Monthly Archives: Jun 2021

သိန္နီမြို့၌ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ကိုဗစ်ပိုး တွေ့ရှိ

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့က လျှပ်စစ်ဝန်ထမ်း ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးမှာ ဇွန် ၂၁ ရက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် လားရှိုးမြို့ ပြည့်သူဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြသင်းကြူကုမ္ပဏီက လျှပ်စစ်ဝန်ထမ်း ကိုယ်ဝန်​ဆောင်အမျိုးသမီးဟာ နေထိုင်မကောင်း ဖြစ်နေတဲ့အတွက် လားရှိုးပြည်သူ့ဆေးရုံမှာ သွားရောက်ပြသရာက ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာပါ။

“ပိုးတွေ့တာ ကိုယ်ဝန်ဆောင်အမျိုးသမီးပါ။ နေမကောင်းဖြစ်နေတာ ၂ ပတ်လောက် ရှိနေပြီလို့ သိရတယ်။ နေမကောင်းလို့ ဆေးရုံသွားပြမှ  positive ဖြစ်နေတယ်။ အခု ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်” လို့ မြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။

ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တဲ့ အမျိုးသမီးရဲ့နေအိမ်နဲ့ အလုပ်လုပ်ကိုင်နေတဲ့ လျှပ်စစ်ရုံးကို ကျန်းမာရေးဌာနက လိုအပ်တဲ့ပိုးသတ်ဆေးဖြန့်တာ၊ ဝင်ထွက်သွားလာမှု ကန့်သတ်ထိန်းချုပ်တာ မရှိသေးဘူးလို့ မြို့ခံပြည်သူတွေက ဆိုပါတယ်။

စစ်ကောင်စီကဖွင့်တဲ့ ကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေ၊ စီဘီဘဏ်မှာ လူစုလူဝေးနဲ့ ငွေထုတ်ယူဖို့ စောင့်ဆိုင်းနေရတဲ့သူတွေနဲ့ သိန္နီမြို့ခံပြည်သူတွေ  ရောဂါကူးစက်မှာကို စိုးရိမ်နေကြပါတယ်။DVB

မူဆယ်ခရိုင်တွင် ရွှေလီမြစ်ဝှမ်းဒေသ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်း

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်မှာ ရွှေလီမြစ်ဝှမ်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံရေးဦးဆောင်ကော်မတီ စစ်ဆင်ရေးနဲ့စည်းရုံးရေးဌာနက ၂၀၂၁ ဇွန်လ ၁၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရွှေလီမြစ်ဝှမ်းဒေသ) ဟာ ဌာနေတိုင်းရင်းသားပေါင်းစုံနဲ့ စုပေါင်းတည်ထောင်ထားပြီး တိုင်းရင်းသားတွေရဲ့ မူလကိုယ်ပိုင်ပြဌာန်းခွင့်များအရ မိမိတို့ကြမ္မာကို မိမိတို့ဖန်တီးနိုင်တဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်နိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

