Monthly Archives: Jun 2021

စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာ ၆ သန်း ထပ်မံရောင်းချ

စစ်ကောင်စီသိမ်းပိုက်ထားတဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ ဇွန် ၂၄ ရက်က နိုင်ငံခြားငွေ အမေရိကန်  ဒေါ်လာ ၆ သန်းကို ပျမ်းမျှငွေလဲနှုန်း ၁၅၉၀ ကျပ်နဲ့ စျေးပြိုင်လေလံ  ရောင်းချခဲ့ပါတယ်။ 

ဇွန် ၇ ရက်ကလည်း နိုင်ငံခြားငွေဈေးပြိုင် လေလံနဲ့ ဒေါ်လာ ၃ သန်းကို ဗဟိုဘဏ်က ရောင်းချခဲ့ပါတယ်။ 

မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်တဲ့စာရင်းတွေအရ အခု ဇွန်လလက်ရှိအချိန်အထိအတွင်း မှာဗဟိုဘဏ်ဟာ ဒေါ်လာ ၉ သန်း ရောင်းချထားပြီး ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းလာပြီး အမေရိကန်ဒေါ်လာဈေးက ၁ ဒေါ်လာကိုကျပ် ၁၇၀၀ကျော် အထိ မေလအတွင်းက စံချိန်တင်ဈေးနှုန်း မြင့်တက်ခဲ့ပါတယ်။

အဲဒီနောက် ဗဟိုဘဏ်က ဒေါ်လာစျေး မတက်အောင် ထိန်းချုပ်ဖို့  နိုင်ငံငွေ စျေးပြိုင်လေလံစနစ်နဲ့    စျေးကွက်အတွင်း ဒေါ်လာရောင်းချမှုကို ခပ်စိပ်စိပ်ဆောင်ရွက်လာသလို ငွေလဲ ကောင်တာတွေက တစ်ဆင့်  ဒေါ်လာ ရောင်းချတာမျိုးလည်း လုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံဗဟိုဘဏ်ကထုတ်ပြန်တဲ့စာရင်းတွေအရ မေလအတွင်း ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံနဲ့ ဒေါ်လာ ၂၄ သန်းထိ ရောင်းချပေးခဲ့တာကို တွေ့ရပါတယ်။

ဇွန် ၂၄ ရက်မှာ ကန်ဒေါ်လာ ငွေလဲနှုန်း ပြင်ပပေါက်စျေးဟာ  တစ်ဒေါ်လာကို ကျပ် ၁၆၂၀ စျေးပေါက်ပြီး အနည်းငယ်ပြန်လည်တက် ရိပ်ပြနေပါတယ်။ 

ပြီးခဲ့တဲ့သီတင်းပတ်မှာ ကန်ဒေါ်လာငွေလဲနှုန်းက ကျပ် ၁၆၀၀ ၀န်းကျင်မှာပဲ ရှိခဲ့တာဖြစ် ပါတယ်။

ကျပ်ငွေတန်ဖိုးကျတာအပြင် လတ်တလောမှာ ငွေစက္ကူရှားပါးနေတာကြောင့် ဘဏ်တွေ ဟာ ပြည်သူတွေရဲ့ အပ်ငွေတွေကို လိုသလောက် ထုတ်မပေးနိုင်ဖြစ်နေဆဲဖြစ်ပါတယ်။

  အဲဒီပြဿနာကို စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဖြေရှင်းဖို့ ကြိုးစားပေမဲ့ အခုချိန်ထိ ပြေလည် ခြင်း မရှိသေးပါဘူး။DVB

ပစ်ခတ်ဖမ်းဆီးမှုတွေ ရှိနေပေမယ့် အောင်ပင်လယ်ပင်မသပိတ်စစ်ကြောင်း အင်အားပြည့် ချီတက်ဆန္ဒပြ

မန္တလေးမြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ပစ်ခတ်ဖမ်းဆီးမှုတွေရှိနေပေမယ့် ဇွန်လ ၂၄ ရက် မွန်းလွဲပိုင်းတွင် အောင်ပင်လယ်ပင်မသပိတ်စစ်ကြောင်း အင်အားပြည့် ချီတက်ခဲ့ပြီး စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။khit thit

