုင်ဘက်ကင်းအခန်းကဏ္ဍမှာ မည်မျှ တိုက်စားဖြိုဖျက်ခံနေရပြီကို တွေ့နိုင်သည်။ ချောင်ချင်းအစည်းအဝေးပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော မြန်မာအရေးအတွက် သဘောတူညီချက်ငါးရပ်တွင် အထူးကိုယ်စားလှယ်ခန့်အပ်ရေးကို လုံးဝ ရည်ညွှန်းပြောဆိုထားခြင်း မရှိပေ။

ထိုအစား တရုတ်-အာဆီယံ သဘောတူညီချက်က အလေးပေးဖော်ပြထားသည်မှာ မြန်မာ့စီးပွားရေး ပြန် လည်ထူထောင်ရေး အတွက် အကူအညီပေးရေး၊ ကိုဗစ်အကူအညီ၊ နိုင်ငံရေးဆွေးနွေးမှုလုပ်ဆောင်ရေး၊ အကြမ်းဖက်မှုပုံစံအားလုံး အဆုံးသတ်ရေးနှင့် အချင်းချင်းပိတ်ဆို့အရေးယူမှု မပြုလုပ်ရေးတို့ ဖြစ်သည်။

ယင်းတို့မှာ ကုလသမဂ္ဂ၏ စေ့စပ်ညှိနှိုင်းရေး အားထုတ်မှုများနှင့် ဖြစ်နိုင်ဖွယ် အခြား ပါဝင်ဆွေးနွေးမှုများကို ပြတ်ပြတ်သားသား ဘေးဖယ်ထုတ်လိုက်ပြီး ‘မလျော်ကန်သော ဝင်ရောက်စွက်ဖက်ရေး’ အခြား နည်း လမ်းများကိုလည်း ကာကွယ်သတိပေးပြီးသား ဖြစ်စေသည်။ ထိုသို့ဖြင့် တရုတ်နှင့် မင်းအောင်လှိုင် တို့အလိုကျ တကယ့်နေရာသို့ အာဆီယံကို တန်းတန်းမတ်မတ် ရောက်သွားစေသည်။ စစ်အုပ်စု၏ အကြမ်းဖက်ပြီး အုပ်ချုပ်အာဏာတည်ရန် ကြိုးပမ်းနေမှု ကာကွယ်ရေး လုပ်ငန်းစဉ်များကို အချည်းနှီးဖြစ်စေမည်၊ သွေးကွဲသွားစေမည်။ ယင်းသို့ လုပ်ဆောင်ရာတွင် အာဆီယံက အပေါ်ယံသကာလောင်း ပါဝင်မှုမျိုးဖြင့် အချိန်ဆွဲ လှည့်စား ထားမည်ဖြစ်သည်။ ယင်းတို့မှာ တရုတ်နှင့် မင်းအောင်လှိုင်တို့ အလိုရှိသည့် ပုံစံဖြစ်ပြီး အာဆီယံက ဝင်အသုံးတော်ခံရမည်ဖြစ်သည်။

မြန်မာ့ စီးပွားရေးကို ထိန်းချုပ်အသုံးချရန်၊ တရုတ်နိုင်ငံ၏ အနောက်တောင် ပြည်နယ်များ မြန်မာ့ ရေနံ သဘာဝဓာတ်ငွေ့နှင့် အိန္ဒိယသမုဒ္ဒရာရှိ ဆိပ်ကမ်းကို လက်လှမ်းမီ ကူးသန်းနိုင်ရန် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံမည့် ချိတ်ဆက်ဆောင်ရွက်ရေး မဟာစီမံကိန်းကြီးကို အသုံးချပြီး အကြမ်းဖက်စစ်တပ်ကို နောက်ခံပြုပေးကာ တရုတ်နိုင်ငံက ကြေးကြီးသော အလောင်းအစားတစ်ရပ် လုပ်ဆောင်နေသည်။ အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် တရုတ်သံအမတ်ကြီး မတွေ့ဆုံမီလေးတွင် ဘေဂျင်းအစိုးရသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင် သည့် ထင်ရှားသူများနှင့် ဆက်သွယ်ရေးလမ်းကြောင်းတံခါး ကိုပိတ်ချလိုက်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုများမြင့်တက်လာပြီးနောက်ပိုင်း၊ တရုတ်အစိုးရ၏ စစ်ကောင်စီကို ထောက် ခံအားပေးနေသည့်အပေါ် လူထုဒေါသထွက်လာသည်နှင့်အမျှ၊ NUG အစိုးရမှနောက်ပိုင်းထွက်ပေါ်လာသော ကန့်ကွက်ထုတ်ပြန်စာတွင် ယခင်ကတရုတ်အစိုးရအပေါ် သတိကြီးကြီးဖြင့် ရပ်တည်ဆက်ဆံနေမှုကို အဆုံးသတ်လိုက်သည်။ ယင်းကြောင့်လည်း တရုတ်တို့၏ စီးပွားရေးနှင့် နိုင်ငံရေး အကျိုးစီးပွားကို ပိုမိုအခက်တွေ့လာစေသည်။