သူတို့တပ်ဖွဲ့အနေနဲ့ တိုင်းရင်းသားပေါင်းစုံ၊ လူထုလူတန်းစားအလွှာပေါင်းစုံရဲ့ အကျိုးစီးပွား ထိခိုက်မှုမဖြစ်ပေါ်စေရေး အထူးဂရုစိုက်ပြီး မတရားဖိနှိပ်အနိုင်ကျင့်နေတဲ့ စစ်အာဏာရှင်တွေရဲ့ မဟာလူမျိုးကြီးဝါဒီတွေကို ဘုံရန်သူအဖြစ် ဆန့်ကျင်တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်လမ်းစဉ်မှန်သမျှကို အဆုံးစွန်လက်တွဲ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး မျိုးဆက်အသီးသီးက တတ်သိပညာရှင်တွေ၊ တိုက်ပွဲဝင်လူငယ်မျိုးဆက်သစ်တွေ၊ နိုင်ငံတကာ ရောက် တက်ကြွလှုပ်ရှားသူတွေနဲ့ ဟန်ချက်ညီညီ ချိတ်ဆက်လှုပ်ရှားမယ့် လွတ်လပ်တဲ့ တော်လှန်ရေးအင်အားစုတစ်ရပ်အဖြစ် ရပ်တည်သွားမယ်လို့ ဆိုပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့နဲ့ ဘုံရပ်တည်ချက် လုပ်ငန်းစဉ်တွေ တူညီပေမယ့် လတ်တလော နယ်မြေနဲ့တိုင်းရင်းသားများ အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်တွေကြောင့် လက်တွဲဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း၊ ပြည်သူ့ကကွယ်ရေးတပ်ဖွဲ့ ( ရွှေလီမြစ်ဝှမ်းဒေသ) ဟာ ကောင်းမွန်တဲ့ စုဖွဲ့တည်ဆောက်မှု၊ မြန်ဆန်တဲ့လုပ်ငန်းစဉ်တွေနဲ့ စစ်အာဏာရှင်တော်လှန်ရေး ပြည်သူလူထုတရပ်လုံးရဲ့ လူမှုစီးပွားဘဝ ကာကွယ်စောင့်ရှောက်ရေးအတွက် စတင်တော်လှန်တိုက်ပွဲဝင်တော့မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မူဆယ်ခရိုင်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့အပြင် ဌာနေပြည်သူ့စစ်တွေ၊ KIA / TNLA / SSPP/ RCSS စတဲ့လက်နက်ကိုင်အဖွဲ့တွေလည်း လှုပ်ရှားနေပါတယ်။ DVB

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်သတ်လိုက်သည့် သတို့သားလောင်း ကိုကျော်ကျော်မျိုး၏ အလောင်းပြန်ရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ဇွန်လ ၂၀ ရက်နေ့ ညပိုင်း မင်္ဂလာဆောင် ဖိတ်စာ သွားဖိတ်သည့် သတို့သားလောင်း ကိုကျော်ကျော်မျိုးသည် အကြမ်းဖက်စစ်ကောင်စီ တပ်များ၏ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားခဲ့ပြီး လက်ရှိအချိန်တွင် မိသားစုထံ အလောင်းပြန်ရောက်လာပြီဖြစ်သည်။

စဉ့်ကူးမြို့နယ်၊ လက်ပန်လှအုပ်စု၊ ငြိမ်းချမ်းအောင်ရပ်ကွက်နေ ဦးကျော်ထွေးနှင့်ဒေါ်မိုးမိုးအေးတို့၏ သားဖြစ်သူ ကိုကျော်ကျော်မျိုးသည် ၎င်း၏ သူငယ်ချင်းတစ်ဦးနှင့်အတူ ယမန်နေ့ညပိုင်း မင်္ဂလာဆောင်ဖိတ်စာများ သွားရောက်ဝေငှကြကြောင်း၊ လက်ပန်လှကျောင်းရှေ့ အရောက်တွင် စစ်ကောင်စီတပ်များက ပစ်ခတ်သဖြင့် ကိုကျော်ကျော်မျိုးသည် နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး အဖော်လိုက်ပါလာသူ သူငယ်ချင်းကို စစ်ကောင်စီတပ်များက ရိုက်နှက်ဖမ်းဆီးသွားခဲ့သည်။

“ဒီလ ၂၄ ရက်နေ့ သူ့မင်္ဂလာဆောင်အတွက် ဖိတ်စာလိုက်ဝေတာပါ။ အဲဒါ ည ၉ နာရီ စစ်တပ်က သူတို့ စခန်းချထားတဲ့ ကျောင်းရှေ့က ဖြတ်လို့ဆိုပြီး ဆိုင်ကယ်ကို လှမ်းပစ်တာ။ နေရာမှာပဲပွဲချင်းပြီးသေတယ်။ သူ့သူငယ်ချင်းက မထိဘူး။ အဲဒါလည်း ရိုက်နှက်ပြီး ဖမ်းသွားတယ်။ အခု အလောင်းထုတ်ခွင့်မပေးဘူး။ တစ်ခါတည်း သဂြိုလ်ခိုင်းမယ်ထင်တယ်။ အခု သူ့နာရေး ယပ်တောင်တွေ ဘာတွေ သွားလုပ်နေပြီ။

