Monthly Archives: Jun 2021

မြန်မာသတင်းသမားများအပေါ် တိုက်ခိုက်ခြိမ်းခြောက်မှုများရပ်တန့်ရန် SEAJU တောင်းဆို

စစ်ကောင်စီက မြန်မာသတင်းမီဒီယာတွေနဲ့ သတင်းသမားတွေအပေါ် တိုက်ခိုက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတာ ရပ်တပ်ဖို့နဲ့ မြန်မာမီဒီယာ လုပ်ဖော်ကိုင်ဖက်များနဲ့အတူတကွ ပူးပေါင်းပါဝင်ကြောင်း အရှေ့တောင်အာရှသတင်းစာဆရာသမဂ္ဂ (SEAJU) ကွန်ရက် အဖွဲ့ဝင်တွေက တောင်းဆိုလိုက်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းချိန်ကစပြီး နိုင်ငံအတွင်းရှိ သတင်းမီဒီယာများနဲ့ သတင်းသမားတွေအပေါ် တိုက်ခိုက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေ ဆက်လုပ်နေတာကိုလည်း ရှုတ်ချလိုက်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အား ကန့်သတ်ချုပ်နှောင်ခြင်းကို ရပ်တန့်ဖို့နဲ့ မြန်မာသတင်းသမားတွေအပေါ် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ စစ်တပ်ကို  SEAJU နဲ့ အပြည်ပြည်ဆိုင်ရာ ဂျာနယ်လစ်အဖွဲ့ချုပ် (IFJ) တို့က အတူတကွ တောင်းဆိုလိုက်ပါတယ်။ 

ဇွန်လ ၁၇ ရက် အစည်းအဝေးမှာ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ အရှေ့တီမောမှ SEAJU ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ဖေဖော်ဝါရီ ၁ ရက်ကစပြီး  မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် အလွန်ဆိုးဝါးစွာ ကျဆင်းနေမှုကို ဆွေးနွေးခဲ့ကြပါတယ်။ 

SEAJU ကွန်ရက်ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်သောသတင်းမီဒီယာများကို အရေးကြီးတဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအဖြစ် တညီတညွတ်တည်း ထောက်ခံခဲ့ပြီး မြန်မာစစ်တပ်ရဲ့ မီဒီယာအပေါ် ဆက်လက်တိုက်ခိုက်နေမှုတွေကို  ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ 

SEAJU က ပူးတွဲကြေညာချက်ထဲမှာ သတင်းစာနယ်ဇင်းသမားတွေအပေါ် တရားစွဲဆိုထားချက်အားလုံးကို ဖယ်ရှားပေးဖို့နဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က) ကို သုံးပြီး သတင်းပေးပို့တဲ့အလုပ်,လုပ်လို့ သတင်းထောက်တွေအား ထောင်ချတာကို ရပ်တန့်ပေးဖို့  မြန်မာစစ်ကောင်စီကို တောင်းဆိုထားပါတယ်။ 

ဒါ့အပြင် ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှနဲ့ တရုတ်အစိုးရတို့ကိုလည်း သူတို့ရဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ဝတ္တရားများကို လေးစားဖို့နဲ့ ညှဿ်းပန်းနှိပ်စက်ခြင်းနဲ့ သေဆုံးနိုင်ခြင်းတို့ကနေ ထွက်ပြေးလာပြီး လုံခြုံရာခိုလှုံခွင့်တောင်းခံတဲ့ သတင်းထောက်တွေနဲ့ ပြည်သူတွေကို ခွင့်ပြုပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ 

စစ်တပ်အနေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို လေးစားဖို့နဲ့ ၀င်ရောက် စွက်ဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်းမရှိဘဲ သတင်းအဖွဲ့အစည်းတွေကို သူတို့အလုပ်သူတို့ လုပ်ကိုင်ခွင့်ပေးဖို့လည်း တိုက်တွန်းတောင်းဆိုထားပါတယ်။ 

