Monthly Archives: Jun 2021

ရသေ့တောင်မြို့နယ် င/စံဘော်ရွာအနီး မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ကြီးကျည်အလုံးပေါင်း ၈၀ ခန့်တွေ့ရှိ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ င/စံဘော်ကျေးရွာအနီး မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ကြီးကျည် အလုံး ၈၀ ခန့်ကို ကျေးရွာသားများက တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

င/စံဘော်ရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ လယ်ကွင်းရှိ တွင်းတစ်ခုအထဲမှ မပေါက်ကွဲဘဲရှိနေသည့် လက်နက်ကြီးကျည် ဗုံးသီး ၄၀ ကို တွေ့ရှိရပြီး ကျန်လက်နက်ကြီးကျည်များကို နေရာအနှံ့အပြားတွင် တွေ့ရှိခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းဝင်းက ပြောသည်။“ရွာသားတွေက နွားကျောင်းသွားရင်း တွေ့ခဲ့တာ။

တွေ့တာကတော့ တစ်လလောက်ရှိပါပြီ။ လယ်ကွင်းထဲမှာ မြုပ်ထားတာတွေ၊ နောက်ပြီး ဟိုဘက်လယ်ကွင်းက နှစ်ခု/သုံးခု၊ ဒီဘက်လယ်ကွင်းက နှစ်ခု အဲလိုမျိုးတွေ တွေ့ပါတယ်။ ဒါကိုတော့ အိမ်ကို ယူမလာခဲ့ကြဘူး။ အဲဒါတွေက မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်တွေဆိုတော့ တစ်ခုခုဖြစ်မှာ စိုးရိမ်ရပါတယ်။

ဒီဗုံးသီးတွေက နှစ်ပေလောက်ရှိတာတွေ၊ နောက်ပြီး ဓါတ်ဗူး အလုံးလောက်ရှိတာတွေ ရှိပါတယ်။” ဟု ပြောသည်။ထိုစစ်ကျန်လက်နက်များအား တွေ့ရှိခဲ့သည့် င/စံဘော်ကျေးရွာမှ ဦးကျော်ဇံလှက ထိုလက်နက်များမှာ ၄င်းတို့ လယ်ကွင်းအနီး၌ရှိကြောင်း နိရဥ္စရာသို့ ပြောသည်။“တွင်းဟောင်းတစ်ခုမှာ မြုပ်ထားတာ အလုံး လေးဆယ်ပါ။

နောက် ဟိုဘက်လယ်ကွင်း၊ ဒီဘက်လယ်ကွင်းက အဲလိုမျိုးရတာ အလုံး လေးဆယ်လောက်ရှိပါတယ်။ လက်နက်ကြီးကျည်တွေက အတိုတွေရော အရှည်တွေရော ပါပါတယ်။ RPG လက်နက်ကျည်သီးတွေလည်း ပါပါတယ်။ ဒီလမ်းက စစ်သားတွေက အမြဲတမ်း ဖြတ်သွားပါတယ်။ သူတို့က ဒါတွေကို ပေါက်ကွဲမှာစိုးလို့ မထိနဲ့လို့ ကျွန်တော်တို့ကို ပြောပါတယ်” ဟု ပြောသည်။

ယင်းလက်နက်များကို င/စံဘော်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာတွင် တွေ့ရှိခြင်းဖြစ်ပြီး ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာအဝေး၌ တပ်မတော်စခန်းတစ်ခု တပ်စွဲနေထိုင်လျှက်ရှိသည်မှာ တစ်နှစ်ကျော် ကြာပြီဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းဝင်း ပြောပြချက်အရ သိရသည်။

