Monthly Archives: Jun 2021

လွိုင်ကော်တွင် လက်နက်ကြီးပစ်သံ၊ စက်သေနတ်ပစ်သံများ ဆက် တိုက်ထွက်ပေါ်နေ(Video)

ကယားပြည်နယ်၊ လွိုင်ကော်-လောပီတ လမ်းဘေးရှိ ဧက ၅၀၀ ရပ်ကွက်နှင့် ၅၄ တပ် ဝန်းကျင်တွင် ယနေ့ ည ၉ နာရီဝန်းကျင်မှ စတင်ကာ လက်နက်ကြီးနှင့် စက်သေနတ်များအပါအဝင် လက်နက်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေကြောင်း လွိုင်ကော်ဒေသခံများထံမှ သိရှိရသည်။

ကယားပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ယာယီ အပစ်အခတ်ရပ်စဲထားရာမှ ယနေ့စတင်၍ ပစ်ခတ်သံများ ပြန်လည် ထွက်ပေါ်လာခြင်းဖြစ်သည်။khit thit

မင်းတပ်တွင် ကလေးတစ်ဦး မိုင်းထိပေါက်ကွဲပြီး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ ယှက်ရွာအနီးတွင် ယမန်နေ့ (ဇွန် ၂၃) ၌ မိုင်းပေါက်ကွဲပြီး အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့သည်။

ညနေပိုင်း ရွာအပြင် တောင်ယာခင်းသို့ ၎င်းကလေးငယ်သွားရောက်စဉ် မိုင်းထိခြင်းဖြစ်ပြီး လက်တစ်ဖက်ပြတ်တောက်၍ ခြေထောက်၊ ခါးအောက်ပိုင်းထိခိုက်ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။ 

ထိုရွာသည် ဇွန်လဆန်း၌ စစ်တပ်နှင့် ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သည့်ရွာ ဖြစ်သည်။ 

မည်သို့သော မိုင်းအမျိုးအစားပေါက်ကွဲခြင်းဖြစ်မှန်း မသိရသေးသော်လည်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးကမူ စစ်တပ်က မိုင်းထောင်ထားခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

“(CDF) မိုင်းက အဝေးထိန်းနဲ့ပဲ လုပ်တဲ့အတွက်ကြောင့် ဒီမိုင်းတွေက တော်ရုံတန်ရုံပေါက်ဖို့ မဖြစ်နိုင်ဘူး။ ဆော့မိတယ်ဆိုလည်း ပေါက်ဖို့မလွယ်ဘူး။ အခုပေါက်ခဲ့တဲ့မိုင်းကတော့ စစ်ကောင်စီမိုင်းဖြစ်မယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်တပ်၏ ဖိနှိပ်မှုများကို တွန်းလှန်ရန် ဒေသခံများဖြင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းလိုက်ကြရာ မင်းတပ်တွင်လည်း ဖွဲ့စည်းထားသည်။

စစ်တပ်နှင့် CDF တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ကျေးရွာများတလျှောက် မိုင်းအန္တရာယ်ကြောင့် ဒေသခံများ စိုးရိမ်ပူပန်နေကြသည်။

“ရွှေအောင်သာကနေ ဝမ္မသူး၊ ဝုန်းခုန်ဘက် ၊ ထင်ချောင်းဘက်တောက်လျှောက်၊ မင်းတပ်ကနေ ယှက်ဘက်ကို လာတဲ့ တစ်ကြောမှာ မိုင်းတွေရှိမယ်လို့ ယူဆတယ်။ ကျွန်တော်တို့ဘက်က မိုင်းတွေထောင်ခဲ့တာမရှိဘူး။ ထောင်ခဲ့တယ်ဆိုလည်း တပ်ဆုတ်လာတာနဲ့တပြိုင်နက် မိုင်းတွေကို ပြန်ဖြုတ်ခဲ့တယ်” ဟု ၎င်းအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