ကိုယ့်အလုပ်ကို ရိုးရိုးရှင်းရှင်း လုပ်နေတဲ့ မြန်မာသတင်းသမားတွေကို လက်နက်ကိုင်စစ်သားတွေနဲ့ ရဲတွေက လိုက်ဖမ်းနေကြပြီး ငွေကြေးပေးစည်းရုံးထားတဲ့ သတင်းပေးတွေက ဂျာနယ်လစ်တွေနဲ့သူတို့ရဲ့မိသားစုတွေကို အနှောင့်အယှက်ပေး ခြိမ်းခြောက်နေကြတယ်လို့ SEAJU က ‌ပြောပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု စတင်ကတည်းက လွတ်လပ်သောမီဒီယာအဖွဲ့အစည်းတွေဟာ စနစ်တကျဖယ်ရှားခံခဲ့ရပြီး အနည်းဆုံး သတင်းထောက် ၈၇ ယောက်အဖမ်းခံခဲ့ရကာ ၃ ဦး ထောင်ချခံခဲ့ရကြောင်းနဲ့ သတင်းမီဒီယာများစွာရဲ့ လိုင်စင်တွေကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရုံးတွေကိုလည်း မတ်လ ၈ ရက်နေ့မှာ ၀င်ရောက်စီးနင်းခဲ့တယ်လို့ SEAJU က ပြောကြားခဲ့ပါတယ်။ 

စစ်အုပ်ချုပ်ရေးကောင်စီဟာ စာနယ်ဇင်းသမားတွေကို တရားမ၀င်ဖမ်းဆီးဖို့ ပုဒ်မ ၅၀၅ (က) ကို အသုံးပြုနေပြီး စစ်တပ်အား ဝေဖန်ပြောဆိုနေမှုတွေကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားတာကြောင့် သတင်းသမားတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ 

လွတ်လပ်တဲ့ သတင်းမီဒီယာတွေဟာ ငွေကြေးအထောက်အပံ့ မရှိရင် လုပ်ခလစာရဖို့ဆိုတာ ခက်ခဲပြီး သတင်းထောက်တွေအနေနဲ့ အဖမ်းဆီးခံရမှာနဲ့ အင်တာနက်နဲ့ ဖုန်းတွေ ပိတ်ဆို့ခံရမှာ စိုးရိမ်ရပေမယ့် ဆက်လက်သတင်းပေးပို့ဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချနေရတယ်လို့ SEAJU က ဆိုပါတယ်။ 

လုပ်ခလစာ မရကြတော့တာကြောင့် အစားထိုးရရှိဖို့ခက်ခဲတဲ့ ကင်မရာတွေ၊ ဒရုန်းတွေ၊ ကွန်ပျူတာတွေကို ရောင်းချခဲ့ရတယ်လို့လဲ ဆိုပါတယ်။ DVB

ဦးတေဇပိုင် ပုသိမ်ဟိုတယ်ရှေ့ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ လူငယ် ၆ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇွန်လ ၂၀ ရက်နေ့ ညပိုင်းက ဦးတေဇပိုင် ပုသိမ်ဟိုတယ်ရှေ့ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လူငယ် ၆ ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲတဲ့ ညပိုင်းမှာပဲ အဲ့ရပ်ကွက်မှာနေထိုင်တဲ့ လူငယ်အမျိုးသား ၁ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် လူငယ် ၆ ဦးကို ထပ်မံဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“အရင်ဆုံးအဖမ်းခံလိုက်ရတဲ့ သူက ဖြစ်တဲ့နေရာနဲ့ ၃ မိနစ်လောက် လမ်းလျှောက်ရင်ရောက်တဲ့နေရာမှာ နေတာ၊ အဲ့နားမှာတွေ့တော့ ဖမ်းသွားတာ၊ ပြီးတော့ လက်နက်တွေနဲ့ မိတယ်ဆိုပြီး သတင်းလွှင့်တာပါ” လို့ ဒေသခံတဦးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ လက်အောက်ခံ ရဲကြေးနန်းထဲမှာ လူငယ် ၁ ဦးကို ဗုံး၊ လက်နက်တွေနဲ့အတူ ဖမ်းမိခဲ့ပြီးနောက်ပိုင်း နောက်ထပ် ၆ ဦးကို ထပ်မံဖမ်းမိခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ လူငယ်တွေနဲ့ ပတ်သက်ပြီး ဒေသခံအများစုကတော့ ခုလိုဖမ်းဆီးတာဟာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့ စစ်တပ်ပေါင်းပြီး လုပ်ကြံတာသာဖြစ်တယ်လို့ ပြောဆိုပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၀၀ ကျော်ထိရှိ လာပြီလို့ သိရပါတယ်။DVB