လေယာဉ်ဆီများ တင်ဆောင်လာသည့် ဆီတင်သင်္ဘောတစ်စီး ရန်ကုန်သို့ ဦးတည်လာနေ

လေယာဉ်ဆီများတင်ဆောင်လာသည့် ဆီတင်သင်္ဘောတစ်စီးမှာ စင်ကာပူနိုင်ငံမှ ထွက်ခွာလာပြီး ရန်ကုန်သို့ ဦးတည်ခုတ်မောင်းလျက်ရှိကာ ဇွန် ၂၆ ရက်တွင် ရန်ကုန်သို့ ဆိုက်ကပ်မည်ဖြစ်သည်။ 

ပနားမားနိုင်ငံအလံလွှင့်ထူထားသည့် SANTYA အမည်ရှိ ဆီတင်သင်္ဘောမှာ စင်ကာပူနိုင်ငံမှ ဇွန် ၂၂ ရက်တွင် ထွက်လာခြင်းဖြစ်ကာ သင်္ဘောအနေဖြင့် ဆီတန်ချိန် ၁၀,၀၀၀ ကျော် တင်ဆောင်နိုင်စွမ်းရှိသည်ဟု နိုင်ငံတကာရေကြောင်းသွားလာမှုအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးနေသည့် Marine Traffic ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

အဆိုပါသင်္ဘောမှာ ယနေ့ (ဇွန် ၂၄) ညနေပိုင်းတွင် မလ္လကာရေလက်ကြားကို ဖြတ်ကျော်ခုတ်မောင်းလျက်ရှိပြီး ရန်ကုန်မြို့သို့ ဇွန် ၂၆ ရက်တွင် ဆိုက်ကပ်မည်ဟု ခန့်မှန်းထားသည်။

ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းသည့်အပြင် တိုင်းရင်းသားဒေသများတွင် ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေသည့် အာဏာသိမ်းစစ်ကောင်စီကို လေယာဉ်ရောင်းချခြင်းမပြုရန် စွမ်းအင်ကုမ္ပဏီများကို ပြည်တွင်းနှင့် နိုင်ငံတကာ တက်ကြွလှုပ်ရှားသူများက အပြင်းအထန်ဖိအားပေးလျက်ရှိသည်။

ထိုသို့သော ဖိအားပေးမှုများကြောင့် စစ်ကောင်စီက အချို့သောကုမ္ပဏီများမှတစ်ဆင့် လေယာဉ်ဆီ တိတ်တဆိတ်တင်သွင်းနေဖွယ်ရှိပြီး ရန်ကုန်သို့ ဦးတည်ခုတ်မောင်းနေသည့် SANTYA ဆီတင်သင်္ဘောတွင်  လေယာဉ်ဆီ (Jet A1) များတင်ဆောင်လာသည်ကို Myanmar Now က ရရှိထားသည့် အချက်အလက်များအရ သိရသည်။ 

လေကြောင်းပို့ဆောင်ရေးလုပ်ငန်းသုံးအနေဖြင့် လေယာဉ်ဆီကို Jet A1 ဟုခေါ်ဆိုပြီး အဆိုပါ လေယာဉ်ဆီကို အရပ်ဘက်သုံးခရီးသည်တင်လေယာဉ်များသာမက စစ်ဘက်သုံးတိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များတွင်လည်း အသုံးပြုနိုင်ကြောင်း ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။ 

စစ်ဏာသိမ်းပြီးနောက် တရုတ်နိုင်ငံပိုင် Petro China ကုမ္ပဏီ၏ စင်္ကာပူဌာနခွဲက MT Yu Dong အမည်ရှိ ဆီတင်သင်္ဘောဖြင့် လေယာဉ်ဆီတန်ချိန် ၁၃,၃၀၀ ကျော်နှင့် ဓာတ်ဆီ ၄,၀၀၀ တို့ကို ရန်ကုန်ရှိ သီလဝါဆိပ်ကမ်းမှတစ်ဆင့်ရောင်းချခဲ့ကြောင်း ရိုက်တာသတင်းဌာနက မေလအတွင်း ဖော်ပြခဲ့သည်။

အဆိုပါဆီတင်သင်္ဘောသည် လောင်စာဆီတင်သင်္ဘောအများအပြားဆိုက်ကပ်လေ့ရှိသည့် သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ဖွယ်ရှိပြီး Jet A1 လေယာဉ်ဆီဖြစ်သောကြောင့် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအတွက် ပျံသန်းနေသော တိုက်ခိုက်ရေးလေယာဉ်များအတွက် အသုံးပြုဖွယ်ရှိနေသည်။ 