ရန်ကုန်မြို့တွင် ဇွန်လ ၁၁ ရက်နေ့က တရုတ် စက်ရုံတစ်ခုကို ဗုံးခွဲလိုက်ခြင်းက ဆက်ရန်ရှိသေးသည်ဟု ပြဆိုလိုက်သော နမိတ်ဆိုးတစ်ရပ်ဖြစ်သည်။ ဆန္ဒပြသပိတ်မှောက်သူများအကြား တရုတ်ဆန့်ကျင်ရေး ပိုတိုးလာခြင်းကလည်း စစ်ကောင်စီက တရုတ်ထံ ပိုရွေ့သွားစေဖို့ ဖြစ်စေသည်။ တရုတ်- မြန်မာ စီးပွားရေးစင်္ကြံကိုလွှမ်းမိုးရေး အဓိကကျသည့် ကာလကြာရှည် အငမ်းမရလိုအပ်နေသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို တရုတ်ထံ ခွင့်ပြုပေးအပ်ရေး ဖြစ်လာစေခဲ့သည်။

ယင်းစီမံကိန်းများတွင် ကျောက်ဖြူ ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ ဘီလျံများစွာ တန်သော စွမ်းအင်စီမံကိန်း၊ တရုတ်-မြန်မာ နယ်စပ်ရှိ နယ်စပ်ဖြတ်ကျော် မဟာစက်မှုဇုန်ကြီး တို့ ပါဝင်သည်။ မြန်မာစစ်ကောင်စီမှာ အာဏာထိန်းချုပ်သွားနိုင်ပြီး တရုတ်လက်ဝယ် ပြုသမျှနုရမည့် အခြေအနေမျိုး အောင် အောင်မြင်မြင် ပုံစံသွင်းထားနိုင်ပြီဟု တရုတ်အစိုးရက ထင်ကောင်း ထင်ပေလိမ့်မည်။ သို့သော် တရုတ်အစိုးရ၏ ဒေသတွင်းဆိုင်ရာ သွေးရူးသွေးတန်းသံတမန်ရေးမှာ တစ်ဆင့်ခေတ်နောက် ကျနေပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဆက်ဖြစ်နေပေလိမ့်ဦးမည်။

မြန်မာ့စီးပွားရေး ပြိုလဲလာသည်နှင့်အမျှ ဒေသတွင်းလုံခြုံရေး အကြပ်အတည်းမှာ ပိုမြင့်တက်လာဦးမည်ဖြစ်သည်။ ထိုသို့သော အခြေအနေများက အင်ဒိုနီးရှား၊ မလေးရှား နှင့် ထိုင်းနိုင်ငံတို့ ကဲ့သို့သော မြန်မာ့အရေး စိုးရိမ် သည့်နိုင်ငံ များကိုခက်ခဲပြီး သိသာထင်ရှားသော ဆုံးဖြတ်ချက်ချရန် ဖိအားပိုများစေလိမ့်မည်။