စစ်ကောင်စီတပ်များနှင့် CDF-မင်းတပ်တို့ နှစ်ဦးနှစ်ဖက် သဘောတူသည့်အချက် ၅ ချက်ကို မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်

မန္တလေးတွင် တအာင်းလူငယ် ၃ ဦး အပါအဝင် လူငယ် ၄ ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

မနေ့ ဇွန်လ ၂၂ ရက်က မန္တလေးမြို့တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ တအာင်းလူငယ် ၃ ဦးနဲ့ တရုတ်လူငယ် ၁ ဦးတို့ စီးနင်းလာတဲ့ ကားကို စစ်ကောင်စီက လိုက်လံပစ်ခတ်ခဲ့ရာ ကားဟာ ဓာတ်တိုင်ကို ဝင်တိုက်ခဲ့ပြီး အဲဒီလူငယ် ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး ကားကို ဗုံးခွဲပစ်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ လူငယ် ၄ ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ပြီးနောက် (၅၆)လမ်းနဲ့ (၁၁၀)လမ်းထောင့်ရှိ ထရန်စဖော်မာကို ဝင်တိုက်ပြီးတော့ သေဆုံးသွားတဲ့ အကြမ်းဖက်သမား ၄ ဦး ဖြစ်တယ်လို့ စစ်ကောင်စီတပ်က လိမ်လည်ပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီ သတ်ဖြတ်ခဲ့တဲ့ ၎င်း ၄ ဦးမှာ နိုင်ထွန်းကြည်၊ နိုင်လိုင်း၊ ချစ်ဆွေဆိုတဲ့ တအာင်းလူငယ် ၃ ဦးနဲ့ အားတီဆိုသူ တရုတ်လူငယ်တစ်ဦးတို့ ဖြစ်ကြပြီး အဲဒီ ၄ ဦးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းနဲ့ သီပေါမြို့နယ်က လူငယ်တွေ ဖြစ်ကြပါတယ်။အဲဒီ ၄ ဦးဟာ မန္တလေး စဥ့်ကိုင်မှာရှိနေတဲ့ ကြက်ခြံကို သွားရောက်ကြည့်ရှုဖို့ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်မှာ နမ့်ခမ်းကနေ ထွက်ခွာသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။

မန္တလေးမှာ သူငယ်ချင်းတွေ ရောက်လာလို့ အဲဒီညမှာ မန္တလေးရှိ ဟိုတည်တစ်ခုမှာ တည်းခိုပြီး ကြက်ခြံပြန်လာဖို့ လုပ်နေစဥ် သတ်ခံရတာ ဖြစ်တယ်လို့ သေဆုံးသွားတဲ့ နိုင်လိုင်းရဲ့ အမျိုးသမီးဖြစ်သူ အိုင်လွမ်က ဒီနေ့မှာ ပြောပါတယ်။“မနေ့ မနက်က ၈ နာရီလောက် သူဖုန်းခေါ်လာသေးတယ်။ ကျွန်မလည်း မန္တလေးမှာ သူများဆန္ဒပြနေတယ်။