သူ့ မင်္ဂလာဆောင် ဖိတ်စာလုပ်ခဲ့တဲ့ ဆိုင်မှာပဲ နာရေး ယပ်တောင်သွားလုပ်ရတယ်။ အဖြစ်ဆိုးတယ်” ဟု မိသားစုဝင်များနှင့်နီးစပ်သူ မိတ်ဆွေက ရှင်းပြသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စဉ့်ကူးဒေသခံများက စစ်တပ်၏ ရမ်းကားမှုကို မကျေနပ်ကြဘဲ လူငယ်တစ်ဦး၏ အသက် မသေဆုံးသင့်ဘဲ သေရသည်ဟုဆိုကြသည်။

“မသင်္ကာရင်လည်း ဗျာ ဖမ်းပြီးစစ်ဆေးပေါ့။ အခုဟာက ဘာမှ မပြောဘဲ ဖြတ်သွားတဲ့ ဆိုင်ကယ်ကို လှမ်းပစ်တာကြီးက အတော်ကြီး လွန်တယ်။ ဒီကောင်လေးက ရည်ရည်မွန်မွန် လူချစ်လူခင်လည်းပေါတယ်။

သူ့မင်္ဂလာဆောင်အတွက် သူပျော်နေတာဗျာ။ ဖိတ်စာတွေ လိုက်ဖိတ်ပြီး သူ့ မင်္ဂလာဆောင် လာနော်။ မလာရင်စိတ်ဆိုးမှာလို့တောင် နောက်နေသေးတယ်။ ပြည်သူ့ဘဝတွေက မလုံခြုံလိုက်တာ” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။khit thit

စည်းလုံးညီညွတ်ရေး အထူးလိုအပ်နေကြောင်း KNPP ဥက္ကဋ္ဌ ပြော

ကရင်နီအမျိုးသားရေးစိတ်ဓာတ် ရှင်သန်နေရန်နှင့် စည်းလုံးညီညွတ်ရေး အထူးလိုအပ်နေသည့် အချိန်ကာလဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ အေဘယ်တွိဒ်က ယနေ့ (ဇွန်၂၁) ကျရောက်သည့် ကရင်နီအမျိုးသားနေ့တွင် ပြောကြားလိုက်သည်။ 

၁၄၆ နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထိုသို့ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။ 

“ကရင်နီအမျိုးသားထုတစ်ရပ်လုံးကို အထူးမှာကြားလိုတာကတော့ မိမိတို့အနေနဲ့ ကရင်နီအမျိုးသားရေးစိတ်ဓာတ်တွေ အမြဲတမ်းရှင်သန်နေဖို့ လိုအပ်နေသလို အမျိုးသားချင်းစည်းလုံးညီညွတ်ရေးဟာ အထူးလိုအပ်နေတဲ့ အချိန်ကာလဖြစ်နေပါတယ်။ ဒါ့အပြင် ကရင်နီအမျိုးသားများဟာ ယနေ့ဖြစ်ပျက်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေ အချိန်ကာလမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်များနဲ့အတူ ကရင်နီအမျိုးသားများအကြား ဘုံသဘောထားရရှိရေးဟာ အမြန်ဆုံးလိုအပ်နေပါတယ်” ဟု ထည့်သွင်းဖော်ပြခဲ့သည်။

“မိမိတို့ ကရင်နီအမျိုးသားထုတစ်ရပ်လုံး စစ်အာဏာရှင်ရဲ့ မတရားဖိနှိပ်၊ အနိုင်ကျင့်သတ်ဖြတ်မှုကို ခံစားနေရတဲ့ အချိန်ကာလဖြစ်ပါတယ်။ မိမိတို့ပိုင်ဆိုင်တဲ့ ဘိုးဘွားပိုင်မြေ၊ အိမ်ယာတွေကို စွန့်ခွာခဲ့ပြီး စစ်ဘေးရှောင်ဘဝနဲ့ တောထဲတောင်ထဲမှာ စားစရာမလုံမလောက်၊ ဆေးဝါးမပြည့်စုံဘဲ အမိုးအကာမရှိတဲ့အောက်မှာ ဆင်းရဲဒုက္ခမျိုးစုံကို ခံစားနေရတာဖြစ်ပါတယ်”   

