ပဲခူးခရိုင်ရုံးနှင့် အမှတ် ၂ ရဲစခန်းအနီးအပါအဝင် ၃ နေရာထက်မနည်း ဗုံးများပေါက်
ပဲခူးတိုင်း၊ ပဲခူးမြို့ ခရိုင်ရုံးနှင့် အမှတ် ၂ ရဲစခန်းအနီးအပါအဝင် နေရာ ၃ ခုတွင် ဗုံးများပေါက်ကွဲ ပြီး သေနတ်ပစ်ခတ်သံများလည်းကြားရကြောင်း ဒေသခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၂၄ ရက်နေ့ ည ၇ နာရီကျော်ဝန်းကျင် တွင် စိန်သာလျောင်း မြွေဘုရားအနီး ခရိုင်ရုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဆံတော်တွင်း ဘုန်းကြီး ကျောင်းနား ၃ချက်ပစ်ခတ်သံကြားရကြောင်း ပြောဆိုသည်။
“ပထမ ပေါက်ကွဲမှုက ခရိုင်ရုံးနားမှာ ကြားရတယ်။။ အဲဒါပေါက်ကွဲပြီးတော့ သေနတ် ၃ ချက် ပစ်သံကြားရတယ်။ ဘာကို ပစ်တာလဲတော့ မသိဘူး။ ည ၇ နာရီကျော်ပဲရှိသေးတယ်။ လမ်းမှာလည်း လူမရှိတော့ဘူး” ဟု ပဲခူးဒေသခံတစ်ဦးက ဆိုသည်။
ယင်းနောက် ည ၇ နာရီ ခွဲကျော်ခန့်တွင် အမှတ် ၂ ရဲစခန်းအနီးတွင်လည်းကောင်း၊ သရက်တော ၅ လမ်းအနီးတွင်လည်းကောင်း ပေါက်ကွဲသံများ ဆက်တိုက်ကြားရကြောင်း ဒေသခံများက ဆိုသည်။
“အမှတ် ၂ စခန်း နားပေါက်တာကတော့ အရမ်းကျယ်တာ။ အိမ်တောင် တုန်တယ်။ ဗုံးက ။ သရက်တော ၅ လမ်းပေါက်တယ်။ ဟိုဘက် အုန်း၊ ဒီဘက်က အုန်းကို ဖြစ်နေတာ။ လူငယ်တွေကိုတော့ ဒီအချိန်အပြင်ထွက်ရင် သတိထားစေချင်တယ်။ သူတို့ တွေ့ရာ မြင်ရာ ပစ်ခတ် ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်မှာစိုးရိမ်လို့” ဟု ပဲခူး သရက်တော ၅ လမ်းအနီးမှ ဒေသခံတစ်ဦးက ဆိုသည်။
ပဲခူးပြည်သူ့ကာကွယ်ရေးတပ် BDF ကမူ (၁) သရက်တော( ၅) လမ်း၊ ( ၂) အမှတ် ( ၂) လမ်းဆုံ၊ ( ၃) တိုင်းရုံး၊ ( ၄ )မဇင်း သို့ ဂိတ်တို့တွင် ပေါက်ကွဲမှုများသည် ၄င်းတို့လက်ချက်ဖြစ်ကြောင်း၊ ယနေ့ည ၃ ပွဲ ရှိသေး၍ သတိ ထားကြရန် ထုတ်ပြန်ပြောဆိုသည်။khit thit