အပြင်သိပ်မထွက်နဲ့လို့။ သူလည်း ဟုတ်ပြီတဲ့ အခုကြက်ခြံ ပြန်မလို့တဲ့။ ၇ နာရီခွဲကတည်းက သူများက ပစ်နေပြီ။ အစ်ကိုတစ်ယောက်ကလည်း ကြက်ခြံလိုက်ခဲ့မလို့ ခဏစောင့်ခိုင်းသေးတယ်။ သူတို့လည်းသွားရင်း အရပ်ဝတ်နဲ့ သေနတ်ကိုင်ထားတဲ့ရဲကို သွားတွေ့တယ်။ အဲမှာ ပစ်လည်းပစ်နေကြတယ်။

သူတို့ကလည်း နောက်ပြန်ဆုတ်ဖို့လုပ်တော့ ရဲက စစ်သားတွေကို အကြောင်းကြားတာထင်တယ်။ စစ်သားတွေ ချက်ချင်း သူတို့နောက် လိုက်လာတယ်။ သူတို့ကို သေနတ်တွေနဲ့လိုက်ပစ်တော့ ကားက ဓာတ်တိုင်ကို တိုက်မိတာ”ဓာတ်တိုင်တိုက်မိတုန်းက ကားဟာ ရှေ့ဖုံးသာ အနည်းကယ် ပွန်းပဲ့သွားပြီး သူမရဲ့ အမျိုးသား နိုင်လိုင်းအပါအဝင် ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး ကားကို ဗုံးခွဲပစ်လိုက်တယ်လို့ ပြောပါတယ်။“အဲချိန်ကားတော့ အရှေ့ပိုင်း ပိန်သွားတယ်။

လူကတော့ သူတို့ဖမ်းသွားတယ်။ ပြီးတော့ သူတို့ဓာတ်တိုင်နဲ့တိုက်ပြီး ဗုံးပေါက်ပြီးတော့ သေတယ်လို့ သတင်းထုတ်လိုက်တယ်။ တကယ်က အဲလိုမဟုတ်ဘူး။ စစ်သားတွေက ကားကိုဝိုင်းပြီးတော့ ဗုံးခွဲလိုက်တာ။ သူတို့ ကျွန်မအမျိုးသားကို ဖမ်းသွားကတည်းက အဆက်အသွယ် မရတော့ဘူး။ လိုက်မယ်ပြောတဲ့ အစ်ကိုလည်း သူတို့နဲ့ အဆက်အသွယ် မရတော့ဘူး” လို့ နိုင်လိုင်းရဲ့ အမျိုးသမီးက ဆက်ပြောပါတယ်။

လက်ရှိအချိန်ထိလည်း သေဆုံးသွားတဲ့ ၎င်းတို့ ၄ ဦးရဲ့အလောင်းကို မရသေးသလို အလောင်းကို ပြန်ရလိုတယ်လို့ မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။“မနေ့ နေလယ်ရောက်တော့ အမေဆီဖုန်းဆက်လာတယ်။ သူတို့အလောင်းပုံလည်း ပို့လာတယ်။ ဒီမှာ လိုင်းက မကောင်းတော့ ကားပုံပဲ မြင်ရတယ်။ ကားကတော့ သူတို့ကား ဟုတ်တယ်။

အဲချိန်ကျမှ သူတို့​သေသွားမှန်း သိရတာ” လို့ အိုင်လွမ်က ​ဆိုပါတယ်။အိုင်လွမ်နဲ့ သေဆုံးသွားတဲ့ နိုင်လိုင်းဟာ ဇွန်လ ၆ ရက်မှာ မဂ်လာဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။သေဆုံးတဲ့အထဲက ချစ်ဆွေဟာ အရင်က တအာင်းလူငယ် မော်ဒယ်တစ်ဦးဖြစ်ခဲ့ဖူးသူ ဖြစ်ပါတယ်။“PDF လို့ စွပ်စွဲတယ်။ ဘာမှပတ်သက်မှု မရှိဘူး။