လက်နက်များအား တွေ့ရှိခဲ့သည့် င/စံဘော်ကျေးရွာမှ ဦးလှသန်းမောင်ကလည်း “ကျွန်တော်တို့က အဲဒါတွေကို တခြားရွာသားတွေ ကလေးတွေလာလို့ နင်းမိရင် ပေါက်ကွဲမှာစိုးလို့ အဲဒီအနားမှာ ကောက်ပြီး စုထားပါတယ်။ ကလေးတွေနဲ့ ရွာသားတွေကိုတော့ အဲဒီနားကို မသွားခိုင်းပါဘူး။ ဟိုလယ်ကွင်း၊ ဒီလယ်ကွင်းတွေက ကောက်ပြီး စုထားပါတယ်” ဟု ပြောသည်။

ယင်းလက်နက်များပေါက်ကွဲမှုတစ်စုံတစ်ရာဖြစ်မည်စိုး၍ သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်ရှင်းလင်းပေးစေလိုကြောင်း ဒေသခံများက ပြောသည်။ နိရဥ္စရာ

မင်းကင်းတွင် PDF နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၉ ဦးသေ၊ PDF ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် PDF နှင့် စစ်ကောင်စီတပ်များ ယနေ့ နံနက်ပိုင်း တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၉ ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်မှ ၁ ဦးကျဆုံးကြောင်း PDF များနှင့်ချိတ်ဆက်ဆောင်ရွက်နေသူများထံမှ သိရှိရသည်။

“တိုက်ပွဲက ၂ နေရာဖြစ်တာ။ သံပေါက်ရယ်။ နောက်တစ်နေရာကတော့ ကျနော်တို့ Confirm လုပ်နေတုန်း။ အဲဒီမှာ စစ်ခွေးတွေဘက်က ကျတာက ၁၉ ဦး ရှိတယ်။ အဲဒါကတော့ သေချာတယ် ခိုင်မာပါတယ်” ဟု PDF နှင့် ချိတ်ဆက်ထားသူက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ ၁ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိ အချိန်တွင် အနီးအနားကျေးရွာများအားလုံးမှ ပြည်သူများသည် နေအိမ်များစွန့်၍ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများ၏ အဆိုအရ သိရှိရသည်။khit thit

အကြမ်းဖက်စစ်ကောင်စီမှ သေနတ်ဖောက်ခြိမ်းခြောက်ပေမယ့် တာမခန်ပြည်သူများ စစ်အာဏာရှင်အမြစ်ပြတ်ရေး ချီတက်ဆန္ဒပြ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်မြို့သစ်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ သေနတ်ဖောက်ခြိမ်ခြောက်ခဲ့ပေမယ့် ဇွန်လ ၂၄ ရက် ယနေ့ညနေတွင် ဒေသခံ ကျောင်းသားပြည်သူများက “မန္တလေးရေ အားမငယ်နဲ့၊ မင်းတို့နောက်မှာ တာမခန်ရှိတယ်” ဟု ကြွေးကြော်ပြီး စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေး ချီတက်ဆန္ဒပြခဲ့ကြသည်။khit thit

ပဲခူးခရိုင်ရုံးနှင့် အမှတ် ၂ ရဲစခန်းအနီးအပါအဝင် ၃ နေရာထက်မနည်း ဗုံးများပေါက်

ပဲခူးတိုင်း၊ ပဲခူးမြို့ ခရိုင်ရုံးနှင့် အမှတ် ၂ ရဲစခန်းအနီးအပါအဝင် နေရာ ၃ ခုတွင် ဗုံးများပေါက်ကွဲ ပြီး သေနတ်ပစ်ခတ်သံများလည်းကြားရကြောင်း ဒေသခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၄ ရက်နေ့ ည ၇ နာရီကျော်ဝန်းကျင် တွင် စိန်သာလျောင်း မြွေဘုရားအနီး ခရိုင်ရုံးပေါက်ကွဲမှုတစ်ခု​ဖြစ်ပွားကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဆံတော်တွင်း ဘုန်းကြီး ကျောင်းနား ၃ချက်ပစ်ခတ်သံကြားရကြောင်း ပြောဆိုသည်။