ကရင်နီဆိုသည့် စိတ်ဓာတ်ရှင်သန်နေသရွေ့ ဘုံရန်သူကို တွန်းလှန်အောင်ပွဲခံနိုင်မည်ဖြစ်ပြီး အမျိုးသားရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း တတ်နိုင်စွမ်းရှိသလောက် အားလုံး တစ်ဖက်တစ်လမ်းက ပါဝင်သွားရန် တိုက်တွန်းခဲ့သည်။

ထို့ပြင် စစ်အာဏာရှင်ပြုတ်ကျရေး၊ ကရင်နီလူမျိုးများဘဝတည်ငြိမ်အေးချမ်းရေးအတွက် ကရင်နီပြည်သူတိုင်းမှာ တာဝန်ရှိသည်ကို မမေ့လျော့ရန်နှင့် KNPP အနေဖြင့် ပြည်သူနှင့် တစ်သားတည်းရပ်တည်နေကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်သော KNPP သည် ပထမအကြိမ်အရပ်သားအစိုးရလက်ထက် ၂၀၁၂ မတ်လအတွင်း ပဏာမ ပြည်နယ်အဆင့်အပစ်ခတ်ရပ်စဲရေးနှင့် ဇွန်လအတွင်း ပဏာမ ပြည်ထောင်စုအဆင့်အပစ်အခတ်ရပ်စဲရေးသဘောတူထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားခြင်း မရှိပေ။ 

ကယားပြည်နယ်အတွင်း KNPP ၏ ကရင်နီတပ်မတော်နှင့် စစ်တပ်တို့ မေလအတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားသည်။ 

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ ဆီဘူးတွင် KNPP အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)နှင့် ကယန်းပြည်သစ်ပါတီ (KNLP) တို့ အခြေစိုက်သည်။ 

ကရင်နီပြည်သည် သီးခြားလွတ်လပ်သည့် တိုင်းပြည်တစ်ပြည်ဖြစ်ကြောင်း ၁၈၇၅ ခုနှစ်၊ ဇွန်၂၁ တွင် ဗမာဘုရင်ကိုယ်စားလှယ် ကင်းဝန်မင်းကြီးနှင့် ဗြိတိသျှဘုရင်ခံချုပ်ကိုယ်စားလှယ် ဆာဒေါ့ကလပ်ဖေါ့ဆက်တို့က လက်မှတ်ရေးထိုးအသိအမှတ်ပြုခဲ့ကြသည့်နေ့ကို ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

ယနေ့ ကရင်နီအမျိုးသားနေ့အခမ်းအနားကို KNPP ၏ စစ်ဌာနချုပ်ဖြစ်သော ထိုင်း-မြန်မာနယ်စပ် ညာမို (ခေါ် ) တာလဲဒူဆို၌ အကျဉ်းချုံးပြုလုပ်ခဲ့ကြသည်။

လက်ရှိတွင် ကယား (ကရင်နီဒေသ) ပြည်နယ်၌ စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်ခြင်းကြောင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ရှမ်းကယားနယ်စပ် ဖယ်ခုံ၊ မိုးဗြဲမြို့နယ်များတွင် ပြည်သူအများအပြား ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ နေအိမ်နှင့် ပစ္စည်းများ လုယူဖျက်ဆီးခံရခြင်းများ ဖြစ်ပေါ်နေသည်။ 