ဇွန် ၂၆ ရက်တွင် ရန်ကုန်သို့ ဆိုက်ကပ်မည်ဖြစ်သော SANTYA ဆီတင်သင်္ဘောမှာ စင်ကာပူနိုင်ငံ Jurong ကျွန်းဆွယ်ရှိ ဆိပ်ကမ်းတစ်ခုမှ ထွက်ခွာလာဖွယ်ရှိသည်။

ထိုဆီတင်သင်္ဘောကို ဂျပန်အခြေစိုက် ENEOS Ocean (JX Ocean) လက်အောက်ခံဖြစ်သော New Ocean (စင်္ကာပူ) ကုမ္ပဏီက စီမံခန့်ခွဲနေပြီး သင်္ဘောအမည်မှာ မူလက KIRANA SANTYA ဖြစ်သော်လည်း မကြာသေးမီက SANTYA ဟူ၍ ပြောင်းလဲခဲ့ကာ ပနားမားနိုင်ငံမှ သင်္ဘောလိုင်စင်ထုတ်ပေးထားကြောင်း လိုင်စင်ရသင်္ဘောများ၏ အချက်အလက်ကိုဖော်ပြသည့် FleetMon ဝက်ဘ်ဆိုက်အရ သိရသည်။ 

အဆိုပါ SANTYA ဆီတင်သင်္ဘောမှာ မေလကုန်ပိုင်းကလည်း စင်ကာပူမှတစ်ဆင့် ရန်ကုန် သီလဝါဆိပ်ကမ်းသို့ လာရောက်ခဲ့ကြောင်း Marine Traffic ဝက်ဘ်ဆိုက်အရ သိရသည်။ 

အာဏာသိမ်းစစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးခြင်းကို မည်သည့်ကုမ္ပဏီများက လုပ်ဆောင်သည်ဆိုသော အသေးစိတ်အချက်အလက်များကိုမူ မသိရသေးဘဲ SANTYA ဆီတင်သင်္ဘောကို ပိုင်ဆိုင်သည့် ENEOS Ocean ကုမ္ပဏီကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ မရရှိခဲ့ပေ။ 

ဇွန် ၂၆ တွင် ဆိုက်ကပ်မည့် SANTYA ဆီတင်သင်္ဘောဖြင့် စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးခြင်းကို ထိုင်းနိုင်ငံပိုင် PTT နှင့် ပြည်တွင်း ကမ္ဘောဇကုမ္ပဏီအုပ်စုပူးပေါင်းလုပ်ကိုင်နေသည့် Brighter Energy ကုမ္ပဏီ၊ မြန်မာနိုင်ငံစက်သုံးဆီအသင်းဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်ပိုင် မြတ်မေတ္တာမွန်ကုမ္ပဏီနှင့် Puma ကုမ္ပဏီ၏ မိတ်ဖက် Asia Sum ကုမ္ပဏီတို့ထဲမှ တစ်ခုခုဖြစ်နိုင်သည်ဟု နီးစပ်သူတစ်ဦးကဆိုသော် လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။ 

ပြည်တွင်း၌ လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကို နိုင်ငံပိုင် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်နေသည့် စင်ကာပူအခြေစိုက် Puma စွမ်းအင်ကုမ္ပဏီက နိုင်ငံတွင်းအခြေအနေများကြောင့် လေယာဉ်ဆီရောင်းချခြင်းကို ခေတ္တရပ်ဆိုင်းကြောင်း အာဏာသိမ်းသည့် ဖေဖော်ဝါရီလအတွင်း ကြေညာခဲ့သည်။

ထို့ပြင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအကြိမ် ၁၀၀ ထက်မနည်းရှိခဲ့သော ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်တွင်လည်း လေယာဉ်ဆီများ အချိန်မီပို့ဆောင်နိုင်ခြင်းမရှိသောကြောင့် လေယာဉ်ဆီဖြန့်ဖြူးရောင်းချမှုရပ်ဆိုင်းကြောင်း မေလတွင် အကြောင်းကြားခဲ့သည်။ myanmar now

