Monthly Archives: Jun 2021

ကန်ကြီးထောင့်ပြည်သူ့ပါတီအလုပ်အမှုဆောင်ကို PDF ဟုဆိုကာ စွပ်စွဲဖမ်းဆီး

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်က ပြည်သူ့ပါတီအလုပ်အမှုဆောင် ကိုအာကာအောင်ကို အကြမ်းဖက်စစ်ကောင်စီက PDF လို့ စွပ်စွဲကာ ဇွန် ၂၃ ရက် မနက်ပိုင်းက  ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းမှုအပြီး ကန်ကြီးထောင့်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဝရမ်းအထုတ်ခံရလို့ ရန်ကုန်မှာတိမ်းရှောင်နေစဉ် ခုလိုဖမ်းဆီးခံလိုက်ရတာ လို့ နီးစပ်သူတွေက ပြောပါတယ်။

“ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တော့ ရှောင်နေရတာ ကြာပြီ အဲဒါကို သူအလုပ်ကိစ္စနဲ့ ထွက်သွား ချိန်သူ့ကို ဖမ်းသွားတာ အဆက်အသွယ် မရတော့ဘူး”လို့ ကိုအာကာအောင်ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

ကိုအာကာအောင် အပြင်ထွက်သွားချိန် ဖမ်းဆီးခံလိုက်ရတာဖြစ်လို့ ဘယ်နေရာမှာ ဖမ်းဆီး ထားတယ်ဆိုတာ မသိရသလို ခုချိန်ထိလည်း အဆက်အသွယ်မရတော့တာကြောင့် မိသားစုဝင်တွေ ကလည်း စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။

PDF လို့ စွပ်စွဲကာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ့ပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင် ကိုအာကာအောင်ရဲ့ မိသားစုဝင်တွေကတော့ ကိုအာကာအောင်ကို ကန်ကြီးထောင့်မြို့နယ်က ရဲစခန်းကို ရွှေ့ပြောင်းစစ်ဆေးတာတွေ လုပ်စေချင်နေကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ PDF လို့ စွပ်စွဲဖမ်းဆီးခြင်းခံခဲ့ရတဲ့ ပြည်သူ့ပါတီ မြို့နယ်အလုပ်အမှုဆောင် ကိုအာကာအောင်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ ကန်ကြီးထောင့် မြို့မ ရဲစခန်းမှာ အမှုဖွင့်ခံထားရသူလည်းဖြစ်တယ်လို့ သိရပါတယ်။DVB

ဖမ်းဆီးခံထားရသည့် CDF-မင်းတပ်တပ်ဖွဲ့၀င် အပါအ၀င် ဒေသခံ ၅ ဦး မလွတ်မြောက်လာသေး

ချင်းပြည်နယ်၊မင်းတပ်မြို့တွင်ပြီးခဲ့သည့် မေလလည်လောက်ကစတင်ခဲ့သည့် ဒုတိယတိုက်ပွဲမတိုင်ခင်အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးထားသော CDF-မင်းတပ်တပ်ဖွဲ့၀င် အပါအ၀င် ဒေသခံ ၅ ဦးမှာ ယခုအချိန်ထိမလွတ်မြောက်လာသေးကြောင်း CDF-Mindat သတင်းနှင့်ပြန်ကြားရေးမှတာ၀န်ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

“ဒုတိယတိုက်ပွဲပြန်စတာက ဖမ်းသွားတဲ့ ၅ ယောက်ကိုပြန်လွှတ်ပေးဖို့ပြောခဲ့တာ မလွှတ်ပေးလို့ အဲ့ဒီအချက်လဲပါတာ‌ပေါ့၊ CDF-မင်းတပ်တပ်ဖွဲ့၀င် ၂ ဦးနဲ့ ကျန်တာသူတို့မိသားစု၀င်တွေပါ အခုချိန်ထိလဲပြန်မလွှတ်ပေးသေးဘူး ၂ လကျော်လောက်ရှိပြီ လောလောဆယ်အပစ်ခတ်ရပ်စဲဖို့ပဲညှိထားတော့ အဲ့ဒီကိစ္စကိုမပြောဖြစ်သေးဘူး၊နောက်မှပြောဖြစ်မယ်ထင်တယ်”ဟု၎င်းကပြောသည်။

