Monthly Archives: Jun 2021

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေခံကန့်ကွက်မှုကို တရားရုံးပယ်ချ

နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅(ခ)ဖြင့် စွဲဆိုခံထားရသည့်အမှုတွင် အာဏာသိမ်းစစ်ကောင်စီက တင်သွင်းသော အဓိကသက်သေခံစာရွက်စာတမ်းနှစ်စောင်ကို ဒေါ်အောင်ဆန်းစုကြည်တို့က ကန့်ကွက်သော်လည်း တရားရုံးက လက်ခံလိုက်သည်။

နေပြည်တော်ကောင်စီဝင်းအတွင်း ဖွင့်လှစ်ထားသည့် ဇဗ္ဗူသီရိမြို့နယ်တရားသူကြီး ဦးမောင်မောင်လွင် ဦးဆောင်သော အထူးတရားရုံးက ပြီးခဲ့သည့်တစ်ပတ်ရုံးချိန်းတွင် ကန့်ကွက်ထားမှုအပေါ် ယနေ့(ဇွန် ၂၉) ကြားဖြတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုတွင် ဖေဖော်ဝါရီ ၁ အာဏာသိမ်းလျှင်သိမ်းချင်း ၎င်းတို့ဖမ်းဆီးထားသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စစ်ကောင်စီက တစ်ပေါင်းတည်း တရားစွဲဆိုထားခြင်းဖြစ်ပြီး စွပ်စွဲခံရသူတို့ကလည်း ရှေ့နေတစ်ဖွဲ့တည်းကိုသာ လိုက်ပါဆောင်ရွက်ခွင့်ပြုထားသည်။

ပါတီခေါင်းဆောင်များဖြစ်သည့် အထက်ပါ နိုင်ငံတော်အကြီးအကဲသုံးဦးစလုံး ဖမ်းဆီးခံရပြီးချိန်နောက်ပိုင်း ဖေဖော်ဝါရီ ၇၊ ၁၃ တို့တွင် NLD က ထုတ်ပြန်သည့် စာနှစ်စောင်ကို စစ်ကောင်စီက အဓိကသက်သေခံအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေက ပြောသည်။

“စာရွက်စာတမ်းတွေအောက်မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဆိုပြီး တော့ပဲ ပါပြီးတော့မှ မည်သူတစ်ဦးတစ်ယောက်ရဲ့ လက်မှတ်ရေးထိုးထားတာမရှိတဲ့အတွက် ကန့်ကွက်ထားတာ” ဟု ဒေါ်အောင်ဆန်းစုကြည်တို့၏ ရှေ့နေအဖွဲ့ဝင် ဒေါ်မင်းမင်းစိုးက ပြောသည်။

စစ်ကောင်စီတင်သွင်းသည့် သက်သေခံတစ်ခုမှာ “National League for Democracy” Facebook Page တွင် ဖေဖော်ဝါရီ ၁၃ ရက်စွဲဖြင့် တင်ထားသည့် ကြေညာချက်ဖြစ်ကြောင်း ရှေ့နေအဖွဲ့ထံမှ သိရသည်။

နောက်ထပ်သက်သေခံတစ်ခုမှာ စစ်အာဏာသိမ်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုမပြုရန်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည်သာ တရားဝင်အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်ကြောင်း နိုင်ငံတကာနှင့် ကုလသမဂ္ဂအဖွဲ့စည်းများထံ ဖေဖော်ဝါရီ ၁၃ ရက်စွဲဖြင့် ပေးပို့သည့်စာကို  “Chair NLD” Facebook Page က ဖော်ပြထား၍ဖြစ်သည်။

ထိုသို့ လူပုဂ္ဂိုလ်များဖမ်းဆီးခံရပြီးမှ ပါတီကထုတ်ပြန်သည့် စာနှစ်စောင်ကို သက်သေလုပ်ကာ တရားစွဲဆိုခြင်းသည် ဥပဒေကို မျက်ကွယ်ပြုခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီး ဦးသိန်းဦးကမှတ်ချက်ပြုသည်။

“ပြစ်မှုမကျူးလွန်သူကို ဖမ်းခြင်းအားဖြင့် သူတို့(စစ်ကောင်စီ)သည် ပြစ်မှုကျူးလွန်နေတာဖြစ်တယ်။ အပြစ်မရှိတဲ့သူကို အပြစ်မရှိမှန်း သိသိကြီးနဲ့ အရေးယူတဲ့အတွက်ကြောင့်မို့လို့”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်တို့၏ ရှေ့နေများကလည်း သက်သေခံစာရွက်စာတမ်းနှစ်ခု ကန့်ကွက်မှုအပေါ် မြို့နယ်တရားသူကြီး ဦးဆောင်သည့် အထူးတရားရုံးက ပယ်ချသဖြင့် ဒက္ခိဏခရိုင်အဆင့်သို့ အယူခံတင်သွင်းမည်ဟု ပြောသည်။

