Monthly Archives: Jun 2021

ဘန့်​ဘွေး​တောပြင်မှ ပြည်သူများ၏​နေအိမ် ၈ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး

ယင်းမာပင်-ကနီနယ်စပ်တွင် ဇွန်လ ၂၂ ရက်​နေ့ အကြမ်း ဖက် စစ်​ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်​ရေး တပ် PDF များ တိုက်ပွဲဖြစ်ပွားပြီး​နောက် ဘန့်ဘွေးတောပြင်ဒေသမှအပြစ်မဲ့ပြည်သူများ၏ နေအိမ်၈ လုံးကို စစ်​ကောင်စီတပ်များက မီးရှို့ဖျက်ဆီးလိုက်​ကြောင်း သင်္ဂတုံချောင်းရိုးသတင်းစဉ်-ကနီနယ်’က သတင်းထုတ်ပြန်သည်။khit thit

သဲကုန်းမြို့အဝင်ဂိတ်တွင် ဗုံးပေါက်ကွဲပြီး ထွေအုပ်ဝန်ထမ်း ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့အဝင် သီတဂူမျက်စိအထူးကုဆေးရုံအနီးမှာရှိတဲ့ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှာ ဒီနေ့မနက် ၈ နာရီလောက်က ဗုံးတလုံးပေါက်ကွဲခဲ့လို့ ထွေအုပ်ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒေသခံတစ်ဦးက “ထွေအုပ်ဝန်ထမ်းတယောက်ထိတယ်လို့တော့သိရတယ်။ ဗုံးပေါက်ပြီးတာနဲ့ ဘယ်သူမှ အဲဒီရှေ့ကတောင် ဖြတ်မသွားရဲကြတော့ဘူး” လို့  ပြောပါတယ်။

မြို့နယ် ကိုဗစ်အရေးပေါ်ထိန်းချုပ်တုံ့ပြန်ကော်မတီနဲ့ သက်ဆိုင်ရာက နှာခေါင်းစည်းတပ်ဆင်ရေးနဲ့ လူဝင်လူထွက်စစ်ဆေးရေးအတွက် ဂိတ်မှာ  ဆောင်ရွက်နေစဉ် ချိန်ကိုက်မိုင်းဗုံးလို့ ယူဆရတဲ့ ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် တာဝန်ကျ ထွေအုပ်ဝန်ထမ်းတစ်ဦး (မစိုးရိမ်ရ) ပေါက်ပြဲဒဏ်ရာရရှိပြီး မြို့နယ်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတယ်လို သဲကုန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနက လည်း ထုတ်ပြန်ထားပါတယ်။

သဲကုန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလကနေ ဇွန်လဆန်းအတွင်း ၃ ကြိမ်ထက်မနည်း ဗုံးပေါက်ကွဲခဲ့ပြီး  မပေါက်ကွဲသေးတဲ့  ဗုံးတွေလည်း တွေ့ရှိခဲ့ပါတယ်။DVB

စစ်အာဏာရှင်ဖြုတ်ချရေး လက်ပံတောင်းပင်မသပိတ် ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်တောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းသည် ဇွန်လ ၂၃ ရက်နေ့တွင် စစ်အာဏာရှင်ပြုတ်ကျစေရေး ဆန္ဒပြခဲ့ကြသည်။khit thit

Idiots အဖွဲ့မှ အဆိုတော် ရေမွန် ကွယ်လွန်

ပရိသတ် အချစ်တော် လူငယ်တေးသံရှင်တယောက်ဖြစ်တဲ့ Idiots အဖွဲ့က ရေမွန်ဟာ ငှက်ဖျားရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

Idiots အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာတော့ ခုလိုရေးသားပြီး ပရိသတ် တွေကို အသိပေးထားခဲ့တာကို တွေ့ရပါတယ်။

       “မျှော်လင့်မထားတဲ့ သတင်းဆိုးတစ်ခုကို ကျွန်တော်တို့ကြုံလိုက်ရပီဗျာ။ ကျွန်တော်တို့ရဲ့ Raymond ဘဝတစ်ပါးသို့ကူးပြောင်းသွားပါပြီ။ စိတ်ထားကောင်းတဲ့ Raymond… ကောင်းမွန်တဲ့ဘုံဘဝရောက်မှာပါ သူငယ်ချင်း” 

အသက် ၃၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရေမွန်ဟာ အဆိုတော် ခင်မြတ်မွန်ရဲ့ ရင်သွေး၊ အဆိုတော် လပြည့်ကဗျာရဲ့ အစ်ကိုတော်စပ်ပြီး လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်တဲ့ တေးရေး၊ တေးဆိုတယောက်အဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။