နှစ်ဘက်သဘောတူညှိနှိုင်းချက်အရ ပြီးခဲ့သည့်ရက်သတ္တပတ်နှစ်ပတ်ခန့်က ဆေးဝါးသွား‌ ၀ယ်သည့်လူငယ်(၃)ဦးအားစစ်ကောင်စီမှဖမ်းဆီးခဲ့ရာ လက်ရှိတွင်ပြန်လည်လွှတ်ပေးလိုက်သော်လည်း အဆိုပါ (၅) ဦးအားလွှတ်ပေးခြင်းမရှိသေးကြောင်းသိရသည်။ ထို့အပြင်လွန်ခဲ့သည့်နှစ်ရက်ခန့်ကလည်း အကြမ်းဖက်စစ်ကောင်စီမှ မင်းတပ်မြို့ရှိဒေသခံတစ်ဦးအား နယ်မြေလမ်းကြောင်းအချို့လမ်းပြရန် ဖမ်းဆီးမှုတစ်ခုဖြစ်ပေါ်ခဲ့ကြောင်းဒေသခံများ၏ပြောပြချက်အရသိရသည်။

“ဟိုနေ့ကမနက်‌စောစောအိမ်ထဲနေတဲ့လူတစ်ယောက်ကိုဖမ်းပြီး အနောက်ကနေသေနတ်နဲ့ခြိမ်းခြောက်ပြီး မင်းတပ်မြို့အနောက်ပိုင်းနယ်မြေနဲ့ တောင်ကြောတွေကိုလမ်းပြခိုင်းတယ်။ ကျွန်တော်တို့တွေ့တော့ညှိနှိုင်းရေးကာလမှာဒါမျိူးမလုပ်ရဘူးဆိုတဲ့အချက်ပါတယ်လို့ထောက်ပြလိုက်မှပြန်လွှတ်ပေးလိုက်တယ်”ဟုမင်းတပ်မြို့ဒေသခံတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် CDF-မင်းတပ် တို့အကြား ဇွန်လ ၂၃ ရက်နေ့ က သဘောတူညီချက် (၅) ချက်ဖြင့်ညှိနှိုင်းဆောင်ရွက်မှုများတွင် ပြည်သူလူထုအားခြိမ်းခြောက်ခြင်းမပြုလုပ်ရန် အချက်ပါ၀င်သည်။ အဆိုပါသဘောတူညီချက်များတွင် မင်းတပ်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများနှင့် မြို့ပေါ်တွင်လက်နက်ဖြင့် ကိုင်ဆောင်စောင့်ကြပ်စစ်ဆေးပစ်ခတ်ခြင်းမပြုလုပ်ရန်၊ကျောက်ထု-မတူပီလမ်းကြောင်းတွင်ဆိုင်ကယ်/လူသွားလာမှုများကိုနှောင့်ယှက်တားဆီးခြင်းမပြုလုပ်ရန် ပါ၀င်ထားသော်လည်းလွန်ခဲ့သည့်ရက်က မြို့အ၀င်ဂိတ်အချို့တွင် စစ်ကောင်စီမှ အစောင့်အကြပ်များဖြင့် နာမည်၊ ရွာလိပ်စာ၊ ဆိုင်ကယ်နံပါတ်များရေးမှတ်တာမျိုးရှိကြောင်း ဒေသခံတစ်ဦး၏အဆိုအရသိရသည်။

