မြဝတီမြို့မှ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရပ်ကွက် ၂၊ မြို့ပတ်လမ်း ရာအိမ်မှူးဖြစ်သော အသက်(၅၀) ခန့်အရွယ် ဦးသန်းဌေးမှာ ယနေ့(ဇွန် ၂၃) နံနက် ၆ နာရီခွဲခန့်က ၎င်း၏ နေအိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည်။

နေအိမ်ရှေ့ ဆွမ်းလောင်းရန် ထိုင်နေစဉ် ကားတစ်စီးရောက်လာပြီး ပစ်သွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“ရင်ဘတ်ကို အပစ်ခံရတာ” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးကို ဆေးရုံအဆင့်ဆင့်သို့ ပို့ဆောင်ကုသစဉ် အာရှလမ်းဟု ဒေသခံတို့ ခေါ်ကြသော မြဝတီ-ကော့ကရိတ်လမ်း၌ သေဆုံးသွားခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

“မြဝတီဆေးရုံက ပတ်တီးတွေဘာတွေ ပတ်ပေးထားတယ်။ ပတ်ပြီးတော့ မော်လမြိုင်ကို ခေါ်သွားတယ်။ အာရှလမ်းမှာ ဆုံးသွားတယ်”ဟု ၎င်းက ဆိုသည်။

ပစ်ခတ်မှုအပြီး ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့များရောက်လာကာ လမ်းကို ပိတ်ဆို့ရှာဖွေစဉ် လက်ကိုင်ဖုန်းများကို စစ်ဆေးကြောင်း၊ ထိုသို့ပိတ်ဆို့စစ်ဆေးစဉ် ဖမ်းဆီးခံရသူ လူငယ်အမျိုးသား ၄ ဦး အနည်းဆုံးရှိကြောင်း သိရသည်။

“ဖြတ်သွားဖြတ်လာ ကလေးတွေပေါ့။ သူတို့ကို ပြန်လွှတ်လိုက်ပြီလို့လည်း ကြားတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။

ပစ်ခတ်လုပ်ကြံခံရသူ ဦးသန်းဌေးသည် ဒလန်ဟု ဆိုနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“သူက ဟိုးအရင်ကတည်းက ရပ်ကွက်ထဲမှာ ဆန္ဒပြတဲ့သူတွေကို သတင်းပေးထားတာတွေ အများကြီးရှိတယ်။ ကလေးတွေနေတဲ့အိမ်တွေကို လိုက်ပြပြီး ဖမ်းဆီးခိုင်းတာတွေရှိတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။ 

“သူ့ကို လူမုန်းများနေပြီ သတိပေးတာတွေရှိတော့ သူက သူ့ကိုယ်သူ စစ်ကောင်စီကခန့်တဲ့ ရာအိမ်မှုးဆိုပြီး ပြန်ဖြဲတာတွေရှိတယ်”

ဦးသန်းဌေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်ကတည်းက အဆိုပါရပ်ကွက်တွင် ရာအိမ်မှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်ကို မှတ်ချက်တစ်စုံတစ်ရာ တောင်းခံနိုင်ခြင်း မရှိသေးပေ။

အာဏာသိမ်းပြီးနောက် ငါးလနီးပါးရှိလာချိန်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို စစ်တပ်နှင့် ရဲက ရက်စက်စွာပစ်ခတ်၊ ဖြိုခွင်း၊ ဖမ်းဆီးမှုများ ဆိုးရွားစွာပေါ်ပေါက်နေသည်။ ဤအခြေအနေတွင် စစ်ကောင်စီလက်ထက် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများသည်လည်း နိုင်ငံအနှံ့ လုပ်ကြံသတ်ဖြတ်ခံလာရသည်။

ဦးသန်းဌေးသေဆုံးမှုမှာ အာဏာသိမ်းပြီးချိန်မှစ၍ မြဝတီမြို့တွင် ပထမဆုံးအကြိမ် ရပ်ကွက်အုပ်ချုပ်ရေးအဆင့် တာဝန်ရှိသူတစ်ဦး လုပ်ကြံခံရခြင်းဖြစ်သည်။

ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာန၏ ယနေ့သတင်းတစ်ပုဒ်တွင် သေနတ်သမားများက ဦးသန်းဌေးကို ၂ ချက် ပစ်ခတ်ခဲ့ကြောင်း၊ လမ်းတွင် ကွယ်လွန်သဖြင့် သူ၏ ရုပ်အလောင်းကို နေအိမ်သို့ ပြန်လည်သယ်ဆောင်သွားကြောင်း ဖော်ပြထားသည်၊myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s