“ဒါကိုမကျေနပ်ဘူးလို့ပြောပြီး အယူခံတက်မယ်။ (အယူခံ)အမှုအတွက် (ရုံးချိန်း) ပြန်ချိန်းလိုက်တာပေါ့” ဟု ရှေ့နေအဖွဲ့ဝင်နောက်တစ်ဦးဖြစ်သည့် ဦးကြည်ဝင်းက ပြောသည်။

အယူခံကို ဇူလိုင် ၆ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ ကြားနာရန်ရှိပြီး အဆိုပါကိစ္စမျိုးတွင် စွပ်စွဲခံရသူများကိုပါ ခေါ်ယူကြားနာလေ့မရှိဟု ဒေါ်မင်းမင်းစိုးထံမှ သိရသည်။

ယနေ့ကြားနာမှုများမစမီ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့နှင့် ရှေ့နေအဖွဲ့ မိနစ် ၃၀ ခန့် တွေ့ခွင့်ရခဲ့ပြီး ကျန်းမာစွာရှိကြကာ တရားခွင်ကြာမြင့်ချိန် ၃နာရီခန့်ရှိကြောင်း ရှေ့နေများထံမှ သိရသည်။myanmar now

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၄ နာရီအတွင်း စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံရသူ ၃ ဦးနှင့် အုပ်ချုပ်ရေးမှူး ၁ ဦး စုစုပေါင်း ၄ ဦး သတ်ဖြတ်ခံရပြီး သေဆုံး

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရသူ ၃ ဦးနှင့် အုပ်ချုပ်ရေးမှူး ၁ ဦး အသတ်ခံရကြောင်း ဒေသခံများထံမှစုံစမ်းသိရှိရသည်။

ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်း ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်နှင့် စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရသူ ဦးကျားကြီး အသတ်ခံရပြီး သေဆုံးသွားခဲ့သည်။

ယင်း​နောက် ဇွန်လ ၂၉ ရက်နေ့ မန္တလေးတိုင်း တောင်သာမြို့နယ်၊ ဇီးပင်ကျေးရွာမှ စစ်ကောင်စီသတင်းပေးဟုလည်းကောင်း အများ က သတ်မှတ်ခံထားရပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးစာရေး ဦးလူမော် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။

ယင်းနောက် ဇွန်လ ၂၈ ရက်နေ့ ည ၁၁ နာရီတွင် ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာတွင် ပျူစောထီးဟု ကြွေးကြော်ထားသူ ဦးရန်နိုင်သည် အမည်မသိ လက်နက်ကိုင် ၅ ဦး ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ် ပုလောကုန်းကျေးရွာအုပ်စု မြို့ဟောင်းရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်သည် ဇွန်လ ၂၈ ရက် ညနေပိုင်းတွင် ဓားခုတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သေဆုံးသူမှာ ဦးမြင့်နိုင်ဆိုသူဖြစ်ပြီး ဦးခေါင်းတွင် ဓားခုတ်ဒဏ်ရာဖြင့် လမ်းဘေးတစ်နေရာတွင် လဲနေသဖြင့် ပုလောဆေးရုံသို့ တင်ပို့ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း ‌ပု‌လောလူမှုကူညီရေး ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဦးမြင့်နိုင်မှာ တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ အုပ်ချုပ်ရေးမှူး ဖြစ်လာခြင်း ဖြစ်သည်။

“ရှင်းရှင်းပြောရမယ်ဆိုရင် နိုင်ငံရေးကိစ္စနဲ့တော့မဆိုင်ဘူး။ (တပ်ကောင်စီခန့်) အုပ်ချုပ်ရေးမှူးမို့လို့ တမင်သတ်လိုက်တာမျိုးတော့မဟုတ်ဘူး။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

သေဆုံးသူသည် ၂၀၁၈ ခုနှစ်က တနင်္သာရီတိုင်း ဘော်လီဘော နည်းပြတစ်ဦးအား ဓားဖြင့်ခုတ်မှုကြောင့် ထောင်ကျခဲ့ဖူးပြီး ထောင်ကလွတ်လာသည်မှာမကြာသေးကြောင်း ၎င်းကပြောသည်။ ယင်းအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ပုလောကုန်းရွာတွင် ဖမ်းဆီးစစ်ဆေးခံရနေရသူများလည်း ရှိနေကြောင်း ဒေသခံအချို့က ပြောဆိုသည်။khit thit