အဆိုပါညှိနှိုင်း‌ရေးကာလမှာ ဇွန်လ (၂၃) ရက်မှ ဇူလိုင်လ (၄) ရက်နေ့အထိ စောင့်ကြည့်ကာလတစ်ခုအဖြစ်သတ်မှတ်ထားကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။ လက်ရှိအခြေအနေအရ မင်းတပ်မြို့နှင့် ၁၀ မိုင်အကွာရှိ မြို့အနောက်ဘက်နှင့် အရှေ့ဘက်တွင်စစ်ကောင်စီမှစစ်အင်အား ၃၀၀ ၀န်းကျင် ဖြန့်ကျက်ထား၍ စစ်ကြောင်းသုံးကြောင်း ပါ၀င်သည့် တပ်ရင်း (၃)ရင်း၊ ချင်း-မကွေး နယ်စပ်တွင်လည်း တပ်ရင်း နှစ် ရင်းဖြင့် အင်အားဖြန့်ကျက်ထားကြောင်းသိရသည်။

မင်းတပ်မြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က ဆန္ဒပြလူငယ် ခြောက်ဦးအား စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီးသည့်နောက် စစ်ကောင်စီမှပြန်လည်လွှတ်ပေးမည်ဟု ကတိပြု‌ထားသော်လည်း ဖောက်ဖျက်ခဲ့သဖြင့်နှစ်ဘက်တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက်မေလ (၁၂) ရက်နေ့နောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ မင်းတပ်မြို့အား စစ်အုပ်ချုပ်ရေးအောက်ရှိသည့်နယ်မြေဟု ကြေညာလိုက်ခြင်းမှအစပြု၍ ထပ်မံဖမ်းဆီးခံထားရသူများ ပြန်မလွှတ်ပေးသည့်ကိစ္စအပါအ၀င် ဒုတိယတိုက်ပွဲအဖြစ်နှစ်ဘက်တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဒေသခံအချို့ထံမှသိရသည်။

အပစ်အခတ်ရပ်စဲရန်နှင့် ဒေသခံပြည်သူများအားခြိမ်းခြောက်ဖမ်းဆီးပစ်ခတ်ခြင်းများ မပြုလုပ်ရန်ညှိနှိုင်းထားသော်လည်း စစ်ကောင်စီဘက်မှ ယခင်တိုက်ပွဲကာလကဒေသခံများ၏ နေအိမ်၊‌မော်တော်ယာဉ်၊ဆိုင်ကယ်ယာဥ်များဖျက်ဆီး‌ဖောက်ထွင်းခဲ့သောကြောင့် ပြည်သူများဘက်မှ လုံခြုံရေးအရစိုးရိမ်ပူပန်မှုများရှိနေသဖြင့်လက်ရှိအချိန်ထိ စစ်ဘေးရှောင်များမှပြန်လာသူအများစုမှာမိမိတို့နေအိမ်များသို့ အိုးအိမ်ပစ္စည်းများ၊ရိက္ခာများလာရောက်သယ်ယူရန်ခဏတာပြန်လာခြင်းဖြစ်၍မူလတိမ်းရှောင်ခိုလှုံသည့်တောတွင်းသို့သာပြန်လည်နေထိုင်ကြောင်းစစ်ဘေးရှောင်တာ၀န်ခံတစ်ဦးထံမှသိရသည်။

ထို့ကြောင့် လက်ရှိအနေအထားတွင် အဆိုပါ လူဦးရေ ပျှမ်းမျှ ၅ သောင်း၀န်းကျင်ရှိသည့် မင်းတပ်မြို့ပေါ်တွင် ဒေသခံ ၁၅ ရာခိုင်နှုန်းခန့်သာ နေထိုင်လျက်ရှိကြောင်းသိရသည်။mizzima

မြတောင်သပိတ်စစ်ကြောင်း စစ်အာဏာရှင် ဖြုတ်ချ​ရေး ချီတက် သပိတ်​မှောက်

မန္တလေးတွင် မြတောင်သပိတ်စစ်ကြောင်း စစ်အာဏာ ရှင် ဖြုတ်ချ​ရေးအတွက် ယ​နေ့ ဇွန်လ ၂၇ ရက်​နေ့ ချီတက် သပိတ်​မှောက်ကြသည်။khit thit

