Monthly Archives: Jun 2021

မန္တလေးပစ်ခတ်မှုသတင်း စောင့်ကြည့်နေ၊ အကြမ်းဖက်မှုရပ်တန့်ရန် အမေရိကန်သံရုံးအရေးပေါ် တောင်းဆို

လက်ရှိဖြစ်ပွားနေတဲ့ မန္တလေးမြို့က ပစ်ခတ်မှုသတင်းတွေကို စောင့်ကြည့်နေပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အရေးပေါ် တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် စစ်မက်ရေးရာ တင်းမာလာနေမှုကိုလည်း စိုးရိမ်ပူပန်မိကြောင်း ထုတ်ပြန် ချက်ထဲမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်နဲ့  မန္တလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ အပြန်အလှန်တိုက်ခိုက်မှုမှာ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့က RPG လက်နက်ကြီး အသုံးပြုခဲ့ကြောင်း ရုပ်သံဗီဒီယိုတစ်ခု ဒီဗွီဘီက ရရှိခဲ့ပါတယ်။

ဒီဗီဒီယို အသေးစိတ်ကို အတည်မပြုနိုင်ပေမယ့် လက်နက်ကြီးနဲ့ အပစ်ခံရပြီး ၂ ဦးကျဆုံးခဲ့ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ် မြို့ပြပြောက်ကျားတာဝန်ခံ ဗိုလ်ထွန်း တောက်နိုင်က ဒီဗွီဘီကို ပြောကြားထားပါတယ်။

စစ်ကောင်စီမီဒီယာတွေမှာတော့ PDF ဘက်က ၈ ဦးသေဆုံးပြီး ၈ ဦးကို ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ဒီနေ့ မွန်းလွဲပိုင်းမှာလည်း မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ၆၆ လမ်း၊ လမ်း ၃၀ နဲ့ ၃၁ လမ်းကြားရှိ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ အစောင့်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လက်လုပ်ဗုံးနဲ့ထုပြီး သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတာကြောင့် အစောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။DVB

စစ်တပ် စိတ်ကြိုက်​ရေးဆွဲထား​သော ၂၀၀၈ ဖွဲ့စည်းပုံအရ ဖြစ်​​ပေါ်လာ​သော စစ်ကျွန်အလံကို မီးရှို့ သပိတ်​မှောက်

မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂက စစ်တပ်စိတ်ကြိုက်​ရေးဆွဲထား​​သော ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေအရ မ နိုင်ငံတော်အလံဟုသမုတ်ထားသော ဝါစိမ်းနီ စစ်ကျွန်အလံအား အသိအမှတ်ပြု လက်ခံခြင်း အလျင်းမရှိသဖြင့် ယ​နေ့ မီးရှို့ သပိတ်​မှောက်ကြသည်။khit thit

မန္တလေးတွင် စစ်ကောင်စီစစ်ကြောင်းမှူးနှင့် စစ်သားတချို့ သေဆုံး

ယနေ့ (ဇွန် ၂၂) နံနက်ပိုင်း မန္တလေးမြို့ပစ်ခတ်မှုများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့သည့်နည်းတူ စစ်ကောင်စီဘက်မှလည်း စစ်ကြောင်းမှူးတာဝန်ယူသည့် အရာရှိအပါအဝင် စစ်သားတချို့သေဆုံးကြောင်း မြို့ခံများက ဆိုသည်။  

ချမ်းမြသာစည်မြို့နယ်ရှိ PDF တပ်ဖွဲ့ဝင်တို့ ရှိသည့်နေရာကို နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝိုင်းဝန်းပိတ်ဆို့ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

“စစ်ကြောင်းမှူးကျတယ်ပြောတယ်။ ဖြစ်တဲ့နေရာနဲ့ နှစ်ပြလောက်အကွာမှာ တပ်စွဲထားတဲ့အဖွဲ့ကလို့ ပြောတယ်” ဟု စစ်ကောင်စီလက်နက်ကိုင်များနှင့် နီးစပ်သည့် မန္တလေးမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

အခြားမန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးကလည်း ယနေ့ပစ်ခတ်မှုများအတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးအရာရှိအပါအဝင် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရကြောင်း ပြောသည်။