အစိုးရပညာတော်သင်များကို CDMကင်းရှင်းကြောင်း ခံဝန်ချက်တောင်း

နိုင်ငံခြားတက္ကသိုလ်များတွင်ပညာသင်ကြားနေသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန ပညာတော်သင်များ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)နှင့် ကင်းရှင်းကြောင်း ကိုယ်တိုင်ကတိခံဝန်ချက် ပေးပို့ရန် စစ်ကောင်စီက အကြောင်းကြားသည်။ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံရှိ ပညာတော်သင်များကို ရည်ညွှန်းပေးပို့သည့်စာတစ်စောင်ကို Myanmar Nowက ရရှိထားပြီး “ကင်ဘာရာမြို့ရှိ မြန်မာသံရုံးသို့ ဇူလိုင်လ ၇ ရက်ထက် နောက်မကျဘဲ ပြန်လည်ပေးပို့ရန်” ဟုပါရှိသည်။

လောင်းလုံးမြို့နယ် ကထောင်းနီကျေးရွာနှင့်ကညုံကျွန်းကျေးရွာတို့ရွာ၂ရွာပေါင်းပူးပေါင်းပြီး ဇွန်လ၂၄ရက်နေ့ညနေပိုင်းစစ်အာဏာရှင်ဆန့်ကျင်ရေး

khit thit

စစ်ကောင်စီ၏ ဖိနှိပ်မှုများကြားမှ မန္တလေး

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် မြို့ခံ ပြည်သူ့ကာကွယ်ရေးတပ် (MPDF) တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့ နံနက်ပိုင်းတွင် ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းနေပြည်တော်စိုက်ရာ မန္တလေးမြို့၏ နံနက်ခင်းသည် တိတ်ဆိတ်နေသည်။

မြို့၏ နေရာအနှံ့အပြားတွင် တပ်စွဲထားပြီး မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ လမ်းသွားလမ်းလာများကို လိုက်လံစစ်ဆေးနေသည်။

စဉ့်ကိုင်၊ မတ္တရာ စသည့် မြို့များဘက်သို့ သွားသည့်လမ်းများတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တို့ရှိနေသကဲ့သို့ မုံရွာဘက်သို့သွားရာ စစ်ကိုင်းတံတားပေါ်တွင်လည်း တင်းတင်းကြပ်ကြပ် စစ်ဆေးနေသည်။

စစ်အာဏာရှင်ဆန့်ကျင်သည့် နွေဦးတော်လှန်ရေးကာလ ဆန္ဒပြပွဲများတွင် အဓိကပါဝင်ခဲ့ကြသည့် မြို့အရှေ့ဘက်ရှိ အောင်ပင်လယ်၊ အောင်သာယာရပ်ကွက်တို့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များက မည်းမည်းမြင်ရာ ခြောက်လှန့်ပစ်ခတ်နေကြသည်။ 

မြို့အနောက်ဘက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းအနီးရှိ စိန်ပန်းရပ်ကွက်ကိုလည်း စစ်ကောင်စီ၏ တပ်များက ဝင်ရောက်စီးနင်းကာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးသွားကြပြီး သားသတ်ရုံတစ်ခုထဲတွင် ရိုက်နှက်စစ်ဆေးနေသည်ဟု မျက်မြင်တွေ့ရသူများက Myanmar Now ကို ပြောသည်။

“လက်နက်ရှာတယ်လို့ ကြားတာပဲ၊ ဝက်သတ်ရုံထဲမှာ လက်နောက်ပြန်ထား၊ ဒူးထောက်ထိုင်ခိုင်းထားပြီး ရိုက်စစ်နေတာ” ဟု ၎င်းက ပြောသည်။

ထိုသို့ ဖိနှိပ်မှုများ ဆိုးဆိုးရွားရွား ပြင်းထန်လာခြင်းမှာ ဇွန် ၂၂ က ဖြစ်ပွားခဲ့သည့် မြို့တွင်းတိုက်ပွဲတွင် စီမံအုပ်ချုပ်ရေးအရာရှိ (A1) အဆင့်ရှိသည့် ဒုဗိုလ်မှူးကြီးအောင်မျိုးကျော်နှင့် ဗိုလ်ကြီးတစ်ဦးတို့ သေဆုံးခဲ့ရခြင်းကြောင့်ဖြစ်သည်ဟု မန္တလေးမြို့ခံများက ယူဆကြသည်။ 