သူတို့က ကြက်ခြံမှာပဲ နေကြတာ။ မန္တလေးက သူတို့သူငယ်ချင်း ရောက်လို့သွားတာ။ ကားထဲမှာ ဘာမှလည်း မပါဘူး” လို့ အိုင်လွမ်က ပြောပြပါတယ်။စစ်ကောင်စီက ၎င်းတို့ ၄ ဦးကို အကြမ်းဖက်တွေအဖြစ် စွပ်စွဲပြီး သတင်းထုတ်ပြန်ထားပါတယ်။khit thit

မြဝတီမြို့မှ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရပ်ကွက် ၂၊ မြို့ပတ်လမ်း ရာအိမ်မှူးဖြစ်သော အသက်(၅၀) ခန့်အရွယ် ဦးသန်းဌေးမှာ ယနေ့(ဇွန် ၂၃) နံနက် ၆ နာရီခွဲခန့်က ၎င်း၏ နေအိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည်။

နေအိမ်ရှေ့ ဆွမ်းလောင်းရန် ထိုင်နေစဉ် ကားတစ်စီးရောက်လာပြီး ပစ်သွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“ရင်ဘတ်ကို အပစ်ခံရတာ” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးကို ဆေးရုံအဆင့်ဆင့်သို့ ပို့ဆောင်ကုသစဉ် အာရှလမ်းဟု ဒေသခံတို့ ခေါ်ကြသော မြဝတီ-ကော့ကရိတ်လမ်း၌ သေဆုံးသွားခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

“မြဝတီဆေးရုံက ပတ်တီးတွေဘာတွေ ပတ်ပေးထားတယ်။ ပတ်ပြီးတော့ မော်လမြိုင်ကို ခေါ်သွားတယ်။ အာရှလမ်းမှာ ဆုံးသွားတယ်”ဟု ၎င်းက ဆိုသည်။

ပစ်ခတ်မှုအပြီး ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့များရောက်လာကာ လမ်းကို ပိတ်ဆို့ရှာဖွေစဉ် လက်ကိုင်ဖုန်းများကို စစ်ဆေးကြောင်း၊ ထိုသို့ပိတ်ဆို့စစ်ဆေးစဉ် ဖမ်းဆီးခံရသူ လူငယ်အမျိုးသား ၄ ဦး အနည်းဆုံးရှိကြောင်း သိရသည်။

“ဖြတ်သွားဖြတ်လာ ကလေးတွေပေါ့။ သူတို့ကို ပြန်လွှတ်လိုက်ပြီလို့လည်း ကြားတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။

ပစ်ခတ်လုပ်ကြံခံရသူ ဦးသန်းဌေးသည် ဒလန်ဟု ဆိုနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“သူက ဟိုးအရင်ကတည်းက ရပ်ကွက်ထဲမှာ ဆန္ဒပြတဲ့သူတွေကို သတင်းပေးထားတာတွေ အများကြီးရှိတယ်။ ကလေးတွေနေတဲ့အိမ်တွေကို လိုက်ပြပြီး ဖမ်းဆီးခိုင်းတာတွေရှိတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။ 

“သူ့ကို လူမုန်းများနေပြီ သတိပေးတာတွေရှိတော့ သူက သူ့ကိုယ်သူ စစ်ကောင်စီကခန့်တဲ့ ရာအိမ်မှုးဆိုပြီး ပြန်ဖြဲတာတွေရှိတယ်”

ဦးသန်းဌေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်ကတည်းက အဆိုပါရပ်ကွက်တွင် ရာအိမ်မှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်ကို မှတ်ချက်တစ်စုံတစ်ရာ တောင်းခံနိုင်ခြင်း မရှိသေးပေ။

အာဏာသိမ်းပြီးနောက် ငါးလနီးပါးရှိလာချိန်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို စစ်တပ်နှင့် ရဲက ရက်စက်စွာပစ်ခတ်၊ ဖြိုခွင်း၊ ဖမ်းဆီးမှုများ ဆိုးရွားစွာပေါ်ပေါက်နေသည်။ ဤအခြေအနေတွင် စစ်ကောင်စီလက်ထက် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများသည်လည်း နိုင်ငံအနှံ့ လုပ်ကြံသတ်ဖြတ်ခံလာရသည်။