စစ်ကောင်စီက နာရီပိုင်းအတွင်း သတင်းထုတ်ပြန်ခဲ့ရာ၌ အပြန်အလှန်ပစ်ခတ်မှုအတွင်း တပ်ဖွဲ့ဝင်အချို့ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသော်လည်း အတိအကျဖော်ပြထားခြင်း မရှိပေ။ 

မန္တလေးမြို့ ၅၄ လမ်းနှင့် ၁၁၁ လမ်းထောင့်ရှိ နေအိမ်တစ်ခုကို သွားရောက်ရှာဖွေစစ်ဆေးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး PDF တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကာ ၈ ဦးဖမ်းဆီးရမိခဲ့ကြောင်း၊ ၅၃ လမ်း၌ လက်နက်ငယ်များဖြင့် ပစ်ခတ်သည့် မော်တော်ယာဉ်တစ်စီးကို ပိတ်ဆို့ဖမ်းဆီးရာ အဆိုပါယာဉ်မှာ ၅၆ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ ထရန်စဖော်မာကို ဝင်တိုက်ပြီးနောက် ယာဉ်ပေါ်ပါ ၄ ဦးသေဆုံးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ 

မန္တလေး PDF အဖွဲ့ကလည်း ၎င်းတို့တပ်ဖွဲ့ဝင်တချို့ရှိသည့်နေရာ စီးနင်းခံရစဉ်အတွင်း အခြားနေရာများမှ မိတ်ဖက်တပ်ဖွဲ့များလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုအခြေအနေကိုမူ အတည်မပြုနိုင်သေးကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ 

မန္တလေး PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထွန်းတောက်နိုင်ကမူ “ကျွန်တော်တို့ဘက်က ကျဆုံးတာ ၂ ယောက်ရှိတယ်။ အဖမ်းခံရတာက ၆ ယောက်ပါ။ DRPA (အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်) က ၃ ယောက်ကျပါတယ်” ဟု Myanmar Now ကို ပြောသည်။

ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတစ်ခုနှင့် ပတ်သက်၍ စစ်ကောင်စီက လိုက်လံစစ်ဆေးရာမှတစ်ဆင့် PDF တပ်ဖွဲ့ဝင်တချို့ရှိရာနေရာကို ဝင်ရောက်စီးနင်းခံရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ 

“လေးမျက်နှာဘက်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်တယ်။ သူတို့ရဲ့ အကြီးအကဲထဲက တစ်ယောက်သေသွားတယ်။ သူတို့ဘက်က အထိနာသွားတော့ ပတ်ဝန်းကျင်ကို စစ်တယ်။ တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်တဲ့အခါမှာ ကျွန်တော်တို့လူက အစစ်မခံဘူး။ အစစ်ခံလို့လည်းမရဘူး။ လေးမျက်နှာနဲ့ ကျွန်တော်တို့ရုံးနဲ့က မဝေးဘူး။ အစစ်မခံတာကနေ အချေအတင်ဖြစ်ကြတာ” ဟု ၎င်းက ပြောသည်။

စစ်ကားနှင့် ရဲကား အစီးရေ ၂၀ ခန့်ပါဝင်သည့် အင်အားအလုံးအရင်းဖြင့် ဝိုင်းဝန်းပိတ်ဆို့ကာ ဝင်ရောက်စီးနင်းစဉ် PDF တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်သည့်နည်းတူ စစ်ကောင်စီတပ်ဖွဲ့ကလည်း လက်နက်ကြီးဖြင့်ပါ ပစ်ခတ်သည်ကို ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။

ထိုသို့ ဝင်ရောက်စီးနင်းခံရပြီးနောက် အင်အားချင်းမမျှသောကြောင့် ထိုနေရာကို လက်လွှတ်ခဲ့ရကြောင်း ဗိုလ်ထွန်းတောက်နိုင်က ပြောသည်။