ကလေးမြို့ PDF စခန်းကို စစ်တပ်က ဝင်ရောက်စီးနင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့အပြင်ဘက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ( Kalay) စခန်းချရာနေရာကို ယမန်နေ့ (ဇွန် ၂၈) တွင် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာ လက်နက်အင်အား မမျှ၍ ဆုတ်ခွာခဲ့ရသည်ဟု ယင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

နံနက် ၅ နာရီခန့်တွင် စစ်တပ်က လူအင်အား၊ လက်နက်အင်အားအလုံးအရင်းဖြင့် ရောက်လာသည်ဟု သူက ပြောသည်။

“တိုက်ပွဲတော့ မဖြစ်ဘူး။ လက်နက်မမျှတော့ ကျွန်တော်တို့မှာ ခါးချိုး (လုပ်သေနတ်)ပဲ ရှိတော့ ပြန်ဆုတ်လာတာ။ ကျွန်တော်တို့ပြေးတဲ့ဘက်ကို လက်နက်ကြီးတွေနဲ့ ထုတယ်။ သေနတ်တွေနဲ့ ရမ်းပစ်တယ်” ဟု သူက ဆက်ပြောသည်။

“ဆက်ပြီးတော်လှန်နေဦးမှာပါ။ လက်မလျှော့ပါဘူး”

ယင်းစီးနင်းမှုတွင် PDF (Kalay) အဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု မရှိသော်လည်း စခန်းအနီး အရပ်သားပြည်သူတစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဇွန် ၂၆ နေ့လယ်တွင် ဂန့်ဂေါမြို့နယ်မှ ကလေးမြို့သို့ ဆင်းလာသည့် ကားစီးရေ ၂၀ ကျော်ပါသည့် စစ်ယာဉ်တန်းကို နတ်ချောင်းရွာအကျော် ပန်းမွန်ချောင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အထိနာကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်ထားသည်။ 

ထို့အတူ ဇွန် ၂၇ နေ့လယ်၌ အဆိုပါလမ်းကြောင်းအတိုင်း ထပ်ဆင်းလာသည့် စစ်ကား ၄ စီးကို သံဖိုရွာအနီး ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၉ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု PDF ဘက်မှ ဆိုသည်။

စစ်ကောင်စီကမူ ထိုအချက်ကို ငြင်းထားသည်။

ထိုစစ်ယာဉ်တန်းအား လက်နက်ကိုင်များက တူမီးသေနတ်များ၊ လက်နက်ငယ်များဖြင့် ၁၀ မိနစ်ခန့် နှောက်ယှက်ပစ်ခတ်ပြီး အနောက်ဘက်သို့ ထွက်ပြေးသွားကြောင်း၊ စစ်ကား ၃ စီး ချုံခိုတိုက်ခိုက်ခံရပြီး စစ်သား ၉ ဦး သေဆုံးသည် ဟူသော သတင်းမှာ မှားနေကြောင်း စစ်ကောင်စီအာဘော်သတင်းစာတွင် ဖော်ပြထားသည်။ 

သို့သော် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ကြောင်း စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်နေသည်။ 

မကြာသေးမီက ကလေးမြို့တွင် စစ်ကားအစီးရေ ဆယ်ချီပြီး အင်အားဖြည့်တင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် ပစ်မှတ်ထားနှိပ်ကွပ်ခံနေသည့် ကလေးမြို့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အပြင်းအထန်ခံနေရသည့်မြို့လည်း ဖြစ်သည်။

ဤအခြေအနေတွင်ပင် ဒေသခံအများအပြားက နေ့စဉ် လမ်းပေါ်ထွက်ပြီး အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်နေကြသည်။

စစ်ကောင်စီ၏ ဖိနှိပ်မှုကို ပြန်ခုခံတိုက်ခဲ့သည့် မြို့နယ်များအနက် ကလေးမြို့သည် အစောဆုံးဖြစ်ပြီး စစ်ကိုင်း၊ ချင်းပြည်နယ်၊ မကွေး၊ ကယား (ကရင်နီ) ဒေသများသည် စစ်အာဏာရှင်ကို အပြင်းအထန်တော်လှန်နေသည်။

ကချင်ပြည်နယ်နှင့် ဆက်စပ်နေသော စစ်ကိုင်းတိုင်းမြို့နယ်တချို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF များ ပူးတွဲတိုက်ခိုက်နေသည်ဟု ဒေသခံများက ဆိုသည်။ myanmar now

မင်္ဂလာဆောင်မှအပြန် ‌တောင်သာထွေအုပ်စာရေး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး စာရေးတစ်ဦး ယနေ့ (ဇွန် ၂၉) နံနက်က မင်္ဂလာဆောင်တစ်ခုမှ အပြန်တွင် ပစ်သတ်ခံရသည်။