မေလကုန်ခန့်တွင် မင်းတပ်နှင့် ၁၀ မိုင်ကျော် ကွာဝေးသည့် ပူကွန်းကျေးရွာ၌ မိုင်းပေါက်ကွဲပြီး ဒေသခံနှစ်ဦး သေဆုံးခဲ့သည်ဟု ၎င်းထံမှ သိရသည်။

တောင်ယာအနီး စစ်တပ်က မိုင်းထောင်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူတို့ကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။

ကလေးတစ်ဦးသေဆုံးသော ထိုပေါက်ကွဲမှုအကြောင်းကိုလည်း စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်တပ်အာဏာသိမ်းပြီးနောက် မင်းတပ်အပါအဝင် ချင်းပြည်နယ်ရှိ မြို့များတွင် စစ်တပ်ကို ပြန်ခုခံနေသောကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ 

တိုက်ပွဲများပြင်းထန်ခဲ့သော မင်းတပ်မြို့တွင် စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ 

ရခိုင်ပြည်နယ်တွင်လည်း နှစ်နှစ်တာစစ်ပွဲကာလအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားအများအပြား ထိခိုက်ဒဏ်ရာရခဲ့ပြီး တိုက်ပွဲများရပ်တန့်သွားသော်လည်း ဒေသအတွင်း မိုင်းအန္တရာယ်၊ မပေါက်ကွဲသေးသော လက်နက်မျိုးစုံ၏ အန္တရာယ်များ ရှိနေဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ၂၀၁၀ မှ ၂၀၁၉ ထိ ၉ နှစ်တာကာလအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ ၁၉၀၀ ခန့်ရှိကြောင်း ဆွစ်ဇာလန်အခြေစိုက် မြေမြှုပ်မိုင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Landmine and Cluster Munition Monitor) က ၂၀၂၀ ဒီဇင်ဘာလမှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

အဆိုပါ အစီရင်ခံစာအရ ၂၀၁၉ တွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၈၉ ဦးနှင့် ဒဏ်ရာရရှိသူ ၂၆၉ ဦး ရှိခဲ့ပြီး ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့မှ အများဆုံးဖြစ်သည်။ myanmar now

မန္တလေးတပ်ပေါင်းစုစစ်ကြောင်း မချီတက်မီ လူငယ် ၇ ဦး အဖမ်းခံရ

ယနေ့ (ဇွန် ၂၅) တွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် တပ်ပေါင်းစုဆန္ဒပြစစ်ကြောင်း စတင်ချီတက်ရန် ပြင်ဆင်နေစဉ် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ရာ စုရပ်အနီး လူငယ် ၇ ဦး အဖမ်းခံရသည်။ 

ဆန္ဒပြရာတွင် ပါဝင်မည့်သူတစ်ဦး ကြိုတင်အထိန်းသိမ်းခံရပြီးနောက် စတင်စုဝေးမည့်နေရာ သတင်းပေါက်ကြားသွားခြင်းဖြစ်နိုင်ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်က မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း နှင့် ၃၈ လမ်းအနီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်အနီးတွင် လူငယ် ၆ ဦး ပါသွားကြောင်း ထိုလှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦးက ပြောသည်။

“တစ်ယောက်ကို ဖမ်းမိသွားရာက စုရပ်ပေါက်သွားတာ။ ဖမ်းခံရသူတွေက (အများစုက) မိန်းကလေးတွေလို့ ကြားတယ်။ ဘယ်သူတွေပါသွားတယ်ဆိုတာ ကျွန်တော်တို့ Confirm လုပ်နေတုန်းပါ ”ဟု ၎င်းက ဆက်ပြောသည်။

လူမှုကူညီရေးကားများ အသုံးပြုပြီး အရပ်သားအသွင်ယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ဖမ်းခြင်းဖြစ်သည်ဟု ဆိုသည်။

