တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၄ နာရီအတွင်း စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံရသူ ၃ ဦးနှင့် အုပ်ချုပ်ရေးမှူး ၁ ဦး စုစုပေါင်း ၄ ဦး သတ်ဖြတ်ခံရပြီး သေဆုံး
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရသူ ၃ ဦးနှင့် အုပ်ချုပ်ရေးမှူး ၁ ဦး အသတ်ခံရကြောင်း ဒေသခံများထံမှစုံစမ်းသိရှိရသည်။
ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်း ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်နှင့် စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရသူ ဦးကျားကြီး အသတ်ခံရပြီး သေဆုံးသွားခဲ့သည်။
ယင်းနောက် ဇွန်လ ၂၉ ရက်နေ့ မန္တလေးတိုင်း တောင်သာမြို့နယ်၊ ဇီးပင်ကျေးရွာမှ စစ်ကောင်စီသတင်းပေးဟုလည်းကောင်း အများ က သတ်မှတ်ခံထားရပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးစာရေး ဦးလူမော် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။
ယင်းနောက် ဇွန်လ ၂၈ ရက်နေ့ ည ၁၁ နာရီတွင် ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာတွင် ပျူစောထီးဟု ကြွေးကြော်ထားသူ ဦးရန်နိုင်သည် အမည်မသိ လက်နက်ကိုင် ၅ ဦး ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
အလားတူ တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ် ပုလောကုန်းကျေးရွာအုပ်စု မြို့ဟောင်းရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်သည် ဇွန်လ ၂၈ ရက် ညနေပိုင်းတွင် ဓားခုတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။
သေဆုံးသူမှာ ဦးမြင့်နိုင်ဆိုသူဖြစ်ပြီး ဦးခေါင်းတွင် ဓားခုတ်ဒဏ်ရာဖြင့် လမ်းဘေးတစ်နေရာတွင် လဲနေသဖြင့် ပုလောဆေးရုံသို့ တင်ပို့ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း ပုလောလူမှုကူညီရေး ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဦးမြင့်နိုင်မှာ တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ အုပ်ချုပ်ရေးမှူး ဖြစ်လာခြင်း ဖြစ်သည်။
“ရှင်းရှင်းပြောရမယ်ဆိုရင် နိုင်ငံရေးကိစ္စနဲ့တော့မဆိုင်ဘူး။ (တပ်ကောင်စီခန့်) အုပ်ချုပ်ရေးမှူးမို့လို့ တမင်သတ်လိုက်တာမျိုးတော့မဟုတ်ဘူး။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
သေဆုံးသူသည် ၂၀၁၈ ခုနှစ်က တနင်္သာရီတိုင်း ဘော်လီဘော နည်းပြတစ်ဦးအား ဓားဖြင့်ခုတ်မှုကြောင့် ထောင်ကျခဲ့ဖူးပြီး ထောင်ကလွတ်လာသည်မှာမကြာသေးကြောင်း ၎င်းကပြောသည်။ ယင်းအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ပုလောကုန်းရွာတွင် ဖမ်းဆီးစစ်ဆေးခံရနေရသူများလည်း ရှိနေကြောင်း ဒေသခံအချို့က ပြောဆိုသည်။khit thit