လောင်းလုံး လူငယ်စင်တာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး တန်ဖိုးကြီးပစ္စည်းများကို ခိုးယူကာ မသယ်နိုင်သော ပစ္စည်းများကို ဖျက်ဆီး (Video)
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ရေဖြူကျေးရွာရှိ လူငယ်စင်တာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ယနေ့နံနက်တွင် ဝင်ရောက်စီးနင်းဖျက်ဆီးသွားခဲ့ပြီး တန်ဖိုးရှိပစ္စည်းများကို ခိုးယူသွားခဲ့သည်။
ဇွန်လ ၂၅ ရက် ယနေ့နံနက် ၈ နာရီ ခွဲခန့်တွင် ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး ဆိုင်ကယ် အစီး ၂၀ ကျော်ကို သိမ်းယူသွားကြောင်း၊ စင်တာနှင့် မသက်ဆိုင်သည့် လမ်းသွားလမ်းလာ လူငယ်နှစ်ဦးကို ဖမ်းဆီးသွားကြောင်း စင်တာ တာဝန်ခံ ကိုဟိန်းထက်မှ ရန်ကုန်ခေတ်သစ်သို့ ပြောသည်။
“ဒီနေ့ မြို့နယ်မှာ အရေးပေါ်အခြေအနေတွေဖြစ်လာရင် ဆောင်ရွက်ဖို့ Medical Cover သင်တန်းနဲ့ ဆွေးနွေးပွဲ လုပ်မှာ၊ ကျွန်တော်တို့ လပေါင်းများစွာ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ စုဆောင်းထားတဲ့ စင်တာရှိ ပစ္စည်းများ (ပရောဂျက်တာ ၊ မီးစက် ၊ ဆိုလာ ၊ စားပွဲ ၊ ကုလားထိုင် အပါအဝင် တံမျက်စည်း အဆုံး) လူငယ်များ၏ ဆိုင်ကယ်အစီးရေ ၂၀ခန့်ကို စစ်ခွေးတွေ သိမ်းဆည်း သွားပါတယ်” ဟု ကိုဟိန်းထက်မှ ပြောသည်။
Youth Development Institute သည် လူငယ် ဖွံ့ဖြိုးရေးသင်တန်းများ ပြုလုပ်ပေးနေသည့် နေရာ တစ်ခုသာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီမှ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ တောနင်းကာရှာဖွေနေဆဲဖြစ်ကြောင်း၊ ၎င်းအပါအဝင် လူငယ်များ လုံခြုံသည့်နေရာတွင် ရှိကြောင်း သိရသည်။khit thit