၎င်းတို့အနေဖြင့်လည်း ပြိုကွဲနေသော အာဆီယံအသင်းကြီးအတွင်းကမဟုတ်ဘဲ သီးခြား အလုပ် လုပ်နိုင် မည်လော။ ၎င်းတို့ကကော အိန္ဒိယ၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ အခြားသက်ဆိုင်သော နိုင်ငံများနှင့် ပူးပေါင်းကာ ခိုင်မာသောမိတ်ဖက်အစုအဖွဲ့တစ်ရပ်ဖြစ်လာရေး ဦးဆောင်နိုင်မည်လော။ မတည်မငြိမ်ဖြစ်စေသော အဓိကတရားခံဖြစ်သည့် မြန်မာအကြမ်းဖက် စစ်တပ်ကို အားရှိရှိ တုန့်ပြန် ဆောင် ရွက်နိုင်ရန် ဆက်စပ်ပတ်သက်သောနိုင်ငံများ အစုအဖွဲ့အသစ်ဖြစ်ပေါ်လာရေး လုပ်ဆောင်နိုင်မည်လော။ မြန်မာနိုင်ငံတွင် ကိုယ်တိုင်ရှင်သန်ရပ်တည်နိုင်သော အခြေအနေများကိုမြင်လိုသူများအဖို့ ခါးသီးသော အမှန် တရား ကို လက်ခံရန်အချိန်ရောက်နေပြီဖြစ်သည်။ အာဆီယံကို တရုတ်က ပြားပြားဝပ်နှိပ်ကွပ်ထားပြီးဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံတစ်ခုက အစပျိုးဖန်တီးလိုက်သော ဒေသတွင်း အကြပ်အတည်းကို ထိရောက်စွာ ကိုင်တွယ်နိုင်စွမ်း အာဆီယံတွင် မရှိတော့ပါ။ အာဆီယံအနေနှင့် မလုပ်နိုင် သို့မဟုတ် လုပ်လိမ့်မည်လည်းမဟုတ်သည့် အရေးကြီးသောခြေလှမ်းများကို ဒေသတွင်းလုံခြုံရေးပလက်ဖောင်း အစုအဖွဲ့တစ်ခုအနေနှင့်လုပ်ဆောင်ရန် ဩစတေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့ပါဝင်သော လေးနိုင်ငံလုံခြုံရေးဆွေးနွေးဘက်အစုအဖွဲ့ (Quad) တွင်တော့ အခွင့်အလမ်း ရှိနေသည်။

ထိုသို့ လုပ်ဆောင်ရေး Quad ကိုယ်တိုင် အခြေခံကျကျ ပြန်လည်သုံးသပ်ရန် အခွင့်အလမ်း ရှိနေသည်။ မြန်မာ့အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် တရုတ်အပေါ် အာရုံစိုက်လှုပ်ရှားမည့် Quad ကိုယ်ပိုင် အထူး ကိုယ်စား လှယ် တစ်ဦးစတင်ခန့်အပ်ခြင်းဖြင့်စတင်နိုင်ပါသည်။

ထိုသို့ဖြင့် စီးပွားရေး စီမံကိန်းများ အောင်အောင်မြင်မြင် ဖြစ်ထွန်းရေး အခြေခံ အုတ်မြစ်ဖြစ်သည့် ဒေသ တွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်နေသော မြန်မာ့အကျပ်အတည်းကို တလွဲကောက်ယူလုပ်ဆောင်နေသော တရုတ် အစိုးရကို ဖိအားပေးဆွဲဆောင်စည်းရုံးနိုင်မည်ဟု မျှော်လင့်ရသည်။

Nikkei Asia ပါ China’s subjugation of ASEAN is a great leap backward for Myanmar ဆောင်းပါးကို ဘာသာပြန်ဆိုထားပါသည်။ khit thit

အခွန်ရငွေတိုးလာရန် နှုန်းထားလျှော့မည်ဟု စစ်ကောင်စီ မက်လုံးပေး

ထီမထိုးခြင်း၊ အခွန်အခများမပေးဆောင်ခြင်းတို့ကြောင့် အခွန်ရငွေထိခိုက်လာချိန်တွင် ငွေဖြူမပြနိုင်ပါက ပေးဆောင်‌သော ဝင်ငွေခွန်ကို ထက်ဝက်လျှော့သည့်နည်းဖြင့် မက်လုံးပေးကာ အခွန်ရငွေတိုးလာရန် အာဏာသိမ်းစစ်ကောင်စီက ကြိုးပမ်းလာသည်။ 