ဇွန်လ ၂၂ ရက်​နေ့ မန်း​လေးတိုက်ခိုက်မှုတွင် စစ်​ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၉ ​သေဆုံးဟု MDY-PDF ​ကြေညာ

မန်း​လေးတွင် MDY-PDFနှင့် အကြမ်းဖက်စစ်ကောင်စီအုပ်စုတို့ ဇွန်လ ၂၂ ရက်​နေ့တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့မှုတွင် စစ်​ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီး တစ်ဦးအပါအဝင် ၉ ဦး​သေဆုံး​ကြောင်း MDY-PDF က သတင်း ထုတ်ပြန်သည်။

တိုက်ပွဲတွင် KDDFမှ ရဲဘော် (၂)ဦးနှင့် MDY-PDF မှ ၂ ဦးကျဆုံးခဲ့ရပြီး (၆)ဦး အဖမ်းခံခဲ့ရ​ကြောင်း၊လက်နက်အင်အားမမျှခြင်း၊ အကြမ်းဖက်စစ်အုပ်စုမှလက်နက်ကြီးများသုံး၍ ပစ်ခတ်ခြင်း၊ ပြည်သူအများထိခိုက်နိုင်ခြင်း..တို့ကြောင့် Apex ဘော်ဒါအတွင်းရှိ MPDF ရဲဘော်များမှလက်နက်ချ အညံ့ခံရ​ကြောင်း ​ဖော်ပြထားသည်။

ထိပ်တိုက်မှုဖြစ်စဥ်အတွင်း သတင်းအချက်လက်ဆက်သွယ်ရရှိမှု ၊ MPDF တပ်ကူများ​၏ မျက်မြင်တွေ့ရှိမှု နှင့် online သတင်းဓာတ်ပုံများတချို့ပေါ်မှာ သုံးသပ်ချက်များအရ ကျွန်တော်တို့ ရဲဘော်များ ၏အချို့မှာ လက်နက်ချပြီးနောက်ပိုင်းတွင်း ဦးခေါင်းသို့ အနီးကပ် ပစ်သတ်ခံရခြင်းဖြစ်​ကြောင်း၊ အကြမ်းဖက် စစ်အုပ်စုမှ Apex ဘော်ဒါဆောင်အတွင်းမှ ရဲဘော်များနှင့်ပတ်သက်၍ တိကျသော သတင်းဆက်လက်ထုတ်ပြန်ခြင်းမရှိကြောင့် ကျနော်တို့ရဲဘော်များအားလုံး သူရဲကောင်းအာဇာနည်အဖြစ် ကျဆုံးသွားပြီဟု မှတ်ယူထား​ကြောင်း ​ဖော်ပြထားသည်။

ပါကျဲဒိုးကားပေါ်တွင်ကျဆုံးခဲ့သော ပြည်သူများမှာ MDY-PDF နှင့် လုံးဝ(လုံးဝ) ပတ်သတ်ခြင်းမရှိ​ကြောင်း၊ အကြမ်းဖက် စစ်အုပ်စုမှ လမ်းသွားလမ်းလာ ပြည်သူများအား အကြမ်းဖက်ဖမ်းဆီးရင်း အသတ်ခံလိုက်ရခြင်းဖြစ်​ကြောင်း ​ဖော်ပြထားသည်။khit thit

ဘုရင့်နောင်တံတားအနီး စစ်ကောင်စီတပ်တွေရပ်ကွက်တွေအထိ ဝင်ရောက်ပစ်ခတ်

မရမ်းကုန်းမြို့နယ် ဘုရင့်နောင်တံတားအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေ ရပ်ကွက်တွေအထဲ ဝင်ရောက်ပစ်ခတ်နေကြတယ်လို့ ရပ်ကွက်နေသူတွေကပြောပါတယ်။

ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်ကနေ ၃ နာရီကျော်အထိ အနည်းဆုံး အချက် (၅၀) ကျော် လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာလည်းဖြစ်ပါတယ်။