အသက် ၄၀ ကျော်အရွယ် ဦးလူမော်သည် ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ဇီးပင်ကန်ရွာတွင် ပြုလုပ်သော မင်္ဂလာဆောင်တစ်ခုမှ အပြန်လမ်း၌ သေနတ်ဖြင့် သုံးချက်ဆင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။ 

ဦးလူမော်သည် တောင်သာမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သူများသတင်းကို စစ်တပ်ထံ ပေးနေသည့် နာမည်ကြီးဒလန်တစ်ဦးဖြစ်သည်ဟု မြို့ပေါ်နှင့် ရုံးတောကျေးရွာအုပ်စုဒေသခံများက ပြောသည်။

တပ်ထောက်ခံသည့် ပျူစောထီးအဖွဲ့တွင် ပါဝင်နေသည့် ဦးလူမော်ကို ၎င်းတို့လုပ်ကြံခြင်းဖြစ်သည်ဟု တောင်သာမြို့လူငယ်ပြောက်ကျားအဖွဲ့က ပြောသည်။ 

“သူ့ကြောင့် ထွက်ပြေးနေရတဲ့သူက လူ ၃၀ ထက်မနည်းတော့ဘူး။ နောက်ထပ် အပြစ်မဲ့ပြည်သူတွေ ထပ်ပြီး ထိခိုက်မှုမရှိအောင် ရှင်းလိုက်တာပါ။ သူက ပျူစောထီးအဖွဲ့ထဲမှာလည်း ခေါင်းကြီးပိုင်းမှာ ဆောင်ရွက်နေတယ်။ ထွေအုပ်စာရေးလည်းဖြစ်တယ်။ သတင်းရလို့ သွားရှင်းလိုက်တာ” ဟု ထိုအဖွဲ့တွင် ပါဝင်သူတစ်ဦးက Myanmar Now ကို ပြောသည်။

ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအရာရှိတို့ကို မေးမြန်းလိုသော်လည်း ဆက်သွယ်၍ မရသေးပေ။

စစ်အာဏာရှင် ဦးသန်း‌ရွှေလက်ထက် စက်မှုဝန်ကြီးဖြစ်ခဲ့သူ ဦးအောင်သောင်း၏ ဇာတိ တောင်သာမြို့နယ်တွင် စစ်သတင်းပေး(ဒလန်) ဟု နာမည်ထွက်သူ ၄ ဦး ပစ်ခတ်လုပ်ကြံခံရသည်။

ယင်းအနက် တောင်သာမြို့၊ အရှေ့စျေးရှိ ယွန်းယွန်းလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် အသက် ၃၈ နှစ်အရွယ် မနှင်းနှင်းဝေမှာ အသက်မသေခဲ့ဘဲ ဒဏ်ရာအများအပြားရရှိသွားသည်။ ရရှိသောဒဏ်ရာများကြောင့် ၎င်းခန္ဓာကိုယ်အောက်ပိုင်း သေသွားခဲ့ကြောင်း တောင်သာလူငယ်ပြောက်ကျားအဖွဲ့နှင့်‌ ဒေသခံများက ပြောသော်လည်း Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

မနှင်းနှင်းဝေ ပစ်ခတ်ခံရမှုကြောင့် တောင်သာမြို့အနောက်ဘက် ရွာငါးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းကာ လူအများအပြားကို ဖမ်းဆီးခဲ့ပြီး တစ်ဦးမှာ စစ်ကြောရေးတွင် ၂၄နာရီမပြည့်မီပင် သေဆုံးခဲ့သည်။

ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီး ငြိမ်းချမ်းစွာဆန္ဒပြသူများကို ကျည်အစစ်ဖြင့် သတ်ဖြတ်ခြင်း၊ ဖမ်းဆီး၍ ညှဉ်းပန်းသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် မတ်လကုန်ပိုင်းမှစ၍ မြန်မာပြည်အထက်ပိုင်း စစ်ကိုင်း၊ ချင်း၊ မကွေးနှင့် ကယား (ကရင်နီ) ဒေသများတွင် အမဲလိုက်သည့် လက်လုပ်တူမီးသေနတ်ဖြင့် ဒေသခံတို့က ပြန်လည်ခုခံတိုက်ခိုက်ကြပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့များ (PDF) ပေါ်ပေါက်လာခဲ့သည်။

စစ်တပ်နှင့် ပတ်သက်နေသူများ၊ ဒလန်များ၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများအပါအဝင် စစ်ကောင်စီနှင့် ပေါင်းကာ ငွေညှစ်သော ယာဉ်ထိန်းရဲပင် သတ်ဖြတ်ခံနေရပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက ရှင်းလင်းနေသည်။