အိမ်ခြံမြေ၊ ကားနှင့် အစုရှယ်ယာများဝယ်ယူတည်ထောင်ခြင်းအတွက် ဝင်ငွေရလမ်းမပြသနိုင်ပါက စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေခွန်ခေါင်းစဉ်ဖြင့် ငွေပမာဏအလိုက် ရာခိုင်နှုန်းတစ်ခု သတ်မှတ်ကာ အခွန်ကောက်ခံနေခြင်းဖြစ်ပြီး အချို့သောနှုန်းများကို စစ်ကောင်စီက ထက်ဝက်လျှော့ချသည်။

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များက ၂၀၂၀ ဩဂုတ်တွင် ပြည်ထောင်စုလွတ်တော်၌ ပြဌာန်းခဲ့သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၏ ပုဒ်မ ၂၅ ပါအခွန်နှုန်းထားများကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

ကျပ်သိန်း ၁,၀၀၀ အထိ ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀ မှ ၃၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃,၀၀၀ မှ  ၁၀,၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀,၀၀၀ မှ ၃၀,၀၀၀ အထိ ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃၀,၀၀၀ အထက် ၃၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ဟု ဇွန် ၁၇ တွင် စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။

ကျပ်သိန်း ၁,၀၀၀ နှင့် ကျပ်သိန်း ၁,၀၀၀ မှ ၃၀၀၀ အထိကောက်ခံသည့် အခွန်နှုန်းထားသည် မူလနှုန်းထားထက် ထက်ဝက်လျှော့ချထားခြင်းဖြစ်ပြီး ကျန်ဝင်ငွေအလွှာများအပေါ်တွင် ကောက်ခံသည့်ပမာဏမှာ မပြောင်းလဲပေ။ 

အခွန်လျှော့ချမှုအကျိုးသက်ရောက်မည့်ကာလမှာ ဇူလိုင် ၁ မှ စက်တင်ဘာ ၃၀ အထိဖြစ်ပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးတက်လာရန်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည့် အမိန့်ကြေညာစာတွင် ဖော်ပြသည်။

အခွန်နှုန်းလျှော့ချလိုက်ခြင်းမှာ ကျဆင်းနေသည့် အခွန်ရငွေကို ပြန်လည်တိုးတက်လာရန်အပြင် စစ်ကောင်စီနှင့် ဆက်နွယ်သူများလက်ဝယ်ရှိ ပမာဏများပြားလှသော ငွေမဲ(တရားမဝင်ငွေကြေး) အခွန်နှုန်းထားအနည်းငယ်ဖြင့် ငွေဖြူဖော်ရန် (တရားဝင်ငွေအဖြစ်ပြောင်းရန်) ဖြစ်ကြောင်း အမည်မဖော်လိုသည့် စီးပွားရေးပညာရှင်တစ်ဦးက Myanmar Now ကို ပြောသည်။

“အာဏာပိုင်တွေနဲ့ အလျဉ်းသင့်တဲ့ ပုဂ္ဂိုလ်တော်တော်များများက ငွေတွေအများကြီးရှိတယ်။ အခွန်လည်းမဆောင်ဘူး။ ငွေမဲတွေအနေနဲ့ရှိနေတယ်။ အဲဒါတွေနဲ့ လည်ပတ်နေတာတွေရှိတယ်ဆိုတော့ အဲဒီအထဲကနေ အခွန်ဆောင်လာလို့ရှိရင် အစိုးရအတွက်လည်း ရငွေရနိုင်တယ်။ ငွေမဲတွေကို တရားဝင်ငွေဖြူဖြစ်အောင်လုပ်တဲ့ ပုံစံမျိုးပေါ့” ဟု ၎င်းက ဆိုသည်။

စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေခွန်ပုဒ်မ ၂၅ သည် ကမ္ဘာ့နိုင်ငံများတွင် မြန်မာတစ်ခုတည်းတွင်သာရှိပြီး ငွေကြေးခဝါချမှုကို အား‌ပေးသည့်အပြင် ငွေမဲမှ ငွေဖြူဖော်သည့်ပုဒ်မဟုပင်ဆိုနိုင်ကြောင်း အခွန်ကျွမ်းကျင်သူတို့က ကောက်ချက်ချသည်။

