ZRA အဖွဲ့၏ လုပ်ရပ်ကို ကန့် ကွက်ရှုတ်ချကြောင်း CDF မှ ထုတ်ပြန်ကြေညာ

တီးတိန်နှင့် တွန်းဇံကို ဗိုလ်ကျ စိုးမိုးလိုသော Zomi Revolution Army(ZAR) မှ ၂၀၂၁၊ ဇွန်လ ၁၆ ရက်နေ့တွင် အကြမ်းဖက်တိုက်ခိုက်ဖျက်စီးသည့်အတွက် Chinland Defense Force မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ (၂၀.၆.၂၀၂၁)တွင် ၎င်း CDF page တွင် ထုတ်ပြန်ကြေညာထားသည်။
CDF ၏သဘောထားထုတ်ပြန်ကြေညာချက်တွင်
၁။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ပြည်သူ့အာဏာကို အကြမ်းဖက်စစ်ကောင်စီမှ မတရားအာဏာသိမ်း သည့်နောက် မြန်မာတစ်ပြည်လုံးနဲ့အတူ ချင်းပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်း၊ CDM ပြုလုပ်ခြင်းနှင့် နည်းမျိုးစုံ ဖြင့် ဆန္ဒဖော်ထုတ်ကြသော်လည်း အကြမ်းဖက်စစ်တပ်မှ အပြစ်မဲ့ပြည်သူများအား နည်းမျိုးစုံဖြင့် စစ်ဆေးမေးမြန်းခြင်း၊ နှောက်ယှက် ဖမ်းဆီးခြင်း၊ သတ်ဖြတ်မှုများ ဆက်လက်ပြုလုပ်နေပြီး ထိုအကြမ်းဖက်လုပ်ရပ်များကို ခုခံကာကွယ်ရန်နှင့် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် Chinland Defense Force နဲ့အတူ Zomi Federal Union (People Defense Force_Zoland) ကိုလည်း ဖွဲ့စည်းလှုပ်ရှားနေသည်မှာ အားလုံးအသိပဲဖြစ်ပါသည်။
၂။ ချင်းပြည်သူအားလုံးမှ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးလှုပ်ရှားနေသည့်အချိန်မှာ National Unity Government ၏ လမ်းညွှန်မှုဖြင့် Zomi Federal Union (People Defense Force_ Zoland)မှ အိန္ဒိယ-မြန်မာနယ်စပ်တစ်နေရာရှိ စစ်ရေးလေ့ကျင့်ပြင်ဆင်မှုတစ်ခုလုံးကို အိန္ဒိယနယ်ခြားစောင့်တပ်လည်းဖြစ်၊ တီးတိန်နှင့် တွန်းဇံကို ဗိုလ်ကျစိုးမိုးလိုသော Zomi Revolution Army (ZRA) မှ ၂၀၂၁ခုနှစ်၊ ဇွန်လ(၁၆) နေ့လည်တွင် အကြမ်းဖက်တိုက်ခိုက်ဖျက်စီးသည့်အတွက် မိမိတို့ Chinland Defense Force မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။
၃။ ချင်းပြည်သူအားလုံးမှ အကြမ်းဖက်စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနှင့် မိမိ ဒေသ၊ ရပ်ရွာ၊ ရပ်ကွက်၊ မြို့နှင့် ပြည်နယ်ခုခံကာကွယ်ဖို့အတွက် ပြင်ဆင်နေသည့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကူညီ ပံ့ပိုးခြင်း၊ နိုင်ငံရေးအမြတ်ထုတ်ရန်ကြိုးစားခြင်းပြုလုပ်နေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ဘယ်သူမဆို Chinland Defense Force နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ပြင်းထန်စွာ တိုက်ခိုက်ချေမှုန်းသွားမည်။
၄။ Zomi Revolution Army အနေဖြင့် မတော်တဆပစ်ခတ်တိုက်ခိုက်မိခြင်းမဟုတ်ဘဲ နိုင်ငံရေးအမြတ်ထုတ်လိုခြင်း ဖြင့် မိမိ မိသားစုညီအစ်ကိုအတွင်း ရည်ရွယ်ချက်ရှိရှိ အာဏာပြဗိုလ်ကျတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက Chinland Defense Force နဲ့ မိတ်ဖက်အဖွဲ့အစည်းများမှ ရသည့်နည်းလမ်းဖြင့် တိုက်ခိုက်ဆန့်ကျင်ချေမှုန်းသွားမည်ဖြစ် ကြောင်း သဘောထားထုတ်ပြန် ကြေညာလိုက်သည်။ ဟု ဖော်ပြထားသည်။chin world