“ဖြစ်သွားတာက တအားကို မြန်တယ်။ ရှောင်လို့မရတဲ့ အနေအထားဖြစ်သွားတာ။ ပိတ်မိသွားတယ်။ သတင်းက သူတို့ရောက်ပြီးမှ သတင်းရတာ။ ကျွန်တော်တို့ နောက်ကျသွားတယ်လို့ ပြောလို့ရတယ်။ သူတို့ ဝိုင်းထားတဲ့အချိန်မှာ ကျွန်တော်တို့က အပြင်ကနေ ပြန်ဝိုက်ထားပြီးသား။ အထဲကလူတွေကို ပြန်ကယ်ထုတ်လို့မရတဲ့ အနေအထားမို့သာ။ ကျွန်တော်တို့ဝင်လိုက်ရင် အသက်ရှင်မှာမဟုတ်တော့လို့ လွှတ်ပေးလိုက်ရတဲ့ အနေအထားပါ” ဟု ၎င်းက ဆိုသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာနေရာအနီး ရှိနေစဉ် ဦးခေါင်းထိ အမျိုးသမီးငယ်၊ ကျောထိ အမျိုးသားတစ်ဦးတို့ကို ကုသမှုပေးခဲ့ရကြောင်း လူမှုကယ်ဆယ်ရေးအသင်းတစ်ခုထံမှ သိရသည်။ 

ပစ်ခတ်မှုများအပြီး မြို့ပေါ်ရှိ နေရာတချို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်များကို ဟန့်တားရန် လမ်းပေါ်၌ ကားတာယာများမီးရှို့ကြကြောင်း မြို့ခံများက ဆိုသည်။ 

ညနေ ၃ နာရီခွဲ အချိန်ခန့်က ၆၆ လမ်းရှိ မန္တလေးတိုင်းရဲတပ်ဖွဲ့ရုံးရှေ့မှ ရဲများကို ဆိုင်ကယ်သမားက သွားရောက်ပစ်ခတ်သဖြင့် ရဲတစ်ဦးသေဆုံးကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကို ကိုးကားလျက် မဇ္စျိမသတင်းဌာနက ရေးသားထားသည်။

စစ်ကောင်စီက ပိတ်ဆို့ရှာဖွေခဲ့သည့်အပြင် ယနေ့ညနေပိုင်းတွင် မြို့အဝင်အထွက်နေရာများ၊ မြို့တွင်းနေအိမ်များတွင် ရှာဖွေစစ်ဆေးကြောင်း၊ သေနတ်သံများလည်း ကြားရကြောင်း မြို့ခံများက Myanmar Now ကို ပြောသည်။ myanmar now

သထုံမှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးပစ်သတ်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာတွင် စစ်ကောင်စီခန့်ထားသည့် အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းကို သေနတ်သမားနှစ်ဦးက ယမန်နေ့ (ဇွန် ၂၁) ညနေပိုင်းတွင် ပစ်သတ်သွားခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးရှိ ၎င်း၏ အိမ်ရှေ့တွင် ဈေးရောင်းနေစဉ် သေနတ်သမားနှစ်ဦးက အသက် ၅၈ နှစ်အရွယ် ဦးစိုးသိန်းကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက အတည်ပြုသည်။

“သူက ဒူးရင်းသီးတို့၊ ကြက်မောက်သီးတို့၊ မင်းဂွတ်သီးတို့ရောင်းတော့ ဈေးဝယ်တဲ့ပုံစံမျိုးနဲ့ လာပြီးတော့ သေနတ်နဲ့ ၇ ချက် ပစ်သွားတာ။ အနီးကပ်ပစ်သွားတာ” ဟု ၎င်းက ပြောသည်။

စိုးသိန်း၏ ဝမ်းဗိုက်တွင် ဒဏ်ရာအများဆုံးရရှိခဲ့ကြောင်း၊ နေရာတွင်ပင်သေဆုံးခဲ့ရာ ရုပ်အလောင်းကို သထုံဆေးရုံရင်ခွဲရုံသို့ ပို့လိုက်ကြောင်း အထက်ပါ ဒေသခံက ပြောသည်။

“ခုလက်ရှိ သူက (ရပ်ကျေး) ဥက္ကဌလုပ်တာပေါ့။ ရွာမှာလည်း ဗုံးတွေက ခဏခဏတွေ့တယ်လေ။ အဲဒါ သူက လိုက်ကြည့်တာပေါ့၊ လိုက်ပြီးစိစစ်ရတာပေါ့။ အုပ်ချုပ်ရေးမှူးတစ်ယောက်ဆိုတော့။ သူ့လက်ထက်မှာတော့ (ကျေးရွာအတွင်း) တစ်ယောက်မှ အဖမ်းဆီးမခံရပါဘူး” ဟု ၎င်းကပင်ပြောသည်။

နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တစ်လခန့်သာ တာဝန်ထမ်းဆောင်ရသေးသည့် ဦးစိုးသိန်းမှာ သတင်းများထွက်ပေါ်နေသကဲ့သို့ စစ်ကောင်စီသတင်းပေး (ဒလန်) ဟုတ်မဟုတ် Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဈာပနကို ဇွန် ၂၄တွင် ပြုလုပ်ရန် မိသားစုက စီစဉ်ထားကြောင်း ဒေသခံတစ်ဦးက အတည်ပြုသော်လည်း ကာယကံရှင်များထံမှ မှတ်ချက်တစ်စုံတစ်ရာမရသေးပါ။

ဖေဖော်ဝါရီ ၁ စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို ပစ်ခတ်ဖြိုခွင်းသဖြင့် ယနေ့အထိ လူပေါင်း ၉၀၀ နီးပါး အသက်ဆုံးခဲ့ရသလို ၆၀၀၀ ဦးကျော် ဖမ်းဆီးခံရပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းက ဆိုသည်။

စစ်ကောင်စီကမူ ၃၀၀ ခန့်သာ သေသည်ဟု ဆိုသည်။

ရပ်ရွာလူထုက ရွေးကောက်တင်မြှောက်ထားသည့် အုပ်ချုပ်ရေးမှူးများကို ဖြုတ်ချ၍ စစ်ကောင်စီက အစားထိုးအသစ်ခန့်အပ်ထားသူများကို သတင်းပေး(ဒလံ) အဖြစ် သတ်မှတ်ကာ လုပ်ကြံသတ်ဖြတ်မှုများ နိုင်ငံအနှံ့ မကြာခဏဖြစ်ပေါ်နေသည်။

အာဏာသိမ်းစစ်ကောင်စီက ထိုသို့လုပ်ကြံသတ်ဖြတ်ခံရသည့် အုပ်ချုပ်ရေးမှူးများအတွက် တစ်ဦးလျှင် ကျပ်ငါးသိန်းစီ သတ်မှတ်ကာ ကျန်ရစ်သူမိသားစုများကို ဇွန်လလယ်ပိုင်းမှစ၍ ထောက်ပံ့နေသည်။myanmar now

“အားတင်းထားပါ မန္တလေးရာ မင်းတို့ဘက်မှာငါတို့ ရှိတယ် ” ကြွေးကြော်သံများနဲ့ ဆားလင်းကြီးမြို့နယ် ဖောင်းကားကျေးရွာတွင် စစ်အာဏာရှင်ဖြုတ်ချရေး ချီတက်ဆန္ဒပြ

khit thit

မြင်းခြံတွင် ခရီးသွားနှင့် ကုန်စည်ပို့​ဆောင်ခြင်းအ​ပေါ် စစ်​ကောင်စီ တင်းကြပ်

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ရပ်ကွက်ထောက်ခံချက်နှင့် မှတ်ပုံတင်မူရင်းပါမှသာ ခရီးသွားလာခွင့် ပြုရန်နှင့် ကုန်ပစ္စည်းတင်ပို့ရာတွင်လည်းစစ်ကောင်စီ၏ လက်အောက်ခံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက် ပါရှိမှသာ သယ်ယူတင်ဆောင်ခွင့်ပြုသွားရန် အာဏာသိမ်းစစ်ကောင်စီက ညွှန်ကြားခဲ့သည်။

ဇွန် ၂၀ တွင် မြင်းခြံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှုးနှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ထိုကဲ့သို့ ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

ခရီးသည်တင်ယာဥ်လိုင်းများအား ယမန်နေ့ (ဇွန် ၂၁) မှစ၍ ရပ်ကွက်ထောက်ခံချက်(သို့) မှတ်ပုံတင်မူရင်း ပြသနိုင်မှသာ ခရီးသည်များ စီးနင်းလိုက်ပါခွင့်ပြုရန်နှင့် လိုက်ပါစီးနင်းသည့်ခရီးသည်စာရင်းအား နေ့စဉ်ပေးပို့ရန် အသိပေးထားကြောင်း သိရသည်။