ငွေကြေးခဝါချမှုဆိုင်ရာစည်းမျဉ်းများကို မလိုက်နာသဖြင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၂ ခုကို ငွေကြေးခဝါချမှုဆိုင်ရာ အမည်ပျက်စာရင်းတွင် ထည့်သွားရန် ဥရောပသမဂ္ဂ(EU) က စီစဉ်နေကြောင်း ၂၀၂၀ မေလအတွင်းက ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ဝင်ဖြစ်ပြီး ယင်းအဖွဲ့အစည်း၏ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial action Task Force- FATA) ၏ စံနှုန်းများအရ မြန်မာသည် Grey List  ထဲတွင် ပါဝင်သည်။

ပုံမှန်အခွန်ဆောင်သူများအနေဖြင့် ဝင်ငွေသိန်း ၃၀၀ နှင့်အထက်ဖြစ်ပါက ၂၅ ရာခိုင်နှုန်းဆောင်နေရချိန်တွင် အစဉ်တစ်စိုက်အခွန်ရှောင်သူများအနေဖြင့် အခွန်ရာခိုင်နှုန်းအနည်းငယ်ဆောင်ကာ ငွေဖြူဖော်နိုင်ခြင်းကြောင့် မျှတမှုမရှိကြောင်းလည်း အထက်ပါအမည်မဖော်လိုသည့် စီးပွားရေးပညာရှင်က ဆိုသည်။

ထို့ကြောင့် ဝင်ငွေခွန်နှုန်းထားကို ၃၀ ရာခိုင်နှုန်းကောက်ရန် ၂၀၂၀ ဩဂုတ်က စီမံ၊ ဘဏ္ဍာဝန်ကြီးဌာနက ပြည်ထောင်စုလွတ်တော်သို့ တင်ပြရာ ၃၀ ရာခိုင်နှုန်းမှာ မြင့်မားလွန်းသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) လွှမ်းမိုးသည့်လွှတ်တော်က ရာခိုင်နှုန်းအလိုက်ကောက်ခံရန် လျှော့ချပေးခဲ့သည်။

ထိုစဉ်က တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသည် နှစ်စဉ်ဘက်ဂျက်လိုငွေပြနေသဖြင့် အခွန်လျှော့ချခြင်းကို သဘောမတူဘဲ  ၃၀ ရာခိုင်နှုန်းသာ ကောက်ခံရန် ပြောဆိုခဲ့သည်။

“အခွန်စနစ်ပြင်ပတွင်ရှိနေတဲ့လုပ်ငန်းများ လွတ်မြဲလွတ်မနေအောင် ဥပဒေနဲ့အညီ စီမံကြပ်မတ်နိုင်ရေး ဆောင်ရွက်သင့်ပါတယ်။ အခွန်နှုန်းထားလျှော့ချပေးခြင်းကြောင့် ငွေကြေးခဝါချမှုကို အားပေးသလိုဖြစ်သွားနိုင်တာကိုလည်း သတိပြုထည့်သွင်းစဉ်းစားသင့်ပါတယ်”ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးအောင်ကျော်မျိုးက ပြောဆိုခဲ့သည်။

ယခုအခါ အခွန်မဆောင်ရန်သပိတ်မှောက်မှုများကြောင့် အာဏာသိမ်းစစ်ခေါင်ဆောင်သည် လျှော့ထားသည့် အခွန်နှုန်းထားကို ထပ်မံလျှော့ကာ အိမ်ခြံမြေ၊ ကားတို့ ပိုမိုဝယ်ယူလာနိုင်ခြင်းမှ အခွန်ငွေတိုးရရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးကလည်း သုံးသပ်သည်။

“မက်လုံး‌ပေးတဲ့သဘောပဲ။ ဒါပေမယ့် ရှင်းရှင်းပြောရရင် ဆောင်ကိုမဆောင်ချင်လို့ မဆောင်တာ။ တစ်ခုပဲရှိတယ်။ အဲ့ဒီငွေတွေနဲ့ အခြေပစ္စည်းဝယ်ရင်တော့ ဆောင်ချင်ဆောင်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။

အခွန်ရှောင်ချင်သူများအနေဖြင့် အခြေပစ္စည်းမဟုတ်ဘဲ ရွှေတုံးရွေခဲများဝယ်ယူပါက စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေခွန် မ‌ပေးဆောင်သည့်နည်းဖြင့် အခွန်ရှောင်ခြင်းမှာ ငွေကြေးခြမ်းသာသူများအကြားတွင် ရှိနှင့်ပြီးဖြစ်သည်။