“ ပေါက်ကွဲသံအကျယ်ကြီးနှစ်ချက်လည်းထွက်လာတယ်။ စကစ တွေဘက်ကတော်တော်ထိသွားတယ်ပြောတယ်။ ပေါက်ကွဲတဲ့ လ.ဝ.က ရုံးနားမှာသူတို့ တပ်စွဲနေတာ” လို့ မျက်မြင်တွေ့သူတစ်ယောက်ဆိုပါတယ်။

အကြောင်းအရင်း အသေးစိတ်ကို မဇ္ဈိမကဆက်လက်စုံစမ်းနေပါတယ်။ အလားတူ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာလည်း ဒီကနေ့ ဗုံးများပေါက်ကွဲမှုတွေဖြစ်ပွားကြောင်း ဒေသခံတွေကပြောဆိုနေကြပါတယ်။mizzima

မိုးဗြဲ PDF က ဒလန်များနှင့် စစ်​ကောင်စီကို ကူညီ​ထောက်ပံ့သူများကို အပြစ်​ပေး သုတ်သင်မည်ဟု ​ကြေညာ

မိုးဗြဲ PDF က ဒလန်များနှင့် စစ်​ကောင်စီကို ကူညီသူများကို အပြစ်​ပေး သုတ်သင်မည်ဟု ​ယ​နေ့ကြေညာသည်။MBPDF က စစ်အာဏာရှင်ကို တော်လှန်နေကြသည့် ပြည်သူလူထုနှင့် တသားတည်း အစဉ်အမြဲရပ်တည်​ကြောင်း၊ ပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် တစိုးတစိမျှ ပူးပေါင်း ဆောင်ရွက်ခြင်း မပြုဖို့ မအလေးအနက် အသိပေးတိုက်တွန်း​ကြောင်း၊ နွေဦးတော်လှန်ရေးကို အဟန့်အတား အနှောင့်အယှက်ဖြစ်စေသော ပုဂ္ဂိုလ်(ဒလန်များ) ၊ စစ်ကောင်စီ၏ ယန္တရား လည်ပတ်ရာတွင် ပါဝင်ကူညီကြသော ပုဂ္ဂိုလ်များအား မိမိတို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDF မှ ယနေ့မှစ၍ အပြစ်ပေး သုတ်သင် ရှင်းလင်း သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ကြေညာထားသည်။khit thit

မန္တလေးမြို့ နဂါးရပ်ကွက်တွင် ကိုဗစ်လူနာ ၁ ဦး သေဆုံး

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်၊ နဂါးရပ်ကွက်မှာ ကိုဗစ်လူနာ အမျိုးသမီး တစ်ဦး ဇွန် ၂၇ ရက်က သေဆုံးသွားပါတယ်။ 

သေဆုံးခဲ့တဲ့ ကိုဗစ်လူနာမှာ အသက် ၅၂ နှစ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး နေအိမ်မှ အေးရိပ်ငြိမ်သုသာန်ကို မြတ်သဒ္ဒါလူမှုနာမှုကူညီရေးအသင်းမှ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။ 

ကိုဗစ်လူနာ နေထိုင်ခဲ့တဲ့ နေအိမ်နဲ့ အနီးဝန်းကျင်ကို မြတ်သဒ္ဒါလူမှုနာမှုကူညီရေးအသင်းက ပိုးသတ်ဆေးဖြန်းပေးခဲ့တယ်လို့ သိရပါတယ်။ DVB