ထိုအပြန်အလှန်ပစ်ခတ်မှုတွင် PDF တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၈ ဦး ဖမ်းဆီးရမိကြောင်း၊ မော်တော်ယာဉ်တစ်စီးကို ပိတ်ဆို့ဖမ်းဆီးရာ ထရန်စဖော်မာကို ဝင်တိုက်ပြီး ယာဉ်ပေါ်တွင် ပါဝင်သူ ၄ ဦးသေဆုံးခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့သော်လည်း ၎င်းတို့ဘက်မှ အသေအပျောက်စာရင်းကိုမူ ဖုံးကွယ်ထားသည်။

မန္တလေး PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထွန်းတောက်နိုင်ကမူ “ကျွန်တော်တို့ဘက်က ကျဆုံးတာ ၂ ယောက်ရှိတယ်။ အဖမ်းခံရတာက ၆ ယောက်ပါ။ DRPA (အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်) က ၃ ယောက်ကျပါတယ်” ဟု Myanmar Now ကို ထိုတိုက်ခိုက်မှုများအပြီးတွင် ပြောသည်။

ပါဂျဲရိုးမော်တော်ယာဉ်တစ်စီးကို စစ်တပ်က လိုက်လံပစ်ခတ်စဉ် ကားပေါ် သေဆုံးခဲ့သည့် လူငယ် ၄ ဦးမှာ သာမန်အရပ်သားများသာဖြစ်ကြောင်း ၎င်းတို့မိသားစုဝင်များနှင့် မန္တလေး PDF က ပြောထားသည်။ 

မြို့၏ တောင်ဘက် ချမ်းမြသာစည်မြို့နယ်၊ ၅၄ လမ်းနှင့် ၁၁၁ လမ်းထောင့်ရှိ နေအိမ်သို့ စစ်ကောင်စီတပ်များက လာရောက်ဖမ်းဆီးစဉ် နေအိမ်အတွင်းရှိ PDF အဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ PDF ရဲဘော်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။

“သူ ( အောင်မျိုးကျော်) ကျတာက အတွင်းထဲက ၈ ယောက်ထဲက ပစ်လိုက်တာဗျ။ သူ အရင်ဆုံးကျတာ။ သူပြီးတော့ သူ့ဘေးက ဗိုလ်။ ကျန်တာတော့ မသိဘူး အဲ့ဒီနှစ်ယောက်ကို Confirm (အတည်ပြု) ပေးပါတယ်” ဟု ၎င်းက ပြောသည်။

စီးနင်းသည့် သတင်းကို ကြားသိ၍ သွားရောက်ပစ်ခတ်ခဲ့သော်လည်း စစ်တပ်ဘက်မှ တပ်ကူများ ထပ်ရောက်လာ၍ ထိုစခန်းကို အဆုံးရှုံးခံလိုက်ရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ကကျတော့ အပြင်ဘက်က ပြန်ဝိုင်းတဲ့အဖွဲ့ကဆိုတော့ အတွင်း၈ ယောက်ထဲက ဘယ်သူပစ်လိုက်တာလဲ မသိဘူး။ သူပစ်ကိုယ်ပစ်အနေအထားလား၊ ကင်းစောင့်က ပစ်လိုက်လားဆိုတာ၊ ဘာဒဏ်ရာနဲ့ ကျသွားသလဲဆိုတာ မသိရပါဘူး၊ အတွင်းထဲက ကျွန်တော်တို့လူ ၈ ယောက်လုံးကလည်း အသက်ရှင်ဖို့ အခွင့်အလမ်းနည်းတယ်”  ဟု ၎င်းက ပြောသည်။

မန္တလေးမြို့ပေါ်တိုက်ပွဲတွင် PDF လက်ချက်ဖြင့် သေဆုံးသွားသည့် စစ်ကောင်စီအရာရှိမှာ စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်း ဒုတိယဗိုလ်မှူးကြီးအောင်မျိုးကျော်ဖြစ်သည်။

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာတွင် မွေးဖွားခဲ့သူ ဒုဗိုလ်မှူးကြီးအောင်မျိုးကျော်တွင် မွေးချင်း ၆ ဦး ရှိသည်။ ၎င်း၏ မိသားစုဝင်များမှာလည်း စစ်ကောင်စီထောက်ခံသူများဖြစ်သည်ဟု ဒါးကဒေသခံများက Myanmar Now ကို အတည်ပြုသည်။

“ အဲ့ဒီကောင်(အောင်မျိုးကျော်) အရှိန်ကြောင့် တစ်မိသားစုလုံးက မဘသပဲ။ ကြံ့ခိုင်ရေးပါတီဝင်ရယ်လို့တော့ မဟုတ်ပေမယ့် အဲ့ဒီလို စစ်တပ်အားပေးတွေပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒါးကကျေးရွာတွင် နေထိုင်သူတစ်ဦးကပြောသည်။