ရေမွန်ဟာ ငှက်ဖျားရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ ကနဦးသိထားရပြီး လက်ရှိမှာတော့ သူ့ရဲ့ နာရေးသတင်းအပေါ် အနုပညာရှင်တွေကရော၊ ပရိသတ်တွေကပါ ဝမ်းနည်း စိတ်မကောင်း ဖြစ်ကြကြောင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရေးသားမျှဝေနေကြပါတယ်။DVB

လားရှိုးမြို့တွင် Home Quarantine ထားရှိသူ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်သတ်သေ

လားရှိုးမြို့မှာ Home Quarantine ထားရှိသူ အမျိုးသားတစ်ဦး ဇွန် ၂၂ ရက်နေ့က ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ပွား‌ခဲ့တယ်လို့ သိရပါတယ်။

ကူညီဆောင်ရွက်‌‌ပေးနေတဲ့ ပရဟိတအသင်း အဖွဲ့ဝင်တစ်ဦးက “မနေ့တုန်းက suicide လုပ်သွားတာ တစ်ယောက်ရှိတယ်လေ Home Quarantine မှာ။ ဒါပေမယ့် သူက အရက်‌ကြောင်ကြောင်တာ ကြားတယ်။ အဲတော့ သူ့အမျိုးသမီးကို စစ်တယ်။ သူ့အမျိုးသမီးမှာလည်း တွေ့တယ်။ သူ့အမျိုးသမီးကိုလည်း ဆေးရုံပို့လိုက်တယ်” လို့ ပြောပါတယ်။

မိမိကိုယ်ကို အဆုံးစီရင်သွားသူက လားရှိုးမြို့ အမှတ် (၉) ရပ်ကွက် နယ်မြေ (၁၀) မှာ နေထိုင်တာဖြစ်ပြီး ဇွန် ၂၂  ရက်နေ့က နေအိမ်အခန်းမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

သေဆုံးသူကို ကျန်းမာရေးလမ်းညွှန်ချက်‌တွေနဲ့အညီ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

လားရှိုးမြို့မှာ ကိုဗစ်ပိုးတွေ့ခဲ့ပြီး ရောဂါအခံကြောင့် မန္တလေးမြို့လွှဲပြောင်း ဆေးကုသမှု ခံယူနေရတဲ့ လူနာတစ်ဦးလည်း ဇွန် ၂၂ ရက်နေ့ နေ့လယ်ပိုင်းက သေဆုံးသွားတယ်လို့ သိရပါတယ်။

လားရှိုးမြို့မှာ ဇွန် ၂၂ ရက်နေ့က ရရှိတဲ့အချက်အလက်တွေအရ အဆုံးစီရင်သွားသူ အပါအဝင် ပိုးတွေ့လူနာသစ် တစ်ရက်တည်း စံချိန်တင် ၅၈ ဦး ထိ ပိုးတွေ့နှုန်းတိုးလာပြီး ဇွန်လ ၈ ရက်မှ ဇွန်လ ၂၂ ရက်ထိ ကိုဗစ်ပိုးတွေ့လူနာ ၂၀၀ ကျော်ရှိပြီး ရောဂါ ပျောက်ကင်းသက်သာသူ ၂၄ ဦးနဲ့ အဆုံးစီရင်သွားသူ အပါ သေဆုံးသူ ၂ ဦး ရှိပါတယ်။

ပိုးတွေ့လူနာတွေနဲ့ ဆက်စပ်တဲ့ နေအိမ်၊ ဈေး နဲ့ တက်စပ်နေရာတွေကို ၂ ပတ်တိတိ လော့ခ်ဒေါင်းချထားပါတယ်။DVB

မိုးညှင်းမြို့ ကျောင်းသားလူငယ်များ မြို့လယ်ခေါင်တွင် စစ်အာ ဏာရှင်ဖြုတ်ချရေး ဆန္ဒပြ (video)

ယနေ့ ဇွန်လ ၂၃ ရက်တွင် မိုးညှင်းမြို့ ကျောင်းသားလူငယ်များက ” အားတင်းထားပါ မင်းတပ်ရာမင်းတို့နောက်မှာငါတို့ရှိတယ်၊ အားတင်းထားပါ ရွှေမန်းရာမင်းတို့နောက်မှာ ငါတို့ရှိတယ်၊ အားတင်းထားပါကယားရာ မင်းတို့နောက်မှာငါတို့ရှိတယ်”ဟု ကြွေးကြော်ကာ စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။khit thit