မေ ၂၁ မှ စတင်ကာ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင်းရှိ မာနာပလော့ရပ်ကွက်နှင့် ဒေါငံခါးလမ်းဆုံ၌ စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဒီးမော့ဆို၊ လွိုင်ကော်၊ နယ်မြေထိစပ်နေသော ရှမ်းပြည်နယ် မိုးဗြဲနှင့် ဖယ်ခုံတို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲများအတွင်း စစ်တပ်က ရဟတ်ယာဉ်၊ လက်နက်ကြီးများအသုံးပြုတိုက်ခိုက်ခဲ့ပြီး လူ သောင်းနှင့်ချီ ထွက်ပြေးခဲ့ရကာ အများစုမှာ တောတောင်များထဲတွင် တိမ်းရှောင်နေရသည်။ 

စစ်တပ်သည် ကယားပြည်နယ်အတွင်း ကုန်စည်ပို့ခွင့်ကို ပိတ်ပင်ခဲ့ပြီး စစ်ရှောင်များအတွက် လှူဒါန်းသောပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း၊ လှူဒါန်းပစ္စည်းများအားလည်း အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့ရန်ဖြစ်သည်ဟုဆိုကာ ဖမ်းဆီးခြင်းများလည်း ပြုလုပ်ခဲ့သည်။ 

ကရင်နီဒေသအတွင်း ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲအများဆုံးဖြစ်ခဲ့ပြီး မိုးဗြဲနှင့် ဒီးမော့ဆိုသည် အရပ်သားသေဆုံးမှု အများဆုံးဖြစ်သည်။ 

မကြာသေးမီ ဇွန် ၁၅ ရက်တွင် စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့ အပစ်အခတ်ရပ်စဲခဲ့ပြီး စစ်ရှောင်နေသူများ ဒီးမော့ဆိုမြို့သို့ ပြန်ရောက်လာချိန်တွင် လမ်းဘေး၊ နေအိမ်ဝင်းနှင့် စာသင်ကျောင်းများ၌ မည်သူမည်ဝါမှန်းမသိရသည့် ရုပ်အလောင်းများ တွေ့ရှိခဲ့ရသည်။ 

အထူးသဖြင့် ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်တဝိုက်နှင့် ငွေတောင်ဆည်အနီးတွင် ရုပ်အလောင်း ၁၂ လောင်းနှင့် မိုးဗြဲတွင် ရုပ်အလောင်း ၇ လောင်း တွေ့ရှိခဲ့သည်။

ကရင်နီဒေသတွင် တိုက်ပွဲများမတိုင်မီ ဧပြီ ၃၀ က ကယားပြည်နယ်၊ ဖရူဆိုမြို့တွင် လူငယ် ၇၄ ဦးကို စစ်တပ်က မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးလိုက်ပြီး လွိုင်ကော်အကျဉ်းထောင်၌ ချုပ်နှောင်ခဲ့သည်။ ထို့နောက် ၎င်းလူငယ်များကို စစ်သင်တန်းတက်‌ရောက်ပြီး ပြန်လာသူများဟု စစ်ကောင်စီက စွပ်စွဲကာ ဖမ်းဆီးထားခဲ့သည်။ myanmar now

ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရသည့် ကင်းမရွာအတွက် NUG က ကျပ်သိန်း ၁၈၀ ကျော် လှူဒါန်း

ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ကင်းမရွာ ပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ငွေကျပ် ၁၈၂ ဒသမ ၆ သိန်းကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒီအလှူငွေတွေကတော့ ကိုရီးယားနိုင်ငံ Civilian Fellowship for International Exchange ကနေ လှူဒါန်းခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ မြေပြင်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေဆီ အလျင်အမြန်ရောက်ရှိဖို့အတွက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ချိတ်ဆက်ဆောင်ရွက်ပေးခဲ့တာလို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့လို့  ကင်းမကျေးရွာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ပြီး အိမ်ခြေ ၂၀၀ လောက် ဆုံးရှုံးပျက်စီးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သက်ကြီးရွယ်အိုတွေနဲ့ တိရိစ္ဆာန် ကျွဲ၊နွားတွေပါ အသက်ဆုံးရှုံးခဲ့ရပြီး  မီးဘေးသင့်လူဦးရေ ၁၀၀၀ လောက် စားဝတ်နေရေး အခက်အခဲများစွာ ရင်ဆိုင်နေကြရပါတယ်။DVB