ဒေါင်းစစ်သည်သပိတ်စစ်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများသပိတ်စစ်ကြောင်း၊ ပညာရေးသပိတ်စစ်ကြောင်း၊ အလုပ်သမားလယ်သမားစစ်ကြောင်း ၊ မန္တလေးတက္ကသိုလ်သပိတ်စစ်ကြောင်း၊ ဘုရားကြီးသပိတ်စစ်ကြောင်း၊ အထက(၇)ကျောင်းသားများသပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ တပ်ပေါင်းစုဆန္ဒပြစစ်ကြောင်းအဖြစ် ပူးပေါင်းဆန္ဒပြနေကြခြင်း ဖြစ်သည်။ 

မကြာခဏ ဖြိုခွင်းခံရလေ့ရှိသော်လည်း နေ့စဉ် ဆန္ဒပြရန် ကြိုးပမ်းနေသည့် ထိုအင်အားစုသည် ဧပြီနှင့် မေလအတွင်း ကားဖြင့်တိုက်၍ အကြမ်းဖက်ဖမ်းဆီးခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။

ဇွန် ၁၄ နံနက်ပိုင်းကလည်း ယင်းတပ်ပေါင်းစုဆန္ဒပြစစ်ကြောင်းကို မန္တလေးတက္ကသိုလ်အနီးတွင် စစ်ကောင်စီက ကားဖြင့်တိုက်၍ ဖြိုခွင်းခဲ့ရာ တက္ကသိုလ်ဆရာတစ်ဦးအပါအဝင် ၆ ဦး အဖမ်းခံခဲ့ရသည်။

ဇွန် ၂၂ က မန္တလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) နှင့် စစ်ကောင်စီတပ်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားထားသော်လည်း မန္တလေးမြို့ခံများက စစ်ကောင်စီကို အံတုကာ ဆက်လက်ဆန္ဒပြလျက်ရှိသည်။myanmar now

ကျောက်တန်းက စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တန်းမြို့၊ အနောက်ပိုင်းရပ်ကွက်က စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ကို သေနတ်ကိုင် လူနှစ်ဦးက ဒီကနေ့ ဇွန်လ ၂၅ ရက် ညနေ ၄ နာရီအချိန်က ပစ်သတ်သွားခဲ့တယ်လို့ သိရပါတယ်။

အနောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ရှိနေစဉ် အသက် ၄၀ကျော်အရွယ် ဦးသန်းဇော်အပါအဝင် လူသုံးဦးကို သေနတ်ကိုင် လူနှစ်ဦးက ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

ဦးသန်းဇော်ကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးပြီး ကျန်နှစ်ဦးကတော့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ “အခု သေနတ်နဲ့ ပစ်သတ်ခံရလို့ သေတဲ့ အုပ်ချုပ်ရေးမှူးက လွန်ခဲ့တဲ့ နှစ်လလောက်ကလည်း ဓားနဲ့ထိုးခံရသေးတယ်၊ သုံးယောက်ပစ်ခံရတာ ကို နှစ်ယောက်သေတယ်လို့လဲ ပြောနေကြတယ်” လို့ ဒေသခံက ပြောပါတယ်။

လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဖြုတ်ချပြီး စစ်အုပ်စုကအစားထိုးအသစ်ခန့်အပ်ထားသူတွေကို ဒလန်အဖြစ် သတ်မှတ်ကာ လုပ်ကြံသတ်ဖြတ်မှုတွေ နိုင်ငံအနှံ့မှာ မကြာခန ဖြစ်ပေါ်နေတာပါ။လုပ်ကြံသတ်ဖြတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေအတွက် အာဏာသိမ်းစစ်အုပ်စုက တစ်ဦးကိုကျပ်ငါးသိန်းစီ သတ်မှတ်ကာ မိသာစုတွေကို ပေးနေတယ်လို့ သိရပါတယ်။mizzima

စစ်အာဏာရှင် အမြစ်ပြတ်တိုက်ခိုက်​ရေး ပြည်သူ့ကာကွယ်​ရေး အဖွဲ့ ၆ ခု ပူး​ပေါင်း ​ကြေညာ

စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ခိုက်​ရေး ပြည်သူ့ကာကွယ်​ရေး အဖွဲ့ ၆ ခုက ပူး​ပေါင်းလိုက်ပြီဖြစ်​ကြောင်း ယ​နေ့ ​အောက်ပါအတိုင်းထုတ်ပြန်​ ​ကြေညာသည်။