ဦးသန်းဌေးသေဆုံးမှုမှာ အာဏာသိမ်းပြီးချိန်မှစ၍ မြဝတီမြို့တွင် ပထမဆုံးအကြိမ် ရပ်ကွက်အုပ်ချုပ်ရေးအဆင့် တာဝန်ရှိသူတစ်ဦး လုပ်ကြံခံရခြင်းဖြစ်သည်။

ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာန၏ ယနေ့သတင်းတစ်ပုဒ်တွင် သေနတ်သမားများက ဦးသန်းဌေးကို ၂ ချက် ပစ်ခတ်ခဲ့ကြောင်း၊ လမ်းတွင် ကွယ်လွန်သဖြင့် သူ၏ ရုပ်အလောင်းကို နေအိမ်သို့ ပြန်လည်သယ်ဆောင်သွားကြောင်း ဖော်ပြထားသည်၊myanmar now

စမ်းချောင်း ဝေဠုဝန်ရပ်ကွက်တွင် တာယာမီးရှို့သည်ဟုဆိုကာ လူငယ်တချို့ အဖမ်းခံရ

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်ရပ်ကွက် ၊ ဗဟိုလမ်းမပေါ်တွင် ယနေ့ နေ့လယ်ပိုင်းက တာယာမီးရှို့ပြီး ဆန္ဒပြကြရာတွင် လူငယ်တချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်များက လာရောက် ဖမ်းဆီးသွားကြောင်း အဆိုပါ ရပ်ကွက်မှ ဒေသခံတချို့က ပြောသည်။

“လူငယ်လေးတွေ ဗဟိုလမ်းမ အလယ်မှာ မီးရှို့တာ။ အဲဒါ သိပ်မကြာပါဘူး။ ရဲတွေ ၊ စစ်သားတွေ ရောက်လာပြီး လမ်းတွေပိတ် တွေ့သမျှ လူငယ်တချို့ကို ဖမ်းသွားတယ်။ ပြီးတော့ အဲဒီမီးရှို့ထားတဲ့ တာယာတွေ ပြန်ရှင်းခိုင်းတယ်။ အခုတော့ လမ်းပြန်ပွင့်သွားပါပြီ” ဟု အဆိုပါရပ်ကွက်အနီးတွင် ကားပြုပြင်ရေး ဆိုင်တစ်ခုမှ ဒေသခံတစ်ဦးကပြောသည်။

ဒေသခံတချို့၏ အဆိုအရ ဖမ်းဆီးခံရသော လူငယ်များသည် တာယာမီးရှို့သော လူငယ်များမဟုတ်ဘဲ ရပ်ကွက်အတွင်းမှ လူငယ်များသာ ဖြစ်သည်ဟုဆိုသည်။ “ရှို့တဲ့လူငယ်တွေက ရှို့ပြီး ထွက်သွားတာ။ အခု သူတို့ ဖမ်းသွားတာက ရပ်ကွက်ထဲက လူငယ်တွေ ။ တာယာမီးရှို့တာနဲ့လည်း မသက်ဆိုင်ဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စမ်းချောင်းမြို့နယ်တွင်လည်း စစ်ကောင်စီတပ်များသည် အင်အားအများအပြားဖြင့် ကင်းပတ်ခြင်း၊ မြေနီကုန်း ဗားကရာတို့တွင် စစ်ကားများ ရပ်၍ စောင့်ကြည့်ခြင်းများ လုပ်ဆောင်နေသည်ဟု သိရှိရသည်။khit thit

ဗန်းမော်တွင် လူငယ် ၂၀ ခန့်ကို PDF ဟုစွပ်စွဲပြီး စစ်တပ်က အကြမ်းဖက်ဖမ်းဆီး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ  ဇွန်လ ၂၂ ရက် ညပိုင်းက ဒေသခံလူငယ် အယောက် ၂၀ လောက်ကို  PDF  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလို့ စွပ်စွဲပြီး စစ်တပ်က အကြမ်းဖက် ဖမ်းဆီးသွားပါတယ်။ 