ကျဆုံး MDY-PDF ညီအစ်ကိုများအတွက် လက်တုံ့ပြန်မည်ဟု PDF သုံးဖွဲ့ ပူးတွဲကြေညာ

ကျဆုံးသွားတဲ့ MDY-PDF တပ်ဖွဲ့ဝင် ညီအစ်ကိုတွေအတွက် လက်တုံ့ပြန်သွားမယ်လို့   ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (မကွေး)၊ (ပဲခူး) နဲ့ (ရန်ကုန်)တို့ ပူးပေါင်း ကြေညာချက်လိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (Yangon)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပဲခူး)၊  ပြည်သူ့ကာကွယ်ရေးတပ်မတော် (မကွေး) တို့ရဲ့ သဘောတူညီချက်တွေကို ဇွန်လ ၂၂ ရက်နေ့ ရက်စွဲ့နဲ့ ထုတ်ပြန်ကြေညာလိုက်တာပါ။

ဇွန်လ ၂၂ ရက်နေ့မှာ ကျဆုံးခဲ့ရတဲ့ MDY-PDF အဖွဲ့က ရဲဘော်ရဲဘက် ညီအစ်ကိုတွေအတွက် မိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း နဲ့ ရဲဘော်ရဲဘက် ညီအကိုတွေရဲ့ ပေးဆပ်မှုအတွက်ဂုဏ်ယူမိပြီး ရဲဘော်ရဲဘက် ညီအကိုတွေအတွက် ပြန်လည် လက်တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။

မိဘပြည်သူတွေအနေနဲ့ PDF တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်တွေ တိုက်ပွဲဖြစ်ပွားပါက PDF တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှူတွေကို Facebook ပေါ်ကို Live လွှင့်တာ၊ Post တင်တာ မပြုလုပ်ကြဖို့ ထုတ်ပြန်ထားပါတယ်။

မြို့တွင်းပြောက်ကျားစနစ် (သို့မဟုတ်) စစ်ကောင်စီတပ်​တွေနဲ့ မြို့နယ်၊ တိုင်းတစ်ခုခုက PDFအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါက ကျန်ရှိနေတဲ့ မြို့နယ်နဲ့ တိုင်းတွေက PDF အဖွဲ့ တွေကလည်း သက်ဆိုင်ရာ မြို့နယ်၊တိုင်းအလိုက် ဝိုင်းဝန်းတိုက်ခိုက်ဖို့ အစည်းအဝေးဆုံးဖြတ်ချက်ကို ပူးတွဲ သဘောထားထုတ်ပြန်ထားတာဖြစ်ပါတယ်။DVB

ကိုဗစ်-၁၉ ပိုးတွေ့လူနာများတွေ့ရှိသဖြင့် လားရှိုးမြို့မဈေးကို ယာယီပိတ်

ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ  မြို့မဈေးမှာ  ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၅ ဦးထိ ရှိလာတာ‌ကြောင့် ကုန်စိမ်းဈေး (မိုးမလင်းဈေး) အပါအဝင် မြို့မဈေးတို့ကို  ဇွန်လ ၂၃ ရက်နေ့ကစ ဇူလိုင် ၆ ရက်နေ့ထိ၂ ပတ်တိတိ ယာယီပိတ်သွားမယ်လို့ သိရပါတယ်။

လားရှိုးမြို့မှာ  ဇွန် ၂၂ ရက်နေ့ တစ်ရက်တည်း စံချိန်တင်ထပ်တိုးပိုးတွေ့သူ ၅၇ ယောက် အပါအဝင် ဇွန် ၈ ရက်ကနေ ဇွန် ၂၂ ရက်အထိ ပိုးတွေ့လူနာ ၂၀၉ ယောက်ရှိပြီဖြစ်ပြီး ၂၄ ဦး သက်သာပျောက်ကင်း ဆေးရုံဆင်းပြီဖြစ်ကာ မန္တလေးမှာ ကုသနေသူ ၁ ဦး ဇွန် ၂၂ ရက်‌နေ့လယ်ပိုင်းက သေဆုံးသွားတယ်လို့ သိရပါတယ်။