မူလကတည်းက အခွန်ရှောင်သူများရှိသည့်အပြင် ယခုအခါ စစ်အာဏာသိမ်မှုကို ဆန့်ကျင့်သည့်အနေဖြင့် စစ်ကောင်စီကို အထောက်ပံ့ဖြစ်စေမည့် အခွန်ရလမ်းကို လူထုက ‌ရှောင်ရှားလျက်ရှိသဖြင့် စစ်ကောင်စီက ထိုသို့ ခြေလှမ်းလာခြင်းဖြစ်သည်။

ပြည်သူတို့က ထီမထိုးဘဲ သပိတ်မှောက်နေကြသောကြောင့် အောင်ဘာလေထီရောင်းချရမှု ကျဆင်းသွားပြီး တစ်လတစ်ကြိမ်ပင် ပုံမှန်ထီမဖွင့်နိုင်သည်အပြင် ယင်းမှရသည့် အခွန်ရငွေလည်း အကြီးအကျယ်ကျဆင်းနေသည်။

ထီလက်မှတ်ရောင်းရငွေစုစု‌ပေါင်း၏ ၄၀ ရာခိုင်နှုန်းကို အခွန်ဘဏ္ဍာအဖြစ် သိမ်းယူပြီး ၆၀ ရာခိုင်နှုန်းကို ဆု‌ငွေချီးမြှင့်သည့် အောင်ဘာလေထီကို ယခင်က အမြင့်ဆုံးဆု ကျပ်သိန်း ၁၅,၀၀၀ ချီးမြှင့်ခဲ့သော်လည်း အမြင့်ဆုံးဆုကို ကျပ်သိန်း ၅,၀၀၀ သာ ပေးနိုင်တော့သည်။

စစ်အုပ်စု၏ အဓိကဘဏ္ဍာငွေရလမ်း ၃ ခုသည် ပြည်သူ့အခွန်ငွေများ၊ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေများ၊ နိုင်ငံတကာချေးငွေများဖြစ်ပြီး စစ်အုပ်စုသက်ဆိုးမရှည်စေရေးအတွက် ၎င်းဝင်ငွေရလမ်း ၃ ခုကို ဖြတ်တောက်ပိတ်ဆို့ရန် အမျိုးသားညီညွတ်ရေးအစိုးရကလည်း ကြိုးပမ်းနေသည်။

လက်ရှိတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးများထံမှ အခွန်ငွေများ စစ်အုပ်စုထံ မစီးဆင်းစေရေးအတွက် ပြည်တွင်း၊ ပြည်ပက ဖိအားပေးတောင်ဆိုမှုများကြောင့် ရေနံကုမ္ပဏီကြီးအချို့က အမြတ်ငွေခွဲဝပေးခြင်းကို ရပ်ဆိုင်းထားသည်။myanmar now

မုဒိမ်းစစ်တပ် အမြစ်ဖြတ်ဟု ကြွေးကြော်ကာ ဂျပန်ရောက်မြန်မာလူငယ်များ ချီတက်ဆန္ဒပြ

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဇွန်လ ၁၉ ရက် ယနေ့က ဂျပန်ရောက် မြန်မာလူငယ်များစုပေါင်းကာ စစ်အာဏာရှင်ဖြုတ်ချရေးနှင့် မုဒိမ်းစစ်တပ် အမြစ်ပြတ်ရေး ကြွေးကြော်ဆန္ဒပြခဲ့ကြပြီး ယနေ့ကျရောက်သော ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပန်းသပိတ်ပြုလုပ်ချီတက်ခဲ့ကြသည်။khit thit

ရှမ်းမြောက်နှင့် ကချင်တွင် တိုက်ပွဲဆက်ဖြစ်​

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့် ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်များ ယမန်နေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA) ပူးပေါင်းလက်နက်ကိုင်များနှင့် စစ်ကောင်စီတို့သည် ကွတ်ခိုင်မြို့နှင့် ၉မိုင်ခန့်အကွာရှိ ပန်ကူကျေးရွာဟောင်း၌ ယမန်နေ့( ဇွန်လ ၁၈ရက်) ညပိုင်းအထိ တိုက်ပွဲများဖြစ်ပွားနေကြောင်း ပန်ကူဒေသခံတစ်ဦးက ပြောသည်။