သီလဝါတွင် လေယာဉ်ဆီတင်သင်္ဘောဆိုက်ကပ်၊ စစ်တပ်ချထား

စင်ကာပူနိုင်ငံမှ ဇွန် ၂၂ ရက်တွင် ထွက်ခွာလာသည့် လေယာဉ်ဆီတင်ဆောင်လာသော SANTYA အမည်ရှိ ဆီတင်သင်္ဘောမှာ ရန်ကုန် သီလဝါဆိပ်ကမ်းတွင် ယနေ့  (ဇွန် ၂၇) နံနက်ပိုင်းတွင် ဆိုက်ကပ်ထားပြီး စစ်တပ်အစောင့်အရှောက်ဖြင့် ဆီချလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆီတင်သင်္ဘောမှာ ယနေ့နံနက် အစောပိုင်းတွင် ဆိုက်ကပ်လာကြောင်း၊ သီလဝါရှိ Puma ဆိပ်ကမ်းတွင် ရေတပ်ဝတ်စုံဖြင့် စစ်သားများ နေရာယူထားပြီး အမှတ်တံဆိပ်ဖျက်ထားသည့် ဆီဘောက်ဆာကားများ အဝင်အထွက်ရှိနေကြောင်းလည်း မျက်မြင်တွေ့ရှိခဲ့သူ သီလဝါရှိ ပုဂ္ဂလိကဆိပ်ကမ်းဝန်ထမ်းတစ်ဦးက Myanmar Now ကို  ပြောသည်။ 

“သင်္ဘောနာမည် SANTYA။ ကျွန်တော်တို့ဆီကိုလည်း ခဏခဏ ကပ်ဖူးတယ်။ ရေတပ်က လုံခြုံရေးယူထားတယ်။ လုံခြုံရေးစောင့်တဲ့ စစ်သားတွေရှိတယ်။ အင်အားများတယ်ဗျ” ဟု ၎င်းက ပြောသည်။ 

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (MPA) က ၂၅ ရက်နေ့ ထုတ်ပြန်ထားသည့် သင်္ဘောအဝင်အထွက် အချိန်စာရင်းအရ လေယာဉ်ဆီ (Jet A1) များ တင်ဆောင်လာသည့် SANTYA ဆီတင်သင်္ဘောမှာ သီလဝါရှိ Puma ဆိပ်ကမ်းတွင် ယနေ့ နံနက် ၇ နာရီတွင် ဆိုက်ကပ်ပြီး ဇွန် ၂၈ ညနေ ၆ နာရီခွဲတွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ 

သီလဝါရှိ Puma ဆိပ်ကမ်းနှင့် ကပ်လျက်တည်ရှိသည့် မြတ်မေတ္တာမွန်ဆိပ်ကမ်း (MMTM) တွင်လည်း ဒီဇယ်ဆီနှင့် စက်သုံးဆီများ တင်ဆောင်လာသည့် Yu Dong ဆီတင်သင်္ဘောမှာ ဇွန် ၂၅ ရက် မွန်းလွဲပိုင်းတွင် ဆိုက်ကပ်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ဆုတ်ခွာခဲ့သည်ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (MPA) ၏ သင်္ဘောအဝင်အထွက် အချိန်စာရင်းတွင် ဖော်ပြထားသည်။

စစ်ဏာသိမ်းပြီးနောက် တရုတ်နိုင်ငံပိုင် Petro China ကုမ္ပဏီ၏ စင်္ကာပူဌာနခွဲက Yu Dong အမည်ရှိ ဆီတင်သင်္ဘောဖြင့် လေယာဉ်ဆီတန်ချိန် ၁၃,၃၀၀ ကျော်နှင့် ဓာတ်ဆီ ၄,၀၀၀ တို့ကို ရန်ကုန်ရှိ သီလဝါဆိပ်ကမ်းမှတစ်ဆင့် ရောင်းချခဲ့ကြောင်း Reuters သတင်းဌာနက မေလအတွင်း ဖော်ပြခဲ့သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အချက်အလက်များအရ  Jet A1 လေယာဉ်ဆီများ တင်ဆောင်လာသည့် Yu Dong သင်္ဘောမှာ ဧပြီ ၁၅ ရက်ကလည်း Puma ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့သည်။

ပြည်တွင်း၌ လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကို နိုင်ငံပိုင် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်နေသည့် စင်ကာပူအခြေစိုက် Puma စွမ်းအင်ကုမ္ပဏီက နိုင်ငံတွင်းအခြေအနေများကြောင့် ဖေဖော်ဝါရီလကတည်းက ရပ်ဆိုင်းခဲ့သည်။