စစ်တပ်ဘက်ကမူ အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်နေသည်ဟု ထုတ်ပြန်နေသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ၏ ထုတ်ပြန်ချက်အရ ဇွန် ၂၈ အထိ အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၈၈၃ ဦး ရှိပြီး ဖမ်းဆီးခံခဲ့ရသူ ၆၃၉၉ ဦး ရှိသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် ဒလန်ဟု နာမည်ကြီးသူ ၂ ဦး၊ ရေစကြိုတွင် တစ်ဦး ပစ်သတ်ခံထားရသောကြောင့် စစ်တပ်က အများပြည်သူနေထိုင်ရာ နေရာတွင် ဝင်ရောက်ပစ်ခတ်မှုများ ရှိခဲ့သည်။ 

ဇီးပင်ကန်ကျေးရွာတွင်လည်း ဒလန်ဟု နာမည်ကြီးသူ အသတ်ခံရသောကြောင့် ရွာအတွင်း စစ်ကောင်စီတပ် ရောက်လာ၍ ဖမ်းဆီးအကြမ်းဖက်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။  myanmar now

နမ့်ဖတ်ကာမှာ အသက် ၁၃ နှစ်အရွယ် သီလရှင်ကို လက်ကိုင်တာနဲ့ ပါးနမ်းရုံသာ လုပ်ခဲ့တယ်လို့ အဓမ္မပြုကျင့်သူ စစ်ကောင်စီတပ်သားက ထွက်ဆို

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ အသက် (၁၃)နှစ်အရွယ် သီလရှင်တစ်ပါးကို အဓမ္မပြုကျင့်ခဲ့တဲ့ စစ်ကောင်စီတပ်သားက ၎င်းအနေနဲ့ လက်ကိုင်တာနဲ့ ပါးနမ်းရုံလောက်သာ လုပ်ဆောင်ခဲ့ကြောင်း ထွက်ဆိုထားပါတယ်။ထွက်ဆိုချက်ကိုတော့ ဇွန်လ ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ တွေ့ရှိတာ ဖြစ်တယ်လို့ သီလရှင်ရဲ့ မိသားစုဝင်က ပြောပါတယ်။

“လက်ကိုင်၊ ပါးနမ်းတာ လုပ်တယ်လို့ပဲ ရေးထားတာ တွေ့တယ်။ ပြီးတော့ သူ့ဖုန်းကို ကလေးက ငှားဆက်တာလည်း ရေးထားတယ်။ ကလေးကို မေးကြည့်တော့ မဟုတ်ဘူးတဲ့။

ကျမတို့လည်း ဖုန်းငှားတဲ့ကိစ္စကို တစ်ခါတည်း ​ဖြတ်လိုက်တယ်”အစည်းအဝေးကိုတော့ ကလေးရဲ့ မိသားစုဝင်၊ ကျေးရွာ ဥက္ကဌ၊ သံဃာတော်အပါအဝင် စစ်ကောင်စီဘက်က အရာရှိ ၃ ဦးတို့ တက်ရောက်ခဲ့ပါတယ်။

ဇွန်လ ၁၇ ရက်မှာ စစ်ကောင်စီဘက်က ကျူးလွန်ခံရတဲ့ သီလရှင်ရဲ့ ထွက်ဆိုချက်တွေကိုလည်း မေးခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၂၇ ရက်မှာ ပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာတော့ ကာယကံရှင်ဘက်က ထွက်ဆိုချက်၊ ကျူးလွန်သူဘက်က ထွက်ဆိုချက်တွေကို အပြန်အလှန် မေးပြီးတော့ ၂ ရက်အတွင်း လက်မှတ်တွေ ထိုးခိုင်းပြီးမှ အထက်ကို တင်ပြမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

ဒါပေမဲ့ ဒီနေ့အထိတော့ ကာယကံရှင်ဘက်ကို တစ်စုံတစ်ရာ အ​ကြောင်းကြားလာတာမရှိသလို လက်ရှိ ကိစ္စကို အမြန်ဆုံး စစ်ဆေးသွားစေချင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။​ကျူးလွန်သူ စစ်ကောင်စီ တပ်သားကိုတော့ တပ်ရဲ့ အကျဥ်းထောင်မှာ ချုပ်ထားတယ်လို့ သိရပြီး အစောပိုင်းတုန်းက ၎င်းတို့တပ်သား ကျူးလွန်ခဲ့တာ မရှိကြောင်း စစ်ကောင်စီဖက်က ငြင်းဆိုခဲ့ပါတယ်။khit thit