“ပထမ ပေါက်ကွဲမှုက ခရိုင်ရုံးနားမှာ ကြားရတယ်။။ အဲဒါပေါက်ကွဲပြီးတော့ သေနတ် ၃ ချက် ပစ်သံကြားရတယ်။ ဘာကို ပစ်တာလဲတော့ မသိဘူး။ ည ၇ နာရီကျော်ပဲရှိသေးတယ်။ လမ်းမှာလည်း လူမရှိတော့ဘူး” ဟု ပဲခူးဒေသခံတစ်ဦးက ဆိုသည်။

ယင်းနောက် ည ၇ နာရီ ခွဲကျော်ခန့်တွင် အမှတ် ၂ ရဲစခန်းအနီးတွင်လည်းကောင်း၊ သရက်တော ၅ လမ်းအနီးတွင်လည်းကောင်း ပေါက်ကွဲသံများ ဆက်တိုက်ကြားရကြောင်း ဒေသခံများက ဆိုသည်။

“အမှတ် ၂ စခန်း နားပေါက်တာကတော့ အရမ်းကျယ်တာ။ အိမ်တောင် တုန်တယ်။ ဗုံးက ။ သရက်တော ၅ လမ်းပေါက်တယ်။ ဟိုဘက် အုန်း၊ ဒီဘက်က အုန်းကို ဖြစ်နေတာ။ လူငယ်တွေကိုတော့ ဒီအချိန်အပြင်ထွက်ရင် သတိထားစေချင်တယ်။ သူတို့ တွေ့ရာ မြင်ရာ ပစ်ခတ် ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်မှာစိုးရိမ်လို့” ဟု ပဲခူး သရက်တော ၅ လမ်းအနီးမှ ဒေသခံတစ်ဦးက ဆိုသည်။

ပဲခူးပြည်သူ့ကာကွယ်​ရေးတပ် BDF ကမူ (၁) သရက်တော( ၅) လမ်း၊ ( ၂) အမှတ် ( ၂) လမ်းဆုံ၊ ( ၃) တိုင်းရုံး၊ ( ၄ )မဇင်း သို့ ဂိတ်တို့တွင် ​ပေါက်ကွဲမှုများသည် ၄င်းတို့လက်ချက်ဖြစ်​ကြောင်း၊ ယ​နေ့ည ၃ ပွဲ ရှိ​သေး၍ သတိ ထားကြရန်​ ထုတ်ပြန်ပြောဆိုသည်။khit thit

ဖက်ဆစ်စစ်တပ်သုတ်သင်ရေး အထက်မြန်မာပြည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၄ဖွဲ့ ပူးပေါင်း

ဖက်ဆစ်စစ်တပ် သုတ်သင်ရှင်းလင်းရေး မန္တလေးကိုယ်စားပြု အထူးပြောက်ကျားတပ်ဖွဲ့၊ ကျောက်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မဟာမိတ်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည်။

မကြာမီ ရောက်ရှိလာမည့် မြို့ပြပြောက်ကျားတိုက်ပွဲများအတွက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ နည်းပညာ၊ သတင်းရင်းမြစ် ဖလှယ်ကူညီရန်၊ အခက်အခဲများကို ပူးပေါင်းရင်ဆိုင်ရန်နှင့် ပိုမိုကျယ်ပြန့်သော ဖက်ဆစ်စစ်တပ် သုတ်သင်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ရည်ရွယ်ကြောင်း ဖော်ပြထားသည်။

မဟာမိတ်အဖွဲ့များ၏ အတွေ့အကြံပေါ်အခြေခံကာ အမှားအယွင်းနည်းနိုင်သမျှနည်းပြီး ပြည်သူလူထုကို မထိခိုက်စေရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ အထိအခိုက်နည်းနိုင်သမျှနည်းစေရန် ဂရုပြုပြီး ပိုမိုတိကျသော စစ်ဆင်ရေးများပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။khit thit