သီလဝါရှိ Puma ဆိပ်ကမ်းတွင် လေယာဉ်ဆီများ တင်ဆောင်လာသော ဆီတင်င်္ဘောများ ဆိုက်ကပ်ခြင်းနှင့် ပတ်သက်၍ Puma ကုမ္ပဏီကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပါ။ 

ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းသည့်အပြင် တိုင်းရင်းသားဒေသများတွင် ဂျက်တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေသည့် အာဏာသိမ်းစစ်ကောင်စီကို လေယာဉ်ဆီရောင်းချခြင်း မပြုရန် ပြည်တွင်းနှင့် နိုင်ငံတကာ တက်ကြွလှုပ်ရှားသူများက အပြင်းအထန်ဖိအားပေးနေသည့်အတွက် စစ်ကောင်စီနှင့် နီးစပ်သည့် ကုမ္ပဏီများက လေယာဉ်ဆီ တိတ်တဆိတ် တင်သွင်းပေးလျက်ရှိသည်။

မြတ်မေတ္တာမွန်ဆိပ်ကမ်း (MMTM) မှာ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်း (MPTA) အသင်းဥက္ကဋ္ဌ မြတ်မေတ္တာမွန်ကုမ္ပဏီအုပ်စုပိုင်ရှင် ဒေါက်တာဝင်းမြင့် လုပ်ကိုင်နေသည့် ဆိပ်ကမ်းဖြစ်ကာ MMTM ဆိပ်ကမ်းကို ဦးသိန်းစိန်အစိုးရလက်လက် ၂၀၁၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ စတင် ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။ 

ဒေါက်တာဝင်းမြင့်၏ မြတ်မေတ္တာမွန်ကုမ္ပဏီက စစ်ကောင်စီအတွက် လေယာဉ်ဆီပမာဏ အများအပြားတင်သွင်းဖြန့်ဖြူးပေးလျက်ရှိသည်ဆိုသော ပြောဆိုချက်များနှင့် ပတ်သက်၍ ကုမ္ပဏီအနေဖြင့် လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးခြင်း လုံးဝမရှိကြောင်း၊ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေရန် ရေးသားခြင်းများကို ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မေ ၁၇ ရက်တွင် သတိပေးစာထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီအတွက် မည်သည့်ကုမ္ပဏီများက လေယာဉ်ဆီတင်သွင်းပေးလျက်ရှိသည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်အပြင် SANTYA ဆီတင်သင်္ဘောကို ပိုင်ဆိုင်သည့် ENEOS Ocean ကုမ္ပဏီကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင်လည်း ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတရာ မရရှိခဲ့ပေ။ 

လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်လျက်ရှိသည့် အာဏာသိမ်းစစ်ကောင်စီအတွက် လေယာဉ်ဆီသယ်ဆောင်ပေးသည့် ကုမ္ပဏီများကို နိုင်ငံတကာက ဖိအားပေးရန်လိုအပ်ကြောင်း Justice For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။ 

“လေယာဉ်ဗုံးကြဲမှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုတွေကျူးလွန်နေတဲ့ တရားမဝင်အာဏာသိမ်းစစ်တပ်က နိုင်ငံတော်အာဏာယူထားချိန်မှာ Eneos က မြန်မာနိုင်ငံကို ဒီလို လေယာဉ်ဆီ သယ်ဆောင်လာခြင်းဟာ မဆင်မခြင်လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ ဒီပို့ဆောင်မှုကို ချက်ချင်းရပ်တန့်ဖို့ Eneos ကို တောင်းဆိုပါတယ်” ဟု ၎င်းက ပြောသည်။ myanmar now