သီပေါမဟာမြတ်မုနိဘုရားကြီး ဇွန် ၃၀ ရက်ကစပြီး ခေတ္တပိတ်

ကိုဗစ်-၁၉ ရောဂါကူးစက်လူနာ တိုးပွားလာနေတာကြောင့် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရဲ့ သာသနာ့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးကို ဇွန် ၃၀ ရက်ကစပြီး ခေတ္တပိတ်ထားမှာဖြစ်ပါတယ်။

သီပေါမဟာမြတ်မုနိဘုရားကြီး ခေတ္တပိတ်မယ့်အပြင် ရေကန်တော် (ငါးကန်) ကိုလည်း ပိတ်ထားမှာဖြစ်ပါတယ်။

သီပေါမဟာမြတ်မုနိဘုရားကြီးဟာ သီပေါမြို့ရဲ့ တောင်ဘက်ကုန်းမြင့် သာသနဝတ္တက မြေတော်မှာ တည်ထားတာပါ။ 

သီပေါမြို့နယ်မှာ ဇွန် ၂၉ ရက် မနက်ပိုင်းထိ ကိုဗစ်ပိုးတွေ့ရှိမှု အယောက် ၄၀ ကျော်ထိ ရှိလာတယ်လို့ သိရပါတယ်။DVB

စစ်အာဏာရှင်ဖြုတ်ချရေး မြိုင်မြို့နယ်ပြည်သူများ မိုးရေထဲ ချီတက်ဆန္ဒပြ

မကွေးတိုင်း၊ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် မြောက်ပိုင်းဇုန်ရှိ ပြည်သူလူထုပူးပေါင်းကာ ဇွန်လ ၂၉ရက် ယနေ့ညနေပိုင်းတွင်လည်း မိုးရွာသွန်းနေသည့်ကြားက စစ်အာဏာရှင်အမြစ်ပြတ် ကျဆုံးရေး ကြွေးကြော်ချီတက်ခဲ့ကြသည်။khit thit

စစ်ကောင်စီ‌ လက်အောက်ခံ ဝန်ကြီးဌာနနှင့် ပူးပေါင်းသည့် ကုမ္ပဏီလုပ်ငန်းရှင်များကို အမည်ပျက်စာရင်းသွင်း၍ အရေးယူမည်ဟု NUG သတိပေး

အကြမ်းဖက်စစ်ကောင်စီ‌လက်အောက်ခံ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် သယံဇာတနှင့်သတ္တုတူးဖော်မှုဆိုင်ရာလုပ်ငန်းလုပ်ကိုင်သည့် ပြည်တွင်းကုမ္ပဏီလုပ်ငန်းရှင်များကို အမည်ပျက်စာရင်း(Blacklist)ပြုစုကာ အများပြည်သူသို့အသိပေးထုတ်ပြန်၍ အရေးယူမည်ဟု အမျိူးသားညီညွတ်ရေး(NUG)၏ သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာနမှ ယနေ့ ဇွန်လ ၂၉ ရက်တွင် သတိပေးချက်ထုတ်ပြန်လိုက်သည်။

ထို့အပြင် ပြည်တွင်းလုပ်ငန်းရှင်များကိုသာ လုပ်ကိုင်ခွင့်ပြုသည့်ကျောက်မျက်နှင့်ကျောက်စိမ်းတူးဖော်ထုတ်လုပ်သည့် လုပ်ကွက်များ၊သတ္တုအသေးစားနှင့်အလတ်စားလုပ်ကွက်များ မကြာမီသက်တမ်းကုန်ဆုံးတော့မည်ဖြစ်သောကြောင့် စစ်ကောင်စီလက်အောက်ခံ၀န်ကြီးဌာနမှ လုပ်ကွက်ခွင့်ပြုလိုင်စင်များကို အသစ်ပြန်လည်ချထားပေးမည်ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ကုမ္ပဏီနှင့်လုပ်ငန်းရှင်များအနေဖြင့် စစ်ကောင်စီမှအသစ်ချထားပေးမည့်လုပ်ကွက်ခွင့်ပြုမိန့်နှင့်လိုင်စင်များကို လျှောက်ထားခြင်းမပြုလုပ်ရန်၊ လျှောက်ထားပါက အဆိုပါလိုင်စင်များကို NUG ဘက်မှအာမခံချက်ပေးမည်မဟုတ်ကြောင်းသိရသည်။