PEOPLE’S DEFENSE FORCE – ပြည်သူ့ကာကွယ်ရေးတပ်မတော်

MANDALAY SPECIAL TASK FORCE (MSTF) – မန္တလေးကိုယ်စားပြု အထူးပျောက်ကြားတပ်ဖွဲ့

PEOPLE’S DEFENSE FORCE (MAGWAY) – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မကွေး)

KYAUKSE PEOPLE’S DEFENSEFORCE (KPDF) – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်ဆည်)

SAGAING PEOPLE’S DEFENSE FORCE(SPDF) – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စစ်ကိုင်း)

MAGWAY DIVISION PEOPLE’S DEFENSE FORCE(MDPDF) – မကွေးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့၏ ပူးပေါင်း သဘောထား ထုတ်ပြန်ကြေငြာချက်

PEOPLE’S DEFENSE FORCE – ပြည်သူ့ကာကွယ်ရေးတပ်မတော် (Yangon) ၊ MANDALAY SPECIAL TASK FORCE (MSTF) – မန္တလေးကိုယ်စားပြု အထူးပျောက်ကြားတပ်ဖွဲ့ ၊ PEOPLE’S DEFENSE FORCE (MAGWAY) – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မကွေး)၊ KYAUKSE PEOPLE’S DEFENSEFORCE (KPDF) – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်ဆည်) ၊ SAGAING PEOPLE’S DEFENSE FORCE(SPDF) – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စစ်ကိုင်း) ၊ MAGWAY DIVISION PEOPLE’S DEFENSE FORCE(MDPDF) – မကွေးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် တို့၏ ၂၄ရက်၊ဇွန်လ၊၂၀၂၁ ရက်နေ့ တွင် ပြုလုပ်ခဲ့သော အစည်းအဝေး ဆုံးဖြတ်ချက် အရ အောက်ပါ သဘောထား တူညီချက် အားထုတ်ပြန် ကြေညာအပ်ပါသည်။

၁။ စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ခိုက်ရေး အတွက် မိမိတို့ တော်လှန်ရေး ညီအကိုများမှ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အချိတ်အဆက် မိမိဖြင့် စစ်အာဏာရှင်အား တော်လှန်ရန် မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ပါသည်။

၂။ မိမိတို့ မဟာမိတ် အဖွဲ့များအနေဖြင့် ပူးပေါင်းချိတ်ဆက်၍ မြို့နယ်၊တိုင်း အလိုက် ထိရောက်သည့် တော်လှန်ရေးလုပ်ဆောင်မှုများကို လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

၃။ မိဘပြည်သူများ အနေဖြင့် PDF တပ်ဖွဲ့များ နှင့် စစ်ကောင်စီ တပ်များ တိုက်ပွဲဖြစ်ပွားပါက PDF တပ်ဖွဲ့ များ၏ လှုပ်ရှားမှူများအား Facebook ပေါ်သို့ Live လွှင့်ခြင်း ၊ Post တင်ခြင်းများ မပြုလုပ်ကြပါရန် ။

၄။ မြို့တွင်းပျောက်ကြားစနစ် (သို့မဟုတ်) စစ်ကောင်စီတပ်များနှင့် မြို့နယ်၊တိုင်းတစ်ခုခုမှ PDF များနှင့် ထိတွေ့၍ တိုက်ပွဲဖြစ်ပွားခဲ့ပါက ကျန်ရှိနေသော မြို့နယ်၊တိုင်းများမှ PDF အဖွဲ့ များမှလည်း မိမိတို့ သက်ဆိုင်ရာ မြို့နယ်၊တိုင်းအလိုက် ဝိုင်းဝန်းတိုက်ခိုက်ကြရန် အစည်းအဝေး ဆုံးဖြတ်ညှိနှိုင်းမှုအရ ပူးပေါင်းသဘောထား ထုတ်ပြန်အပ်ပါသည်။khit thit