ဒါးကရှိ သူ၏ မိသားစုဝင်အားလုံး မန္တလေးမြို့ရှိ နာရေးသို့ ယမန်နေ့က ထွက်ခွာသွားကြပြီး တစ်လပြည့် အစီအစဉ်ကို ဒါးကရှိ နေအိမ်တွင် ပြုလုပ်မည်ဟု သိရကြောင်း ဒေသခံများက ဆိုသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် မန္တလေးမြို့ပေါ်ရှိ PDF စခန်းကို ဝင်ရောက်စီးနင်းရာတွင် A 1  အဆင့်ရှိသည့် ဒုတိယဗိုလ်မှူးကြီးက ဦးဆောင်ခဲ့သည်မှာ ထူးခြားသည့် ဖြစ်စဉ်ဖြစ်ပြီး နေပြည်တော်မှ တိုက်ရိုက်ညွှန်ကြားခြင်းကြောင့်လည်း  ဖြစ်နိုင်သည်ဟု အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သည် ဗိုလ်ကြီးထွန်းမြတ်အောင်က သုံးသပ်သည်။

အွန်လိုင်းသို့ရောက်လာသော ဒေသခံတို့၏ ဓာတ်ပုံနှင့်  ရုပ်သံမှတ်တမ်းတို့တွင် စစ်ကောင်စီတပ်များ အင်အားအလွန်အကျွံသုံးစွဲခြင်းကို တွေ့နိုင်ကြောင်း၊ စစ်တပ်အတွင်း မည်မျှစိုးရိမ်နေကြသည်ကို ထိုအခြေအနေများက ပြသနေကြောင်း ဗိုလ်ကြီးထွန်းမြတ်အောင်က ပြောသည်။

“မလုံမခြုံခံစားနေရတာပေါ့ အကုန်လုံးက။ တပ်မိသားစုတွေရော၊ စစ်သည်တွေကိုယ်တိုင်ရော၊ လူကြီးတွေကိုယ်တိုင်ကရောပေါ့။ တော်တော်ကို ကြောက်နေကြတာပေါ့။ ဆန္ဒပြပွဲတွေမှာ အော်နေကြတဲ့ “တပ်ပျက်နေပြီ” ဆိုတာ အခုမှ တကယ်မှန်နေတာ” ဟု ၎င်းက ပြောသည်။

စစ်သည်တစ်ဦးက စစ်မြေပြင်သုံးပခုံးထမ်းလောင်ချာဖြင့် မန္တလေးမြို့တွင်းရှိ နှစ်ထပ်အိမ်တစ်လုံးကို ပစ်ခတ်နေသည့် မြင်ကွင်းနှင့် စက်သေနတ်များတပ်ဆင်ထားသည့် သံချပ်ကာကားများ မန္တလေးမြို့အနှံ့ လှည့်ပတ်နေမှုကို ဝေဖန်မှုမြင့်တက်ခဲ့သည်။

စစ်ကားနှင့် ရဲကား အစီးရေ ၂၀ ခန့်ပါဝင်သည့် အင်အားအလုံးအရင်းဖြင့် ဝိုင်းဝန်းပိတ်ဆို့ကာ ဝင်ရောက်စီးနင်းစဉ် PDF တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်သည့်နည်းတူ စစ်ကောင်စီတပ်ဖွဲ့ကလည်း လက်နက်ကြီးဖြင့်ပါ ပစ်ခတ်သည်ကို ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။

နေပြည်တော်မှ တိုက်ရိုက်ညွှန်ကြားသူမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးအဆင့်ရှိ၍သာ တင့်ကားများ၊ ရဟတ်ယာဉ်များကို အသုံးပြုပြီး ယခုကဲ့သို့ အဆင့်မြင့်အရာရှိကြီးတစ်ဦးကို စစ်ဆင်ရေးတွင် ဦးဆောင်ခိုင်းခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“ဒါကတော့ နောက်ဆုံး အဆုံးသတ်မဟုတ်ရင်တောင်မှ ပြည်သူလူထုထောက်ခံမှုရှိတဲ့ဘက်ကပဲ နိုင်မှာပဲ။ မနေ့ကအခြေအနေကို ပြောရမယ်ဆိုရင်တော့ နိုင်တယ်လို့ပဲ ပြောရမှာပဲလေ” ဟု ၎င်းက ဇွန် ၂၃ တွင် ပြောသည်။