စစ်​ကောင်စီ၏ ​ကျော​ထောက်​နောက်ခံ တရုတ်တွင် အိုလံပစ်ပွဲ​တော်ကျင်းပခွင့်မ​​ပေးရေး မြန်မာအပါအဝင် တက်ကြွလှုပ်ရှားသူများ ပြင်သစ်တွင် သပိတ်​​မှောက်

No Beijing 2022၊ China Lies, People Die !လာမယ့် ၂၀၂၂ မှာ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ကျင်းပမည့် အိုလံပစ် အားကစားပွဲကို ဆန့်ကျင်ဆန္ဒပြပွဲကို ပြင်သစ်နိုင်ငံ ပါရီမြို့တွင် Students for a free tibet တိဗက်‌ကျောင်းသားများအဖွဲ့အစည်းက ဦးစီးပြီး ကျင်းပခဲ့ပါတယ်။Genocide ကျူးလွန်ထားပြီး လူသတ်အားပေးလုပ်နေသော တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခြင်းဖြစ်ပါတယ်။

ပြင်သစ်ရောက်မြန်မာများအဖွဲ့မှ မြန်မာများအပါဝင်၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ အာဖရိက အဖွဲ့စည်းမှနိုင်ငံရေးလှုပ်ရှားသူများလည်း ပါဝင်ခဲ့ပါတယ်။khit thit

ခေါင်းဆောင် အဖမ်းခံရခြင်းမရှိဟု မန္တလေး PDF ပြေ

မန္တလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ ဗိုလ်ထွန်းတောက်နိုင်သည် လုံခြုံသည့်နေရာတစ်ခုတွင် ဆက်လက်တာဝန်ယူနေဆဲဖြစ်သည်ဟု ၎င်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ ဇွန်၂၃ ညပိုင်းတွင် ဗိုလ်ထွန်းတောက်နိုင်နှင့် အဖွဲ့ဝင် ၃ဦးတို့ကို လက်နက်များနှင့်အတူ ဖမ်းဆီးခံလိုက်ရသည်ဟု သတင်းထွက်နေသည့်အတွက် ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

“ကျွန်တော်တို့နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ တခြားအဖွဲ့တစ်ဖွဲ့ပါ။ ဗိုလ်ထွန်းတောက်နိုင်အဖမ်းခံရတာကိုလည်း မဟုတ်ဘူးလို့ပဲ ဖြေမှာပါ”ဟု အဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဗိုလ်ထွန်းတောက်နိုင်သည် ၎င်းတို့နှင့်အတူရှိနေကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာအခက်အခဲတချို့ကို ကိုင်တွယ်ဖြေရှင်းနေရသဖြင့် အဖွဲ့၏ Facebook စာမျက်နှာကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တစ်လုံးကို ဇွန် ၂၂ နံနက်အစောပိုင်း၌ စစ်တပ်နှင့် ရဲက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ PDF ၈ ဦးသေဆုံး၍ ၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ 

သို့သော် သေဆုံးသူများအနက် ၄ ဦးသည် PDF များမဟုတ်ဘဲ သာမန်အရပ်သားများသာဖြစ်ကြောင်း ၎င်းတို့မိသားစုဝင်များက ယမန်နေ့ (ဇွန်၂၃) တွင် ထုတ်ဖော်ပြောဆိုထားသည်။ 

စစ်ကောင်စီဘက်မှာလည်း အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးခန့် သေဆုံးခဲ့ပြီး ၎င်းတို့ဘက်မှ အဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၆ ဦးဖမ်းဆီးခံရကာ အဆိုပါရုံးခန်းအဆောက်အဦကို လက်လွှတ်လိုက်ရသည်ဟု PDF က ဆိုသည်။ 

မန္တလေးမြို့ပေါ်တွင် PDF က ခုခံပစ်ခတ်ခဲ့ခြင်းမှာ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