မနေ့ည ၉ နာရီကျော်လောက်က ဗန်းမော် ခွန်သာရပ်ကွက်နဲ့ ညောင်ပင်ရပ်အပါအဝင်  ရပ်ကွက်တချို့ကို ကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက် လာပြီး ပြည်သူတွေရဲ့  နေအိမ်ထဲ  အတင်းဝင်ရောက်ကာ လူငယ် အယောက် ၂၀ နီးပါးကို အကြမ်းဖက် ဖမ်းဆီးသွားတယ်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ ကျောင်းသားလူငယ်တွေဖြစ်ကြပြီး  ဗန်းမော်မြို့တွင်းရှိ လက်ဖက်ရည်ဆိုင်တွေ ၊ ရပ်ကွက်တွေမှာ စစ်အုပ်စုက လူငယ်တွေကို အချိန်မရွေး ဖမ်းဆီးနေတာ ကြောင့် မိဘပြည်သူတွေ စိုးရိမ်ပူပန်နေကြပါတယ်။ 

ဗန်းမော်မှာ ဇွန် ၂၁ ရက် ညကလည်း ပေါက်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ လူငယ်တစ်ယောက်ကို စစ်တပ်က သေနတ်နဲ့ ပစ်ဖောက်ခြိမ်းခြောက်ပြီး ဖမ်းဆီးသွားပါတယ်။

အခု ဇွန်လအတွင်း ဖမ်းဆီးခံခဲ့ရသူ လူငယ်အယောက် ၃၀ ထက်မနည်းရှိနေပြီး ဘယ်မှာ ဖမ်းဆီး ချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးပါဘူး။DVB

Cafe 99 ဆိုင်ရှင်နှင့် ဝန်ထမ်းတချို့ကို ပန်းပန်မှုဖြင့် ဆက်ဖမ်းထား

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ Café 99 ဆိုင်တွင် ပန်းဝေ၊ ပန်းပန်မှုအတွက် ဖမ်းထားသည့် ဆိုင်ပိုင်ရှင်ကို ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လိုက်ကြောင်း မြို့ခံများထံမှ သိရသည်။

ပြင်ဦးလွင်-လားရှိုးလမ်းမကြီးပေါ်ရှိ Cafe 99  ဆိုင်သို့ ဇွန် ၁၉  တွင် စစ်သားနှင့်ရဲများ ဝင်ရောက်လာပြီး ဆိုင်ရှင်နှင့် ဇနီး၊ ရှယ်ယာဝင်တစ်ဦး၊ ပန်းပန်ထားသည့် ဝန်ထမ်းများအပါအဝင် စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

နောက်တစ်နေ့ ဇွန် ၂၀ ၌ ဆိုင်ရှင်၏ ဇနီး၊ သူငယ်ချင်းဖြစ်သူ ရှယ်ယာဝင်တစ်ဦးနှင့် ဝန်ထမ်းအမျိုးသမီး ၄ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ထိုဆိုင်နှင့် နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်၊ 

ဆိုင်ရှင် အသက် ၅၅ နှစ်အရွယ် ဦးမောင်ကြီးနှင့် ဝန်ထမ်း ၅ ဦးကို ဆက်လက်ဖမ်းဆီးထားကြောင်း ၎င်းက ဆက်ပြောသည်။ 

ဇွန် ၁၉ သည်  နေ့စဉ် ပန်းပန်လေ့ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက်မွေးနေ့လည်းဖြစ်ရာ နိုင်ငံအနှံ့မှ ပြည်သူအများအပြားက ပန်းပန်ကြခြင်းဖြင့် ဆန္ဒပြခဲ့ကြသည်။  

ပြည်သူများက ​ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ရေး ဆုတောင်းခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ်လှုပ်ရှားမှုပြုလုပ်ခြင်း လူမှုကွန်ရက်တွင်လည်း ပန်းပန်ထားသည့် ဓာတ်ပုံများဖော်ပြ၍ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းစာများ ရေးသားခဲ့ကြသည်။ 