ယင်းလိုင်စင်ကိစ္စအား ဦးစီးဆောင်ရွက်သူနှင့်ပါ၀င်ဆောင်ရွက်သူ၀န်ထမ်းများပါ NUG မှ မှတ်တမ်းတင်ထားမည်ဖြစ်၍ အရေးယူဆောင်ရွက်မည်ဖြစ်သည်။အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာနမှ သတ္တု၊ကျောက်မျက်၊ပုလဲသစ်နှင့်အခြားသယံဇာတများ စမ်းသပ်တူးဖော်ထုတ်လုပ်ရောင်းချခြင်းဖြင့် စစ်ကောင်စီအတွက် ပြည်တွင်းပြည်ပ၀င်ငွေရရှိရေးကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့နောက်သတ္တုစမ်းသပ်တိုင်းတာရေးခွင့်ပြုမိန့်များ၊ ကျောက်မျက်ရတနာဆိုင်လိုင်စင်များအားအသစ်ခွင့်ပြုခြင်းနှင့် သက်တမ်းတိုးခြင်းတို့ကိုဆောင်ရွက်နေသည်။

ထို့အပြင်စစ်ကောင်စီအနေဖြင့် မြေငှားရမ်းခ၊ကုန်သွယ်လုပ်ငန်းခွန်အပါအ၀င် သတ္တုနှင့်ကျောက်မျက်လုပ်ငန်းဆိုင်ရာအခွန်အခများ အတင်းအကြပ်တောင်းခံခြင်း၊မြန်မာ့ကျောက်မျက်ရတနာပြပွဲတို့တွင် လေလံတင်ရောင်းချခြင်း၊ One Stop Service စနစ်ဖြင့်ကျောက်စိမ်းအချောထည်များ ပြည်ပသို့တင်ပို့ရောင်းချခြင်း၊ ထုတ်လုပ်ပြီးသစ်လုံးများကို လပ်ပုံတင်လေလံတင်ရောင်းချခြင်း၊ သစ်လုံးများအားသယ်ယူပို့ဆောင်ခြင်း၊ သစ်အချောထည်ပစ္စည်းထုတ်လုပ်ရောင်းချခြင်း၊နိုင်ငံခြားတင်ပို့ခြင်းအစရှိသည့်လုပ်ငန်းများကိုလည်း ခွင့်ပြုကာ ၀င်ငွေရရှိအောင်တရားမ၀င်ဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားသည်။mizzima

တိုက်ပွဲများ ပြင်းထန်လာနိုင်သဖြင့် စစ်ဘေးရှောင်များ အမြန်ရွှေ့ရန်လိုအပ်ကြောင်း စစ်ရှောင်ကူညီသူ အချို့သတိပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ကျေးသီးမြို့နယ်၌ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)မှ အင်အားထောင်ချီဖြည့်တင်းထားသည့်အတွက် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြန်လည်ပြင်းထန်လာနိုင်ချေရှိသဖြင့် တိုက်ပွဲအနီးအနားရှိ စစ်ဘေးရှောင်များ မြို့‌ပေါ်သို့ အမြန်‌ပြောင်းရွှေ့ရန်လိုအပ်ကြောင်း စစ်ရှောင်ကူညီကယ်ဆယ်ရေးတာ၀န်ခံအချို့မှ သတိပေးထားကြောင်းသိရသည်။

“အခုကတစ်ပတ်လောက်ရှိပြီ တိုက်ပွဲငြိမ်နေတာ ၊ ဒါပေမယ့်ဟိုနေ့တွေကပဲ UWSA ကအင်အားထောင်ချီဖြည့်ထားတယ်။ဒီတစ်ရက်နှစ်ရက်အတွင်းတိုက်ပွဲပြန်စဖို့များတယ်။ဒီတစ်ခေါက်တော်တော်ပြင်းထန်‌လောက်တယ်။RCSS ဘက်ကလဲနောက်မဆုတ်ဘူးလို့ပြောတာကြားတယ်။အဲ့ဒီတော့အခုစစ်ရှောင်တွေခိုလှုံနေတဲ့ရွာတွေကတိုက်ပွဲဖြစ်တဲ့နေရာနီးနေတော့ဒီတခေါက်တိုက်ပွဲပြင်းရင်အခြေအနေဆိုးဖို့ရှိတယ်။စစ်ရှောင်တွေတက်နိုင်သလောက်မြို့ပေါ်ပြောင်းစေချင်တယ်။မြို့ထဲဘုန်းကြီးကျောင်းတွေဆီနေတာပိုအဆင်ပြေမယ်။အဲ့ဒါမှကျွန်တော်တို့ဘက်ကသွားကူညီထောက်ပံ့ဖို့အဆင်ပြေမှာ”ဟုစစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးတာ၀န်ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိအခြေအနေအရ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့်မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် ‘၀’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)မှ ပြီးခဲ့သည့်ရက်က စစ်အင်အား ၂၀၀၀ ၀န်းကျင်နှင့်စစ်ကား ၁၀၇ စီး၊လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ကျေးသီးမြို့၊ကျူမခေါင်ရွာဘက်ရှိ SSPP နယ်မြေအတွင်း အင်အားထပ်မံဖြည့်တင်းထားကြောင်း ဒေသခံအချို့၏ပြောပြချက်အရသိရသည်။