မန္တလေးမြို့ခံတစ်ဦးဖြစ်သူ စာရေးဆရာသင့်နော်က ယမန်နေ့က ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲတွင် ထိခိုက်ဆုံးရှုံးမှုများရှိခဲ့သော်လည်း မန္တလေးမြို့ခံလူငယ်များအတွက် ဂုဏ်ယူကြောင်းပြောသည်။

“ပြည်သူအားလုံးဟာ ဘုံရည်မှန်းချက်က တူတူပဲ။ တစ်ချို့က စာရေးပြီးတော်လှန်ကြတယ်။ တစ်ချို့က ဟောပြောဆန္ဒပြကြတယ်။ တစ်ချို့က အသက်ပေးတော်လှန်ကြတယ်။ မနေ့ကကိစ္စနဲ့ ပတ်သက်လို့ အထိအခိုက်ရှိခဲ့ပေမယ့် ဒါဟာ လက်နက်ကို လက်နက်ချင်း ပြန်အံတုတဲ့ ပြည်သူ့ရဲ့အောင်ပွဲပဲ။ လူငယ်တွေအတွက် ဂုဏ်ယူပါတယ်” ဟု စာရေးဆရာသင့်နော်က ပြောလိုက်သည်။myanmar now

နမ္မတူမြို့နယ်၌ ရွာသူကြီး ၁ ဦးနှင့် ရွာသား ၂ ဦးကို TNLA တပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးသွား

ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်စုထဲမှာ ဇွန်လ ၂၃ ရက် မနေ့ညက ရွာသူကြီး ၁ ဦးနဲ့ ရွာသား ၂ ဦးတို့ကို TNLA  ပလောင်တပ်ဖွဲ့က လာရောက်ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့  သက်ဆိုင်ရာဆွေမျိုးနီးစပ်သူက  ပြောပါတယ်။ 

ပန်လုံကျေးရွာအုပ်စု နားခိုလျံကျေးရွာက သူကြီးဖြစ်သူ ဦးစိုင်းလူး၊ ရွာသား စိုင်းအိုက်မုန့်နဲ့ နားစဖော့ရွာသား စိုင်းကျော်လူတို့ ၃ ဦးဟာ မနေ့ည ၈ နာရီခွဲအချိန်က ခေါက်ဆွဲ ဆိုင်ဖွင့်ထားတဲ့ ဦးစိုင်းလူးတို့အိမ်မှာ အိမ်ထောင်စုစာရင်းတွေ ပြုစုနေစဉ် TNLA တပ်ဖွဲ့ဝင် ၇ ယောက်လောက်  ကားနဲ့ရောက်လာပြီး သူတို့ ၃ ဦးကို ရိုက်နှက်ခေါ်ဆောင်သွားတယ်လို့ ဆွေမျိုးနီးစပ်သူက ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့က ဆိုင်ထဲဝင်လာပြီး အကျိုးအကြောင်းဘာမှမပြောဘဲ သေနတ်နဲ့ချိန်တယ်။ သူကြီးက ဘာဖြစ်လို့လဲလို့မေးတာကို မမေးနဲ့ဆိုပြီး ပါးရိုက်တယ်။ အိုက်မုန့်က ငါလည်း ပလောင်လူမျိုးပဲလေလို့ ပြန်ပြောတော့ ဘာပလောင်လဲဆိုပြီး နားရင်းအုပ်တယ်။ ၃ ယောက်လုံးကိုပါးရိုက်နားရိုက်လုပ်ပြီး လက်ထိပ်ခတ်ခေါ်သွားတာ၊ သူတို့တယ်လီဖုန်းတွေကိုလည်း အကုန်သိမ်း၊ အိုက်မုန့်နဲ့ ကျောက်လူတို့ရဲ့ ဆိုင်ကယ်တွေပါ ယူသွားတယ်”။

ဘာကြောင့်ရိုက်နှက်ဖမ်းဆီးတာလည်းမသိရသလို  ဘယ်နေရာခေါ်သွားမှန်းမသိလို့  သက်ဆိုင်ရာမိသားစုဝင်တွေ စိုးရိမ်ပူပန်နေရကြောင်းနဲ့ ပန်လုံကျေးရွာအုပ်ချုပ်ရေးမှူးထံ အကူအညီတောင်းထားတယ်လို့ ဆိုပါတယ်။ 