အညာဒေသနေ ပြည်သူများ၏ တမာရိပ်က သနပ်ခါးသပိတ်

အညာ​ဒေသရဲ့ ကိုယ်စားပြုသင်္ကေတဖြစ်တဲ့ တမာပင်ကို အ​ကြောင်းပြုကာ “တမာရိပ်က ​တော်လှန်သပိတ်” အမည်နဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ​ ပြည်သူ​တွေဟာ ပါးပြင်မှာ သနပ်ခါး လိမ်းခြယ်ကာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။DVB

မော်လမြိုင်တွင် စစ်တပ်က ပစ်သတ်လိုက်သည့် ကိုမိုး​ဇော်ဦးနှင့်ကို​ဇော်မင်းဦးတို့ကို ယ​နေ့သဂြိုလ်

မွန်ပြည်နယ်၊ မော်လမြိုင် ကျောက်မီးသွေးရုံ မီးပွိုင့်တွင် ယမန်​​နေ့ညက စစ်တပ်က ပစ်သတ်လိုက်သည့် ကိုမိုး​ဇော်ဦးနှင့်ကို​ဇော်မင်းဦးတို့၏ နာ​ရေးကို ယနေ့ ၎င်းတို့နေထိုင်ရာ ရွာဖြစ်သည့် ဘီလူးကျွန်း ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာသို့ ပြန်လည်သယ်ဆောင်သွားပြီး အဘစ်ရွာ သုသာန်တွင် သင်္ဂြိုလ်သည်။khit thit

လှိုင်သာယာရှိ လူဦးရေ သုံးသိန်းကျော်ကို WFP က စားနပ်ရိက္ခာ ထောက်ပံ့

ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လှိုင်သာယာမြို့နယ်အတွင်းက လူဦးရေ သုံးသိန်းသုံးသောင်းလေးထောင်ခန့်ကို   စားနပ်ရိက္ခာထောက်ပံ့ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လှိုင်သာယာမြို့နယ်အတွင်းမှာ စားနပ်ရိက္ခာတွေ ထပ်မံဖြန့်ဝေပေးသွားဖို့ ရှိတဲ့အပြင် WFP အနေနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာလည်း  အလားတူ အထောက်အပံ့တွေ မကြာမီဖြန့်ဝေပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

WFP ရဲ့ ဒီထောက်ပံ့မူက နေထိုင်မှုအတည်တကျမရှိသေးတဲ့သူတွေ အခြေချရာနေရာတွေ၊ လှိုင်သာယာမြို့နယ်အတွင်း ဆင်းရဲနွမ်းပါးမှုအမြင့်ဆုံးဒေသတွေက လူထုတွေအတွက် အထောက်အပံ့ဖြစ်စေခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရုံး ထုတ်ပြန်ချက်က ဆိုပါတယ်။

WFP အနေနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ  ပေးအပ်လေ့ရှိတဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေကို ရပ်တန့်လိုက်ခြင်းမရှိဘဲ ထပ်တိုးပေးအပ်ကူညီနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မေလမှာ  ကချင်၊ ချင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ်က စားနပ်ရိက္ခာအခက်အခဲရှိသူ လူဦးရေပေါင်း ၃ သိန်း ၄ သောင်းကျော်ဟာ WFP ထံဆီကနေ လစဉ် အသက်ကယ်ဆယ်ရေးစားနပ်ရိက္ခာ (ဒါမှမဟုတ်) ငွေကြေးအကူအညီတွေကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။

WFP ဟာ ဒီအထောက်အပံ့တွေကို နေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေ၊ သက်ကြီးရွယ်အို တွေရှိတဲ့ မိသားစုတွေ၊ မသန်စွမ်းသူတွေနဲ့ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအပြင် အာဟာရ လိုအပ်ချက်ရှိသူတွေနဲ့ ထိခိုက်လွယ်သူတွေကို အဓိက ပေးအပ်ကူညီတယ်လို့ ထုတ်ပြန်ပါတယ်။DVB

« Older Entries