ထားဝယ်မြို့ သပိတ်စစ်ကြောင်းများ စစ်အာဏာရှင်ဖြုတ်ချရေး ပူးပေါင်းချီတက်သပိတ်မှောက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ထားဝယ်ပင်မသပိတ်စစ်ကြောင်းနှင့် ကျောင်းသားလူငယ်သပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး ဇွန်လ ၂၇ ရက် မွန်းလွဲပိုင်းတွင် စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ချီတက်သပိတ်မှောက်ကြသည်။khit thit

အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် စာရေးဆရာမ မတူးတူးသာ ယနေ့တိုင် မိသားစုနှင့် တွေ့ဆုံခွင့် မရသေး

အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော စာရေးဆရာမ မတူးတူးသာမှာ ရုံးထုတ်စစ်ဆေးမှု ငါးကြိမ်မြောက်ရှိပြီဖြစ်သော်လည်း မိသားစုနှင့် တွေ့ဆုံခွင့်မရသေးကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးအပြောအရသိရသည်။

“ လူတွေ့ခွင့်က ဖမ်းဆီးခံရတဲ့ နေ့ကနေစပြီး တစ်ခါမှ တွေ့ခွင့်မရဘူး။ ရုံးချိန်းနေ့တိုင်း ရှေ့နေကို ဖုန်းဆက်ပြီးမေးရတယ်။ သူတို့ လိုမယ့်ဟာလေးတွေကို ရှေ့နေနဲ့ တွေ့ပြီး သွားပေးလိုက်တယ်။ရုံးချိန်းရှိတဲ့ နေ့ ညဘက်တွေဆိုရင်တော့ ရှေ့နေဆီကို ဘာထူးလဲဆိုတာ လှမ်းမေးရတယ်” ဟု မိသားစုဝင် တစ်ဦးက ဆိုသည်။

မတူးတူးသာ အပြင် ဖမ်းဆီးခံရချိန်တွင် ပါဝင်သည့် မောင်ဖြစ်သူ ကိုရဲနှောင်း၊ သားဖြစ်သူ မောင်ဉာဏ်လူသစ်နှင့် သားဖြစ်သူ၏ သူငယ်ချင်း မောင်သီဟစိုးတို့ မှာလည်း ယနေ့အချိန်အထိ မိသားစုနှင့် တွေ့ဆုံ ဆက်သွယ်ခွင့် မရရှိသေးပေ။မတူးတူးသာအား စွဲဆိုထားသည့် ပုဒ်မ ၅၀၅(က)အမှုအတွက် ငါးကြိမ်မြောက်ရုံးချိန်းကို ဇွန် ၂၃ ရက်၌ တရားလို စစ်ဆေးရန် ချိန်းဆိုထားသော်လည်း မစစ်ဆေးဖြစ်ဘဲ ဇူလိုင် ၇ ရက်သို့ ပြန်လည် ချိန်းဆိုထားသည်။

သန်လျှင်မြို့နယ်အတွင်း နေထိုင်သည့် မတူးတူးသာကို ဧပြီ ၂၄ ရက် ညပိုင်းက သံသယဖြစ်စေသည်ဟုဆိုကာ ဧည့်စာရင်းဝင်စစ်ဆေးရာမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သူမနှင့်အတူ မောင်ဖြစ်သူ ကိုရဲနှောင်း သားဖြစ်သူ မောင်ဉာဏ်လူသစ်နှင့် သူငယ်ချင်းဖြစ်သူ မောင်သီဟစိုးတို့ပါ ဖမ်းဆီးခေါ်ဆောင်သွားကြသည်။သူမသည် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားတို့၏သားသမီးများနှင့် ပတ်သက်သည့်ပညာရေးနှင့် ၎င်းတို့ကို ပညာသင်ကြားပေးနေသော ဆရာများ၏အကြောင်းကို ပုံဖော်ရေးသားထားသော “အဖေ့ကျောင်း” အမည်ရှိ လုံးချင်း ဝတ္ထုစာအုပ်ကို ရေးသားထုတ်ဝေခဲ့သူ ဖြစ်သည်။mizzima

« Older Entries