ကလေးမြို့ PDF စခန်းကို စစ်တပ်က ဝင်ရောက်စီးနင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့အပြင်ဘက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ( Kalay) စခန်းချရာနေရာကို ယမန်နေ့ (ဇွန် ၂၈) တွင် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာ လက်နက်အင်အား မမျှ၍ ဆုတ်ခွာခဲ့ရသည်ဟု ယင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

နံနက် ၅ နာရီခန့်တွင် စစ်တပ်က လူအင်အား၊ လက်နက်အင်အားအလုံးအရင်းဖြင့် ရောက်လာသည်ဟု သူက ပြောသည်။

“တိုက်ပွဲတော့ မဖြစ်ဘူး။ လက်နက်မမျှတော့ ကျွန်တော်တို့မှာ ခါးချိုး (လုပ်သေနတ်)ပဲ ရှိတော့ ပြန်ဆုတ်လာတာ။ ကျွန်တော်တို့ပြေးတဲ့ဘက်ကို လက်နက်ကြီးတွေနဲ့ ထုတယ်။ သေနတ်တွေနဲ့ ရမ်းပစ်တယ်” ဟု သူက ဆက်ပြောသည်။

“ဆက်ပြီးတော်လှန်နေဦးမှာပါ။ လက်မလျှော့ပါဘူး”

ယင်းစီးနင်းမှုတွင် PDF (Kalay) အဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု မရှိသော်လည်း စခန်းအနီး အရပ်သားပြည်သူတစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဇွန် ၂၆ နေ့လယ်တွင် ဂန့်ဂေါမြို့နယ်မှ ကလေးမြို့သို့ ဆင်းလာသည့် ကားစီးရေ ၂၀ ကျော်ပါသည့် စစ်ယာဉ်တန်းကို နတ်ချောင်းရွာအကျော် ပန်းမွန်ချောင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အထိနာကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်ထားသည်။ 

ထို့အတူ ဇွန် ၂၇ နေ့လယ်၌ အဆိုပါလမ်းကြောင်းအတိုင်း ထပ်ဆင်းလာသည့် စစ်ကား ၄ စီးကို သံဖိုရွာအနီး ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၉ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု PDF ဘက်မှ ဆိုသည်။

စစ်ကောင်စီကမူ ထိုအချက်ကို ငြင်းထားသည်။

ထိုစစ်ယာဉ်တန်းအား လက်နက်ကိုင်များက တူမီးသေနတ်များ၊ လက်နက်ငယ်များဖြင့် ၁၀ မိနစ်ခန့် နှောက်ယှက်ပစ်ခတ်ပြီး အနောက်ဘက်သို့ ထွက်ပြေးသွားကြောင်း၊ စစ်ကား ၃ စီး ချုံခိုတိုက်ခိုက်ခံရပြီး စစ်သား ၉ ဦး သေဆုံးသည် ဟူသော သတင်းမှာ မှားနေကြောင်း စစ်ကောင်စီအာဘော်သတင်းစာတွင် ဖော်ပြထားသည်။ 

သို့သော် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ကြောင်း စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်နေသည်။ 

မကြာသေးမီက ကလေးမြို့တွင် စစ်ကားအစီးရေ ဆယ်ချီပြီး အင်အားဖြည့်တင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် ပစ်မှတ်ထားနှိပ်ကွပ်ခံနေသည့် ကလေးမြို့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အပြင်းအထန်ခံနေရသည့်မြို့လည်း ဖြစ်သည်။

ဤအခြေအနေတွင်ပင် ဒေသခံအများအပြားက နေ့စဉ် လမ်းပေါ်ထွက်ပြီး အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်နေကြသည်။

စစ်ကောင်စီ၏ ဖိနှိပ်မှုကို ပြန်ခုခံတိုက်ခဲ့သည့် မြို့နယ်များအနက် ကလေးမြို့သည် အစောဆုံးဖြစ်ပြီး စစ်ကိုင်း၊ ချင်းပြည်နယ်၊ မကွေး၊ ကယား (ကရင်နီ) ဒေသများသည် စစ်အာဏာရှင်ကို အပြင်းအထန်တော်လှန်နေသည်။

ကချင်ပြည်နယ်နှင့် ဆက်စပ်နေသော စစ်ကိုင်းတိုင်းမြို့နယ်တချို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF များ ပူးတွဲတိုက်ခိုက်နေသည်ဟု ဒေသခံများက ဆိုသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s