“အခုလည်း ဒုန်းဒုန်းနဲ့ချနေတုန်းပဲ။ ၁၅ရက်နေ့တုန်းက ဖြစ်သွားတဲ့ အဖွဲ့တွေပဲဖြစ်တာ” ဟု ပန်ကူရွာမှ စစ်ရှောင်တစ်ဦးက ယနေ့ညပိုင်းတွင် ပြောသည်။ 

ဇွန်လ ၁၅ရက်က TNLA/MNDAA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် လွယ်ကန်ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့၍ လွယ်ကန်ဒေသခံ ၁၂၀ ကျော် ပန်ကူဘုန်းကြီးကျောင်းသို့ တိမ်းရှောင်ခဲ့ရသည်။

“ကျွန်မတို့လည်း စစ်ရှောင်ပဲ။ ဒါပေမဲ့ နောက်ထပ်အသစ်တိုးလာတဲ့ စစ်ရှောင်တွေလည်း ကျွန်မတို့ ပန်ကူဘုန်းကြီးကျောင်းမှာ ပဲရှိတယ်” ဟု ပန်ကူရွာမှ ၂၀၁၅ ကတည်းက စစ်ဘေးတိမ်းရှောင်နေရသည့် အမျိုးသမီးက ပြောသည်။ 

၂၀၁၅ ခုနှစ်ကဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ရှောင်ခဲ့သည့် ပန်ကူရွာမှ လူဦးရေ ၇၀၀ ကျော်မှာ ယ​နေ့အထိ နေရပ်မပြန်နိုင်သေးပေ။ 

ကချင်ပြည်နယ်တွင်လည်း ကချင်လွတ်​မြောက်​ရေးတပ်မ​တော်(KIA) က ယမန်နေ့မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို KIAက ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒေါ့ဖုန်းယန်နားမှာ ဖြစ်တယ်။ အင်အားဖြည့်လာတဲ့ဟာ လမ်းကနေ ဖြတ်တိုက်တာရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

KIA ဌာနချုပ် လိုင်ဇာနှင့် နီးကပ်စွာတည်ရှိသည့် ဒေါ့ဖုန်းယန်ဒေသသို့ စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း စစ်ကား အစီးငါးဆယ်ခန့် ပို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ဒေါ့ဖုန်းယန်မှာ ထိုင်ပြီး အဲဒီကနေ ပြန်ထိုးစစ်ဆင်ဖို့လား။ ဒါမှမဟုတ် ထိုးမယ့်နေရာကို သူတို့ တစ်ခါတည်းသွားဖို့လားတော့ မပြောတတ်ဘူး။ အခုကလည်း လိုင်းပေါင်းစုံ၊ ကားလမ်းရော၊ လေကြောင်းရော၊ ရေကြောင်းရော မျိုးစုံကနေ လာနေတာဆိုတော့ ဘယ်လိုဖြစ်လာမလဲ ခန့်မှန်းလို့မရဘူး” ဟု ကချင်ဒေသခံက ဆက်ပြောသည်။

KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စစ်ကောင်စီတပ်အား ကြားဖြတ်တိုက်ခိုက်သည့် သတင်းများရှိသော်လည်း တပ်ပိုင်းဆိုင်ရာမြေပြင်သတင်းများ မရသေးကြောင်း Myanmar Now သို့ ပြောသည်။

လတ်တလောတွင် အာဏာသိမ်းစစ်ကောင်စီတပ်များအား ကြီးကြီးမားမား ထိုးစစ်ဆင်တိုက်ခိုက်သည့် တိုက်ပွဲများမရှိကြောင်း ဗိုလ်မှူးကြီး​နော်ဘူက​ ပြောသည်။ သို့ရာတွင် စစ်ကောင်စိတပ်၏ ရိက္ခာပို့ဆောင်ခြင်း၊ စစ်အင်အားတိုးခြင်း လှုပ်ရှားမှုသတင်းများ ကြားနေရသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင်လည်း ထိတွေ့ရင်ဆိုင်တိုက်ပွဲများ ရှိနေကြောင်း၊ ထိုးစစ်ဆင်သည့် တိုက်ပွဲများမဟုတ်ကြောင်း သူက ဆက်ပြောသည်။  