ပန်လုံကျေးရွာအုပ်စုထဲမှာ  TNLA တပ်ဖွဲ့က တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်း ကောက်ခံစစ်ဆေးနေပြီး အိမ်ထောင်စုဇယားမရှိသူတွေလည်း အမည်စာရင်းတွေစုပြီး တင်ပြရတယ်လို့ ရွာသားတွေက ပြောပါတယ်။ 

နမ္မတူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မတ်လကုန်ကစ TNLA နဲ့ SSPP ပါ တပ်ပေါင်းစုကတစ်ဘက် RCSS က တစ်ဘက် တိုက်ပွဲတွေဖြစ်ပြီး  မန်လီ ၊ ပန်လုံ ၊ ရေအိုး ၊ မန့်ဆာ ရွာထဲက အိမ်ခြေ ၁၀၀ ကျော် လက်နက်ကြီးထိမှန်မီးလောင်သွားခဲ့ပါတယ်။

တိုက်ပွဲကြောင့် ရွာသားပေါင်းထောင်နဲ့ချီ စစ်ပြေးတိမ်းရှောင်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်ကမှ အခြေအနေပြန်ငြိမ်သွားလို့ အိမ်ကိုပြန်ခဲ့ပါတယ်။  တိုက်ပွဲတွေကြားမှာ ရွာသား တချို့လည်း  နှစ်ဘက်တပ်ရဲ့ ဖမ်းဆီးစစ်ဆေးတာ ခံခဲ့ရပါတယ်။ DVB

မန္တလေးတပ်ပေါင်းစု မဟာမိတ်သပိတ်စစ်ကြောင်း စစ်အာဏာရှင်ဖြုတ်ချရေး ချီတက

မန္တလေးတပ်ပေါင်းစု မဟာမိတ်သပိတ်စစ်ကြောင်း စစ်အာဏာရှင်ဖြုတ်ချရေး ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊ အဖမ်းဆီးခံများလွှတ်ပေးရေး ကြွေးကြော် သပိတိမှောက်ကြသည်။khit thit

ဖျာပုံမြို့နယ်ပညာရေးမှူးရုံးရှေ့ ဗုံးပေါက်ပြီးနောက် ကျောင်းသားများကို အိမ်ပြန်လွှတ်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ပညာရေးမှူးရုံးရှေ့မှာ ဇွန်လ ၂၄ ရက် နေ့လည်ပိုင်းက ဗုံးပေါက်ကွဲခဲ့ပါတယ်။

ရုံးကြီးလမ်းက မြို့နယ်ပညာရေးမှူးရုံးရှေ့မှာ နေ့ခင်း ၂ နာရီ ၄၀ လောက်ကပေါက်ကွဲခဲ့တာဖြစ်ပြီး ရုံးနောက်က အထက ၁ က ကျောင်း သားတွေကို အိမ်ပြန်ပြန်လွှတ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အသံတော့ကြားလိုက်ရတယ်၊ အဲ့အနားက အစ်ကိုပြောတာ ထိခိုက်တဲ့ သူတော့မရှိဘူးပြောတယ် ပညာရေးမှူးရုံးရှေ့မှာဖြစ်သွားတာ”လို့ ဒေ သခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာက မြို့နယ်ထွေအုပ်ရုံးနဲ့ နီးတာကြောင့် အကြမ်းဖက်စစ်ကောင်စီရဲ့ လက် နက်ကိုင်တပ်တွေ ချက်ချင်းရောက်လာပြီး စစ် ဆေးတာတွေပြုလုပ်ခဲ့သလို ရုံးနောက်က အထ က ၁ စာသင်ကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေကိုလည်း ပြန်လွှတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့ ဖျာပုံမြို့နယ် ပညာရေးမှူးရုံးရှေ့မှာ အ ကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ပေါက်ကွဲခဲ့တာဖြစ်ဖြစ်ပါတယ်။

ဖျာပုံမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပိုင်း မေလပိုင်းက စတင်ကာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်လာခဲ့ပြီး ဒီနေ့အထိ ဗုံးပေါက်ကွဲမှု ၅ ကြိမ်ထက်မနည်းရှိလာပြီဖြစ်ပါတယ်။DVB

« Older Entries Recent Entries »