ဇွန် ၂၂ ရက်နေ့ တစ်ရက်တည်း Swab ယူထားသူ ၈၆ ဦးထဲက ပိုးတွေ့လူနာ ၃၃ ဦးရှိလာပြီး မနက်ပိုင်း အနံ့ပျောက်သူတွေကို RDT နဲ့ စစ်လိုက်တော့ ပိုးတွေ့လူနာသစ် ၂၄ ဦး ရှိခဲ့တာဖြစ်ပြီး စုစုပေါင်း ပိုးတွေ့လူနာ ၅၇ ဦးထိ စံချိန်တင် ‌ကူးစက်ပျံ့နှံ့ ဖြစ်ပွားလာပါတယ်။

ရောဂါကူးစက်နှုန်း မြင့်မားလာတဲ့အတွက် လူတိုင်းမလိုအပ်ဘဲ အပြင်မထွက်ဖို့၊ အပြင်ထွက်ရင် Marsk တပ်ဖို့နဲ့ ကိုဗစ်စည်းကမ်းနဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာဖို့ အရေးကြီးလာပြီး တစ်မြို့လုံး Stay at home နဲ့ မြို့ကို Lockdown လုပ်ဖို့ လိုအပ်တဲ့အခြေအနေ ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြို့မစျေးကြီးထဲက ကုန်စိမ်းတန်း၊ အလှကုန်တန်း၊ စားသောက်တန်းအပြင် ဘူတာစျေး၊ ညနေဘူတာပျံကျစျေးနဲ့ ရပ်ကွက် ၄ ထဲက အိမ်၊ လမ်း၊ အဆောက်အဦအချို့ကို Lock down လုပ်ထားလိုက်ပြီးဖြစ်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းအနေနဲ့ ဇွန်လ ၂၂ ရက်နေ့ထိ သီပေါမြို့နယ် နမ့်လန်မှာ ပိုးတွေ့လူနာ ၂၁ ဦး၊ ၁ ဦး သေ၊ သီပေါမြို့တွင်း ၅ ဦး၊ ဇွန်လ ၂၁ ရက်နေ့ထိ လောက်ကိုင်မြို့နယ်မှာ  ပိုးတွေ့လူနာ ၃၁ ဦး၊ နောင်ချိုမြို့နယ် ၂၉ ဦး၊ ကွတ်ခိုင်မြို့နယ် ၂ ဦး၊ နမ္မတူမြို့နယ် ၃ ဦး၊ ကျောက်မဲမြို့နယ် ၂ ဦး၊ မိုင်းရယ်မြို့နယ် ၂ ဦး၊ တန့်ယန်းမြို့နယ် ၁ ဦး (သေဆုံး)၊ သိန္နီမြို့နယ် ၂ ဦး၊ မူဆယ်မြို့နယ် ၅ ဦး၊ နမ့်ခမ်းမြို့နယ် ၂ ဦး နဲ့ ၁၅ ရက်အတွင်း လားရဇိုးအပါအဝင် စုစုပေါင်း ၂၈၀ ကျော်ထိ ရှိလာပါတယ်။DVB

မြိုင်မြို့နယ်မြောက်ပိုင်းဇုန်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနှင့် မြောက်ပိုင်းဇုန်ရှိ ဒေသခံပြည်သူများပူးပေါင်းကာ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဇွန်လ ၂၃ရက် ယနေ့မနက်ပိုင်းတွင် ဆန္ဒဖော်ထုတ်ကြွေးကြော်ခဲ့ကြသည်။khit thit

ပဲခူးညောင်လေးပင် ရဲကင်းစခန်းကို BDF ဝင်တိုက်၊ ရဲ ၇ ဦးသေ

မန္တလေးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MDY-PDF ကို အကြမ်းဖက်စစ်ကောင်စီက တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်ပြီး ပဲခူးညောင်လေးပင်ရှိ ရဲကင်းစခန်းကို ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ BDF က ဇွန်လ ၂၂ ရက်နေ့ ညပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲ ၇ ဦးသေဆုံးကြောင်း BDF က တရားဝင် သတင်းထုတ်ပြန်သည်။

ညောင်​လေးပင်တွင် ရဲ ၇ ဦး​သေဆုံး​သော တိုက်ခိုက်မှု ၄င်းတို့လက်ချက်ဟု ပဲခူးပြည်သူ့ကာကွယ်​ရေးတပ် BDF က တရားဝင် ထုတ်ပြန်​ကြေညာထားသည်။ရန်ကုန်​ခေတ်သစ်သတင်းဌာနအ​နေဖြင့် BDF ၏ ထုတ်ပြန်ချက်ဖြစ်​သော ရဲ ၇ ဦး ​သေဆုံးဆို​​​​သော သတင်းကို သီးခြားအတည်ပြုနိုင်ခြင်း မရှိ​သေးပါ။khit thit

« Older Entries Recent Entries »