ကျေးသီးနှင့်မိုင်း‌နောင်အကြား ဇွန်လ ၁ ရက်မှစ၍ ပြီးခဲ့သည့်ရက်သတ္တပတ်ထိဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့်ထောင်နှင့်ချီရှိသည့်ဒေသခံတိုင်းရင်းသားများသည် ဘေးလွတ်ရာကျေးရွာနှင့်ဘုန်းကြီးကျောင်းများသို့ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။ ‌တစ်နယ်လုံးရှိစစ်ဘေးရှောင်တိုင်းရင်းသားပြည်သူဦးရေမှာ ၂၀၀၀ ဦး‌ရေအထက်ထိရှိလာသည်။

အဆိုပါစစ်ဘေးရှောင်များရှိသည့်ကျေးရွာအချို့မှာ တိုက်ပွဲဖြစ်သည့်နေရာနှင့်နီးကပ်နေသဖြင့် စစ်ဘေးရှောင်များအားရိက္ခာနှင့်ဆေးဝါးပိုင်းဆိုင်ရာအကူအညီများထောက်ပံ့ရန် အခက်အခဲဖြစ်နေကြောင်း စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့မှ လူငယ်တစ်ဦးကပြောသည်။ “အခု စစ်ရှောင်တွေရှိတဲ့တချို့နေရာကတိုက်ပွဲနဲ့နီးတဲ့ကျေးရွာတွေကိုလမ်းပိတ်တာရော၊တိုက်ပွဲရှိတဲ့နေရာကိုကျော်ပြီးဖြတ်မှရောက်မယ့်နေရာတွေရောကျွန်တော်တို့ဘက်ကအစားအသောက်ဆေးဝါးတွေအကူညီပေးဖို့ခက်နေတယ်။ အဲ့ဒီဘက်တွေဆို ရိက္ခာဆေးဝါးအရမ်းလိုအပ်နေတယ်လို့ကြားတယ်”ဟု၎င်းကပြောသည်။

ရှမ်းပြည်နယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တပ် တို့သည် ကျေးသီးနှင့်မိုင်းနောင်မြို့တွင်ပြီးခဲ့သည့်ရက်သတ္တပတ်အထိတောက်လျှောက်တိုက်ပွဲပြင်းထန်ခဲ့‌သည်။ SSPPအနေဖြင့်၎င်း၏မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် UWSA၊ TNLA တပ်ပေါင်းစုဖြင့်‌ RCSS ကို တိုက်ခိုက်နေသောကြောင့် RCSS အဖွဲ့အနေဖြင့် အဆိုပါအဖွဲ့သုံးဖွဲ့နှင့်ယှဥ်ပြီး အပြန်အလှန်တိုက်ခိုက်နေရခြင်းဖြစ်သည်။

ယခုတိုက်ပွဲမစခင်ကာလတွင်လည်း RCSS တပ်ဖွဲ့၏နယ်စပ်သို့ SSPP မှ ကားသုံးစီးဖြင့်သယ်ဆောင်လာသည့် တန်ဖိုးဘီလီယံချီ တရားမဝင်မူးယစ်ဆေးဝါးပစ္စည်းများအား RCSS ဘက်မှ မီးရှို့ဖျက်ဆီးခဲ့သောကြောင့် SSPP ဘက်မှ စစ်ကြေညာသည့်ပုံစံဖြင့် ကျိန်းဝါးထားခဲ့ကြောင်း‌ ကျေးသီးမြို့ဒေသခံအချို့ထံ၏အဆိုအရသိရသည်။

RCSSတွင် မူးယစ်တိုက်ဖျက်ရေး မူဝါဒအချက်တစ်ချက်ရှိသည့်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ရှမ်းတောင်တို့တွင်မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူများ၊ သုံးစွဲသူများကို လိုက်လံရှာဖွေဖမ်းဆီး၍ အပြစ်ပေးခြင်းများပြုလုပ်ခြင်းဖြစ်သည်။ ထို့ကြောင့် RCSS အား SSPP နှင့် TNLA မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း‌ကြောင့်တိုက်ပွဲများ မကြာခဏဖြစ်ပေါ်နေခြင်းဖြစ်ကြောင်းဒေသခံများမှ ယူဆသုံးသပ်လျက်ရှိသည်။mizzima

« Older Entries