ထို့ပြင် ကုန်တင်ယာဥ်များ ကုန်စည်တင်ဆောင်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်ပါရှိသော ကုန်ပစ္စည်းများကိုသာ သယ်ယူတင်ဆောင်ခွင့်ပြုသွားရန် ညွှန်ကြားထားကြောင်း မြင်းခြံမော်တော်ယာဥ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းထွန်းက လုပ်ငန်းရှင်များအား ညွှန်ကြားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

“ပိုပြီး တင်းကြပ်ချင်တဲ့သဘောလို့ထင်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကို အသက်ပြန်သွင်းချင်တယ်လို့လည်း ထင်တယ်”ဟု မြင်းခြံဒေသခံတစ်ဦးက ပြောသည်။လက်ရှိ မြင်းခြံမြို့တွင်လည်း ည ၈ နာရီတိုင်း မီးဖြတ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လှည့်လည်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။myanmar now

ယင်းမာပင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ တ‌ရော်ကျင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ဒီနေ့ ဇွန် ၂၂ ရက် နေ့ခင်း  ၂ နာရီကျော်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ဝင်တစ်ဦးက “စစ်ကောင်စီတပ်တွေက တရော်ကျင်းရွာထဲက စာသင်ကျောင်းထဲကနေ အကာအကွယ်ယူပြီး ပစ်နေတာ။ ရွာထဲက လူတွေကတော့ မနက်ခင်းကတည်းက ဘေးလွတ်ရာကို ရှောင်နေရတယ်။ ရွာထဲတော့ ရွာသားတွေ မကျန်လောက်ဘူး ထင်တာပဲဗျာ။ နှစ်ဘက် အကျအဆုံးက‌တော့ လက်ရှိအချိန်အထိ မသိရဘူး” လို့ ပြောပါတယ်။

အခု တိုက်ပွဲဖြစ်ပွားရာဒေသဟာ ကနီမြို့နဲ့ ယင်းမာပင်မြို့နယ်ကြားမှာရှိတဲ့ သမိုင်းဝင် အလောင်းတော်ကဿပဘုရား သွားရာအစ လမ်းဆုံက ကျေးရွာလည်း ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူတွေ ပစ်ခတ်မှုဖြစ်ကာ ပြည်သူ ၆ ဦး ကျဆုံးခဲ့တဲ့ရွာ ဖြစ်ပါတယ်။DVB

မန္တလေး မြရည်နန္ဒာအိမ်ရာစျေးတွင် စစ်ကောင်စီတပ်များက ရမ်းသမ်းပစ်ခတ်၍ ပြည်သူများ ထွက်ပြေးရ၊ မန္တလေးမြို့ ခြောက်ကပ်သွား

မန္တလေး ၊ မြရည်နန္ဒာအိမ်ရာစျေးတွင် ယနေ့ ညနေပိုင်း ၆ နာရီကျော်က စစ်ကောင်စီတပ်များက ရမ်းသမ်းပစ်ခတ်၍ ပြည်သူများ ထွက်ပြေးရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ပစ်တာတော့ဟုတ်တယ်။ မြရည်နန္ဒာ လမ်း၅၀ ၊ ၁၁၇ လမ်းဘက်မှာ ဆိုင်ဖွင့်တဲ့ ဆိုင်တွေကိုပစ်တယ် ။ သေနတ်သံကြားတော့ လူတွေက လန့်ပြီး စျေးထဲ ပြေးတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပစ်ခတ်မှု​ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ရှိသည်ဟု မကြားရ​ကြောင်း ​ဒေသခံကဆိုသည်။မန္တလေး နေရာအများစုတွင် ယနေ့ ပစ်ခတ်မှုကြောင့် လမ်းမများပေါ်တွင် လူသူကင်းမဲ့သွားပြီး ဖြတ်သန်းသွားလာသူ အနည်းအကျဉ်းသာရှိတော့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်များက နေရာအများစုတွင် အင်အားတိုးချဲ့ပြီး အရပ်ဝတ်များဖြင့် ရပ်ကွက်ထိပ်များတွင် နေရာယူထားကြောင်း သိရှိရသည်။khit thit

« Older Entries