စစ်ကောင်စီကသာ ဥပဒေမဲ့လုပ်ရပ်များ၊ သတ်ဖြတ်မှုများပြုလုပ်၍ စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းဖြစ်ပြီး အပြစ်မဲ့ပြည်သူလူထုအနေဖြင့် မိမိကိုယ်ကို ကာကွယ်ခုခံရန်အတွက် လိုအပ်လျှင် လိုအပ်သလို ပြန်လည်တုံ့ပြန်ဆောင်ရွက်ခြင်းသည် ဥပဒေက ပေးအပ်ထားသည့် ပြည်သူလူထု၏ အခွင့်အရေးဖြစ်သည်ဟု NUG က ဆိုသည်။ 

စစ်ကောင်စီကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၁) ကို ဇွန် ၂၃ တွင် ပြုလုပ်ကာ CRPH, NUG တို့၏ လက်အောက်ခံ PDF နှင့် အဖွဲ့အစည်းများက အကြမ်းဖက်မှုများကို တိုက်ဖျက်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် ၎င်းတို့ကိုဆန့်ကျင်ကြောင်းဆန္ဒပြခဲ့သည့် ပြည်သူများကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် ဒေသအသီးသီးမှ လူငယ်များသည် PDF အဖွဲ့များဖွဲ့စည်းကာ စစ်ကောင်စီကို တော်လှန်နေကြရခြင်း ဖြစ်သည်။

ရွာများအတွင်း တပ်စွဲကာ မွှေနှောက်ရှာဖွေဖျက်ဆီးခြင်း၊ ဒေသခံတို့ကို အကြမ်းဖက်သမားဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ စစ်ကောင်စီတပ်က ကျူးလွန်နေသည်။ myanmar now

ဖားကန့်မှ စစ်အာဏာရှင် ဖြုတ်ချ​ရေး သပိတ်စစ်​ကြောင်း ချီတက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်အာဏာရှင် ဖြုတ် ချ​ရေး သပိတ်စစ်​ကြောင်းသည် ယ​နေ့ဇွန်လ ၂၄ ရက်​နေ့ ချီတက်သပိတ်​မှောက်ကြသည်။khit thit

ကျုံ​ပျော်၊ လှေဆွဲရွာက ပြည်သူများအတွက် ဩစတြေးလျ ဆရာဝန်နှင့်သူနာပြုများက လှူဒါန်း

ဧရာ၀တီတိုင်း၊ ကျုံ​ပျော်မြို့နယ်၊ ဇရစ်ရိုး​ကျေးရွာအုပ်စု၊​ လှေဆွဲကျေးရွာက အိုးအိမ်စွန့်ခွာသူတွေ အတွက်  ဩစတြေးလျနိုင်ငံ၊ Doctors, Nurses and Friends (DNF) အဖွဲ့က ကျပ်သိန်း ၁၃၁ ကို အမျိုးသားညီးညွတ်ရေးအစိုးရမှ တဆင့် ဇွန် ၁၄ ရက်မှာ ကူညီထောက်ပံ့​ပေးအပ်ခဲ့​ကြောင်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

လှေဆွဲကျေးရွာမှာ ဇွန် ၅ ရက်မနက်ပိုင်းကစပြီး ဒေသခံတွေကို  စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပြင်းထန်စွာ တိုက်ခိုက်ခံခဲ့ရပြီး ရွာသား ၄ ဦး ကျဆုံးခဲ့ကာ လူဦးရေ ၁၅၀၀ ခန့် နေရပ်စွန့်ခွာ ခဲ့ရပါတယ်။ 

နေရပ်စွန့်ခွာရသူပြည်သူတွေအတွက်  ဩစတြေးလျနိုင်ငံ၊ Doctors, Nurses and Friends (DNF) ကလှူဒါန်းမှုတွေကို သက်ဆိုင်ရာ မြေပြင် ကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တွေထံသို့ ချိတ်ဆက်​​ပေးအပ်ခဲ့​တယ်လို့ သိရပါတယ်။DVB

« Older Entries