လောင်းလုံးမြို့နယ် မြခါးပတ်ကျေးရွာ သပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီမှ သေနတ်ပစ်ခတ် ဖြိုခွင်း

လောင်းလုံးမြို့နယ် မြခါးပတ်ကျေးရွာတွင် ဇွန်လ ၂၅ ရက် ညနေပိုင်းက ချီတက်ဆန္ဒပြသော စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ကာဖြိုခွင်းခဲ့သည်ဟု ဒေသခံတစ်ဦးမှ သတင်းပေးပို့သည်။

သပိတ်စစ်ကြောင်းချီတက်ကြပြီး စုရပ်သို့ ပြန်မရောက်ခင် အကြမ်းဖက်စစ်ကောင်စီမှ အချက် ၃၀ ခန့် သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်ဟု သိရပြီး ဖမ်းဆီးခံရသူနှင့် ဒဏ်ရာရရှိသူစာရင်းကို လက်ရှိမှာ အတည်ပြုနိုင်ခြင်း မရှိသေးပေ။khit thit

ဇွန်လ ၂၅ ရက်၊ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဘုတလင်မြို့နယ် စစ်သူကြီးမဟာဗန္ဓုလမွေးရပ်မြေ ငပယင်းစံပြကျေးရွာ ပြည်သူများ၏ ညနေဆည်းဆာသပိတ်စစ်ကြောင်း

mizzima

စစ်ကောင်စီအနေဖြင့် နိုင်ငံတကာစာမျက်နှာအတွက် နိုင်/ကျဉ်းများ ပြန်လွှတ်ပေးဖို့ပြင်ခြင်းဖြစ်နိုင်ကြောင်း နိုင်ကျဉ်းအဖွဲ့ ဦးဆောင်ကော်မတီဝင်ပြော

စစ်ကောင်စီက ကုလသမဂ္ဂနှင့် နိုင်ငံတကာမျက်နှာစာတွင် အစိုးရတစ်ရပ်အဖြင့် တရားဝင်ရပ်တည်နိုင်ရေး အတွက် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန်ပြင်ဆင်ခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က မဇ္ဈိမ ကိုပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို မကြာမီပြန်လည်လွှတ်ပေးမည်ဆိုသည့် သတင်းကို အတွင်းသတင်းများအရ လွန်ခဲ့သော သုံးလေးရက်က သိရှိထားသော်လည်း ပြန်လည်လွှတ်မြောက်လာမှသာ လက်ခံယုံကြည်နိုင်မည်ဖြစ်ကြောင်း ဆိုသည်။

“ ပြည်တွင်း၊ ဒေသတွင်း မှာတင်မဟုတ်ဘဲ ကုလသမဂ္ဂနဲ့နိုင်ငံတကာ မျက်နှာစာ အသီးသီးမှာ သူတို့ လွှတ်ပေးလိုတယ်ဆိုတာကို ပြချင်တာဘဲ။ နိုင်ငံရေးဆန္ဒနဲ့ လွှတ်တာမဟုတ်ဘဲ နိုင်ငံရေးရည်ရွှယ်ချက်နဲ့ လွှတ်တာ။ အဓိက ကတော့ သူတို့အစိုးရ ဖြစ်တယ်ဆိုတာကို နိုင်ငံတကာမျက်နှာစာမှာ တရားဝင်ရေးပေါ့ဗျာ။” ဟု သုံးသပ်ပြောကြားသည်။

မည်သည့် အကျဉ်းစခန်းများရှိ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ဦးလွတ်မြောက်မည်၊ မည်သို့သော ပုဒ်မ အမျိုးအစားများကို လွှတ်ပေးမည်ဆိုသည်ကို ၎င်းတို့အနေဖြင့် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဆိုသည်။