Cafe 99 ဆိုင်တွင်လည်း ယင်းနေ့က ပန်းဝေပြီး ကိတ်မုန့်ခွဲခြင်းမှာ ဆိုင်ရှင်၏ ဇနီးဖြစ်သူမွေးနေ့ပွဲအတွက် ရည်ရွယ်သည်ဟု မေမြို့ ခေါ် ပြင်ဦးလွင်မြို့မှ ဒေသခံနောက်တစ်ဦးက ပြောသည်။

“ပန်းဝေတာက ဆိုင်ရှင်အန်တီရဲ့မွေးနေ့မှာ ယတြာချေတာလို့ ကြားတယ်။ မွေးနေ့ကိတ်လုပ်ပြီး ပန်းကို ယတြာချေတဲ့အနေနဲ့ ခင်တဲ့သူတွေ အကုန်လုံးကို လက်ဆောင်အနေနဲ့ ပေးတာတဲ့။ ဆိုင်ကကလေးတွေကိုလည်း ပန်ချင်တဲ့ ကလေးတွေ ပန်ဆိုပြီး ပေးတာ။ အဲဒါကို သူတို့က ပန်းဝေတယ်ဆိုတဲ့ ပုဒ်မတပ်တာပေါ့” ဟု ၎င်းက ပြောသည်။

“ပန်းပန်ထားတဲ့ကလေးတွေနဲ့ ပြီးရင် ဆိုင်ရှင်ကိုလည်း ခဏလောက်ထွက်ခဲ့ပါဦးဆိုပြီးတော့ ခေါ်သွားတာ”  

စစ်တပ်နှင့် စစ်အာဏာရှင်ဆန့်ကျင်သူအများအပြားကို စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့် ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်နေသည်။myanmar now

မြဝတီမြို့တွင် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၂) ရပ်ကွက် သဲပုံဂိတ်အနီးမှာ ရာအိမ်မှူး ဦးသန်းဌေး  ဇွန်လ ၂၃ ရက် မနက် ၆ နာရီကျော်လောက်က  သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ 

ရာအိမ်မှူး ဦးသန်းဌေးဟာ  သံဃာတွေကို ဆွမ်းလောင်းဖို့  အိမ်ရှေ့မှာ ထိုင်နေချိန် ကားအမည်းရောင်နဲ့လာတဲ့ အမည်မသိ သေနတ်သမားက သေနတ်နဲ့ ၂  ချက်ပစ်ပြီး ကားမောင်းထွက်သွားပါတယ်။ 

ဦးသန်းဌေးမိသားနဲ့ တခြားအိမ်နီးချင်းတွေက မြဝတီပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ဦးသန်းဌေးရဲ့ ပြင်းထန်ဒဏ်ရာကြောင့် အရေးပေါ် မော်လမြိုင်ဆေးရုံကို  ပို့ဆောင်ချိန် လမ်းခရီးမှာ သေဆုံးသွားတဲ့အတွက် မြဝတီပြည်သူ့ဆေးရုံကို ပြန်သယ်လာပြီး ရုပ်လောင်းကို ရဲနဲ့ ကျန်းမာရေးဌာနက စစ်ဆေးအတည်ပြုချက်ယူမှာဖြစ်တယ်။ 

ဘာကြောင့် ပစ်ခတ်ခံရတယ်ဆိုတာ မသိသေးပေမဲ့ စစ်အာဏာသိမ်းနောက်ပိုင်း မြဝတီမြို့ အမှတ်(၂)ရပ်ကွက် သဲပုံဂိတ်မှာ လူငယ်တွေဆန္ဒပြဖို့ လူစုနေချိန်မှာ ရာအိမ်မှူး ဦးသန်းဌေးက ရဲတပ်ဖွဲ့ကို သတင်းပေးဖမ်းဆီးတဲ့ အဖြစ်မျိုးရှိခဲ့ကြောင်း နယ်ခံတစ်ဦးက ဆိုပါတယ်။DVB

« Older Entries