ဖေဖော်၀ါရီ ၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KIA က စစ်ကောင်စီတပ်များ၊ ရဲစခန်းနှင့် ရဲတပ်ရင်းများကို မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်စခန်းတချို့ကိုလည်း သိမ်းပိုက်ထားသည်။  

လတ်တလော တိုက်ပွဲများ မကြာခဏရှိနေသည့် ဒေါ့ဖုန်းယန်ဒေသရှိ စစ်​ရေးအရ အ​ရေးပါ​သော အလော့ဘွမ်တပ်စခန်းကိုလည်း KIA က သိမ်းထားသည်။ 

ထိုစခန်းပြန်ရရေးအတွက် စစ်ကောင်စီက လေကြောင်း၊ ကြည်းကြောင်းမှ ထိုးစစ်ဆင်ခဲ့သော်လည်း KIA က ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။myanmar now

မန္တလေးသံဃသမဂ္ဂစစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်လမ်းမပေါ် ချီတက်ပြီး အာဏာလုစစ်ကောင်စီအလိုမရှိကြောင်း ဆန္ဒပြ

ယနေ့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် မန္တလေးသံဃသမဂ္ဂစစ်ကြောင်း မန္တလေးရှိ ဒေါ်အောင်ဆန်းစုကြည်လမ်းမပေါ် ချီတက်၊ အာဏာလုစစ်ကောင်စီအလိုမရှိကြောင်း ဆန္ဒပြကြသည်။khit thit

ပြင်ဦးလွင်မှာ ပန်းဝေလို့ အဖမ်းခံရတဲ့ Cafe 99 ဆိုင်ရှင်နှင့် အလုပ်သမား ၁၂ ဦး အခြေအနေ မသိရသေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မှာ ဖွင့်လှစ်ထားတဲ့ Cafe 99 ဆိုင်ရှင်နဲ့ အလုပ်သမား၁၂ ဦးကို ဒီနေ့ ပန်းဝေလို့ ဆိုပြီး စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားရမှာ ညနေအထိ အခြေအနေ ဘာမှ မသိရသေးဘူးလို့ ဆိုင်တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

ဆိုင်ပိုင်ရှင်နဲ့ ဆက်နွယ်သူ ၃ ဦး၊ အလုပ်သမား ၉ ဦးကို ဒီနေ့မှာ ပန်းဝေလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားပြီး အခုအချိန်အထိ ဘယ်လို အခြေအနေ ရှိတယ်၊ ဘယ်တော့ ပြန်လွတ်မယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။ “အခုထက်ထိတော့ ကျမတို့ ဘာမှ မသိရသေးဘူး။

ဖမ်းသွားတယ် စုစုပေါင်း ၁၂ ဦး။ ဆိုင်ရှင်နဲ့ အလုပ်သမားတွေပါ။ စားသုံးသူတွေ မပါဘူး။ ဆိုင်ကတော့ ၁၂ နာရီဆိုရင် ပိတ်တယ်လေ။ အခု ပိတ်ထားပါတယ်။ ဘယ်တော့ ပြန်လွတ်မှာလဲ၊ ဘယ်လိုလဲဆိုတာကို သေသေချာချာ မသိသေးတာပါ။

အဲဒီတော့ ဘာမှ မပြောနိုင်ဘူး” ဆိုင်တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုပါတယ်။ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပန်းသပိတ်တွေပြုလုပ်ပြီး နှင်းဆီးပန်းတွေ ဝေတာ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ် ဆင်နွှဲတာ တွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာလည်းပန်းသပိတ်အဖြစ် ပန်းတွေကို လမ်းမထက် ကျဲချသွားတာမျိုးတွေရှိနေပြီး ပန်းပန်လို့ အဖမ်းခံရတယ်ဆိုတဲ့ မိန်းကလေးတချို့ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေပေမယ့်လည်း ရန်ကုန်ခေတ်သစ်အနေနဲ့တော့ အတည်မပြုနိုင်သေးပါဘူး။khit thit

« Older Entries