“ အသံနဲ့တော့ လက်မခံဘူး။ ထောင်နဲ့ ချီရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မနက်ဖြန်လွှတ်မယ်ဆိုရင်လည်း ဘယ်လိုကြေညာချက်မျိုးနဲ့ လွှတ်ပေးမလဲပေါ့ဗျာ။ ဘယ်နှစ်ယောက် လွှတ်ပေးမလဲပေါ့ဗျာ။ အဲ့ဒီအထဲမှာ ဘယ်လို အမှုတွေ ပုဒ်မမျိုးတွေ ပါမလဲပေါ့ဗျာ။ ကျွန်တော်တို့က လက်တွေ့ကျကျ လွှတ်ပေးလိုက်မှသာ သူတို့ လွှတ်ပေးတယ်လို့ ယုံကြည်တယ်။” ဟုဆို သည်။

ထို့အပြင် ၎င်းက “နိုင်ငံရေးဆန္ဒရှိခဲ့မယ်ဆိုရင် အာဏာသိမ်းတဲ့ ဖြစ်စဉ်တောင် ရှိလာမှာမဟုတ်ဘူး စစ်တပ်က သူ့နေရာ သူနေရမှာလေ။ သူတို့ က ICJ နဲ့ ပတ်သက်လို့ လည်း ခုခံ ဖြေရှင်းဖို့ အဖွဲ့တွေဖွဲ့ပေါ့။ ဒီဘက်မှာလည်းနိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတယ်ပေါ့ဗျာ ဒါတွေက သူတို့ နိုင်ငံရေးစံတစ်ခု လိုချင်တာပေါ့။ သူတို့ကို နိုင်ငံတကာက ထောက်ခံလာအောင် ကြိုးပမ်း အားထုတ်နေတာလို့ ရှုမြင်သုံးသပ်တယ်။ ” ဟုဆိုသည်။mizzima

လောင်းလုံး လူငယ်စင်တာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး တန်ဖိုးကြီးပစ္စည်းများကို ခိုးယူကာ မသယ်နိုင်သော ပစ္စည်းများကို ဖျက်ဆီး (Video)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ရေဖြူကျေးရွာရှိ လူငယ်စင်တာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ယနေ့နံနက်တွင် ဝင်ရောက်စီးနင်းဖျက်ဆီးသွားခဲ့ပြီး တန်ဖိုးရှိပစ္စည်းများကို ခိုးယူသွားခဲ့သည်။

ဇွန်လ ၂၅ ရက် ယနေ့နံနက် ၈ နာရီ ခွဲခန့်တွင် ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး ဆိုင်ကယ် အစီး ၂၀ ကျော်ကို သိမ်းယူသွားကြောင်း၊ စင်တာနှင့် မသက်ဆိုင်သည့် လမ်းသွားလမ်းလာ လူငယ်နှစ်ဦးကို ဖမ်းဆီးသွားကြောင်း စင်တာ တာဝန်ခံ ကိုဟိန်းထက်မှ ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

“ဒီနေ့ မြို့နယ်မှာ အရေးပေါ်အခြေအနေတွေဖြစ်လာရင် ဆောင်ရွက်ဖို့ Medical Cover သင်တန်းနဲ့ ဆွေးနွေးပွဲ လုပ်မှာ၊ ကျွန်တော်တို့ လပေါင်းများစွာ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ စုဆောင်းထားတဲ့ စင်တာရှိ ပစ္စည်းများ (ပရောဂျက်တာ ၊ မီးစက် ၊ ဆိုလာ ၊ စားပွဲ ၊ ကုလားထိုင် အပါအဝင် တံမျက်စည်း အဆုံး) လူငယ်များ၏ ဆိုင်ကယ်အစီးရေ ၂၀ခန့်ကို စစ်ခွေးတွေ သိမ်းဆည်း သွားပါတယ်” ဟု ကိုဟိန်းထက်မှ ပြောသည်။

Youth Development Institute သည် လူငယ် ဖွံ့ဖြိုးရေးသင်တန်းများ ပြုလုပ်ပေးနေသည့် နေရာ တစ်ခုသာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီမှ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ တောနင်းကာရှာဖွေနေဆဲဖြစ်ကြောင်း၊ ၎င်းအပါအဝင် လူငယ်များ လုံခြုံသည့်နေရာတွင် ရှိကြောင်း သိရသည်။khit thit

« Older Entries